ရေတိမ် (Glaucoma)

မျက်စိရောဂါတွေထဲမှာ အတွင်းတိမ်အကြောင်းလည်း သိသင့်သလောက် သိရှိပြီးပြီဆိုတော့ ဒီနေ့မှာတော့ မသိမဖြစ်တဲ့ ရေတိမ်ရောဂါအကြောင်းလည်း ပြောပြဆွေးနွေးပေးသွားပါ့မယ်။

❓ရေတိမ်ဆိုတာ ဘာလဲ?
• ရေတိမ်ဆိုတာကတော့ တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ မျက်စိရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားမြင့်တက်တာကြောင့် သေးငယ်ပါးလွှာတဲ့ သွေးကြောအသေးလေးတွေနဲ့ အာရုံကြောမျှင်လေးတွေကို ထိခိုက်ပျက်စီးစေကာ ရေတိမ်ဆိုပြီး ဖြစ်လာရခြင်း ဖြစ်ပါတယ်။

❓ဘာလို့ မျက်လုံးတွင်းဖိအား များလာတာလဲ?
• အဓိကကတော့ aqueous humor လို့ခေါ်တဲ့ အရည်တွေ လိုတာထက် ပိုစုပုံလာလို့ပဲဖြစ်ပါတယ်။ ပုံမှန်ဆို ထိုအရည်လေးတွေက မျက်ဆံနဲ့ မျက်ကြည်လွှာထောင့်ကနေ သက်ဆိုင်ရာ တစ်သျှူးလေးတွေကို ဖြတ်သန်းပြီး မျက်လုံးအတွင်း ပုံမှန်အတိုင်း စီးဆင်းနေတာပါ။ ဒါပေမဲ့ အရည်တွေကို လိုတာထက် ပိုထုတ်တာ ဒါမှမဟုတ် စီးဆင်းတဲ့လမ်းကြောင်းပိတ်ဆို့တဲ့ ပြဿနာတွေကြောင့် အဲ့ဒီအရည်တွေက ပုံမှန်နှုန်းနဲ့ မစီးဆင်းနိုင်တော့ဘဲ ဖိအားမြင့်တက်လာတာပဲ ဖြစ်ပါတယ်။

❓ရေတိမ်အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ?
၁။ Open angle glaucoma – သူ့ကိုတော့ ထောင့်ကျယ်ရေတိမ်လို့ ခေါ်ကြပါတယ်။ မျက်ကြည်လွှာနဲ့ မျက်ဆံကြား အရည်တွေစီးဆင်းတဲ့ထောင့်က ပွင့်ဟနေပေမယ့် အထဲကစီးဆင်းတဲ့ တစ်သျှူး ပြွန်တွေ ပိတ်နေတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ရေတိမ်ကို ဆိုလိုပါတယ်။ အဖြစ်များတဲ့ ရေတိမ် အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။
၂။ Angel closure glaucoma – ထောင့်ကျဉ်းရေတိမ်လို့ ခေါ်တတ်ကြပါတယ်။ ဒါကတော့ မျက်ဆံကအရှေ့ကို ပြူထွက်လာတဲ့အတွက် မျက်ကြည်လွှာနဲ့ မျက်ဆံကြား ထောင့်လေးက ကျဉ်းမြောင်းတာ ဒါမှမဟုတ် ပိတ်သွားတဲ့အတွက် မျက်လုံးတွင်း ဖိအားမြင့်တက်လာတာပဲ ဖြစ်ပါတယ်။
(ဒီ၂မျိုးကတော့ အဖြစ်အများဆုံး ရေတိမ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။)
၃။ Normal tension glaucoma – သူကတော့ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားက ပုံမှန်ပဲဖြစ်တဲ့ ရေတိမ်ပါ။ အမြင်အာရုံကြောလေးတွေ မကောင်းတာ ဒါမှမဟုတ် အာရုံကြောကို သွေးကောင်း ကောင်းမရောက်တာတို့ကြောင့် ဖြစ်နိုင်ပါတယ်။
၄။ Glaucoma in children – ကလေးတွေမှာဖြစ်တတ်တဲ့ ရေတိမ် ဖြစ်ပါတယ်။
၅။ Pigmentary glaucoma – ရောင်ခြယ်ပစ္စည်းတွေက မျက်ဆံမှာ သွားစုပုံနေပြီး အရည်စီးဆင်းတဲ့ လမ်းကြောင်းတွေ ပိတ်သွားတာပဲ ဖြစ်ပါတယ်။

❓ရေတိမ်‌ရောဂါဟာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?
• မျက်လုံးတွင်း ဖိအား (pressure) မြင့်တက်နေတဲ့သူတွေ
• အသက် (၆၀) နှင့်အထက် လူကြီးတွေ
• အာရှလူမျိုးတွေ
• မိသားစုထဲမှာ ရေတိမ်ဖြစ်ဖူးတဲ့