Gout ရောဂါနဲ့ uric acid တက်တယ် ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ဒီနေ့မှာတော့ Gout ရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။

???? ကဲ ဒါဆို Gout ရောဂါဆိုတာ ဘာလဲ

Gout ရောဂါဆိုတာဟာ အရိုးအဆစ်ရောင်တဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး အဆစ်တစ်ခု (သို့) နှစ်ခုသုံးခုမှာ ပျောက်လိုက် သက်သာလိုက်နဲ့ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ခါနာရင်လည်း Gout ကြောင့် နာတဲ့အနာဟာ တော်တော်ကို ခံရခက်ပါတယ်။ ခဏခဏဖြစ်လာရင်တော့ အရိုးအဆစ်ကို ထိခိုက်စေပြီး အဆစ်ပုံပျက်တာတွေမျိုး ဖြစ်လာနိုင်ပါတယ်။

???? ဘာတွေက Gout ရောဂါကို ဖြစ်စေလဲ... Uric acid ဆိုတာ ဘာလဲ

Uric acid ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ purine ဆိုတဲ့ ပစ္စည်းတွေ ပြိုကွဲပြီး ဖြစ်လာတဲ့ product တစ်ခုပါ။ သာမန်လူတွေမှာဆိုရင် ကျောက်ကပ််က စစ်ထုတ်ပြီး ဆီးထဲမှာ ပါသွားတဲ့အတွက် လူကို ဒုက္ခမပေးပါဘူး။ Gout ရောဂါ လူနာတွေမှာဆိုရင် uric acid level က ကိုယ်ထဲ များများလာပြီး crystals လေးတွေအဖြစ်နဲ့ အရိုးအဆစ်တွေမှာ သွားပြီးစုပုံတတ်ပါတယ်။ ဒီ crystals တွေကြောင့်ပဲ ရုတ်တရက် အဆစ်နာတာမျိုး ခံစားရခြင်း ဖြစ်ပါတယ်။

???? ဘာလို့ ခန္ဓာကိုယ်မှာ uric acid တွေ စုပုံလာတာလဲ

သာမန်လူတွေမှာ uric acid ပမာဏာဟာ ခန္ဓာကိုယ်က ထုတ်တဲ့ပမာဏနဲ့ စွန့်ပစ်လိုက်တဲ့ပမာဏဟာ ညီမျှပါတယ်။ ဒါပေမယ့် uric acid ဘယ်အချိန်မှာ များလာလဲ ဆိုရင် ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်တဲ့အခါ ဖြစ်စေ၊ ခန္ဓာကိုယ်ကနေ uric acid တွေ အများကြီးထုတ်တဲ့အခါ ဖြစ်စေ၊ Purine ဓာတ်များတဲ့ အစားအစာတွေကို အများကြီး စားတဲ့အခါမှာ ဖြစ်စေ uric acid level တက်တတ်ပါတယ်။

ဥပမာအားဖြင့်….

  • အရက်လွန်လွန်ကျွံကျွံသောက်သုံးခြင်းကြောင့် uric acid တက်ခြင်း
  • တစ်ချို့သော ဆေးဝါးတွေက uric acid level ကို တက်စေခြင်း
  • ကင်ဆာဆေးသွင်းရတဲ့ လူနာအများစုနဲ့ ကျောက်ကပ်ရောဂါသည်တွေမှာ uric acid level တက်နေခြင်း

???? Gout ရောဂါဟာ ဘယ်လောက်အထိ အဖြစ်များလဲ

လူ ၅၀ မှာ တစ်ယောက်က gout ရောဂါ ဖြစ်တတ်ကြပြီး၊ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ဖြစ်လေ့ရှိပါတယ်။ Gout ရောဂါကို စတင်ခံစားရလေ့ရှိတဲ့ အသက်အရွယ်ကတော့ လူလတ်ပိုင်းအရွယ်တွေ ဖြစ်တတ်ကြပါတယ်။

ဝတဲ့သူ၊ သွေးတိုးရှိသူ၊ ဆီးချိုရောဂါအခံရှိသူ၊ အရက်ဘီယာ သောက်သုံးသူ စတဲ့သူတွေဆို Gout ရောဂါ ပိုဖြစ်စေနိုင်ပါတယ်။

???? ဘယ်လို လက္ခဏာတွေ ခံစားရလေ့ရှိလဲ

များသောအားဖြင့်တော့ gout ရောဂါဟာ အဆစ်တစ်ခုထဲပဲ ရောင်တတ်တာမျိုးဖြစ်ပြီး “ Gout ရောဂါအစ ခြေမက” ဆိုတဲ့အတိုင်း အများအားဖြင့် ခြေမမှာ အဖြစ်များကြပါတယ်။ ဖြစ်တဲ့အဆစ်ဟာ နာကျင်ရောင်ရမ်းနေတတ်ပြီး၊ နာတာဘယ်လောက်ဆိုးလဲဆိုရင် လမ်းလျှောက်ဖို့တောင် မလျှောက်နိုင်တဲ့အထိ နာတတ်ကြပါတယ်။

ဒါပေမယ့် ခြေမမှမဟုတ်ဘဲ တခြားဘယ်အဆစ်မဆို ဖြစ်နိုင်ပါသေးတယ်။ ဖြစ်တဲ့အဆစ်ဟာ နီပြီး ရောင်ကိုင်းနေတာ တွေ့ ရမှာဖြစ်ပြီး ညဖက်မှာ ပိုခံစားရလေ့ရှိပါတယ်။ ဆေးမကုဘဲ ထားရင်တော့ ရက်ပေါင်းများစွာကြာနိုင်ပေမယ့် ဆေးသောက်မယ်ဆိုရင် ၁၀ ရက်လောက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။

???? Gout ရောဂါဟာ ကြောက်ဖို့ကောင်းသလား

Gout ဟာ တစ်ခါ တစ်ခါ attack ရပြီဆိုရင် အရမ်းနာပါတယ်။ ဒီလို ဖြစ်လိုက်ပျောက်လိုက် မကြာခဏ ဖြစ်ရင်တော့ အရိုးအဆစ်တွေထိခိုက်ပြီး ပျက်စီးတတ်ပါတယ်။ ထို့အပြင် တချို့သောလူနာတွေမှာ uric acid crystals လေးတွေဟာ အရိုးအဆစ်အပြင် ကျောက်ကပ်မှာ သွားပုံပြီး ကျောက်ကပ်မှာ ကျောက်တည်တာမျိုး ဖြစ်တတ်ပါတယ်။ အရိုးအဆစ်မှာ ပုံတဲ့အခါမှာတော့ အပြင်ပန်းမှာ အဖုလေးလိုတွေ့ရတတ်ပြီး ဒါကို tophi လို့ခေါ်ပါတယ်။ အန္တရာယ်မရှိပေမယ့် tophi လို့ခေါ်တဲ့ အဖုလေးတွေကို ထိမိခိုက်မိတာများရင်တော့ အနာဖြစ်ပြီး ပိုးဝင်တာမျိုးလေးတွေ ရှိတတ်ပါတယ်။

???? Gout ရောဂါမှန်း ဘယ်လို သိနိုင်မလဲ

အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေအပြင် သွေးစစ်လိုက်လို့ uric acid level များနေရင် gout လို့ပြောလို့​ရပါတယ်။ သေချာချင်ရင်တော့ X ray ရိုက်တာ (သို့မဟုတ်) အဆစ်ထဲက အရည်ကိုစုပ်ပြီး uric acid crystals ကို ရှာတာမျိုးတွေ လုပ်လို့ရပါတယ်။

???? Gout ရောဂါကို ဘယ်လို ကုသကာကွယ်ရမလဲ

အကောင်းဆုံးကတော့ ဆရာဝန်ကိုပြသပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အကိုက်အခဲပျောက်ဆေးနဲ့ uric acid နည်းအောင်လုပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ life style ပြောင်းလဲခြင်း၊ အစားအသောက်ထိန်းခြင်း စတာတွေ လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

‼️Acute attack ဖြစ်နေတဲ့အချိန်မှာဆို ဆရာဝန် ညွှန်ကြားတဲ့ဆေးဝါးအပြင်…

ဖြစ်တဲ့ခြေထောက်ကို အမြင့်မှာထားခြင်းအားဖြင့် အရောင်ကျစေပါတယ်။ အနာသက်သာအောင် ရေခဲ ကပ်ပေးဖို့လည်း လိုပါတယ်။

နောက်ထပ် ထပ်ပြီး attack မရအောင်…

  • ကိုယ်အလေးချိန်ကို ထိန်းပါ
  • အရက်ဘီယာ အလွန်အကျွံသောက်ခြင်း ရှောင်ကြဉ်ပါ
  • ရေများများသောက်ပါ
  • အစားအစာကို ဂရုတစိုက်စားဖို့နဲ့
  • သွေးပေါင်ချိန် မှန်အောင်ထိန်းဖို့ စတာတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။

Reference : ????

https://patient.info/foot-care/gout-leaflet

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here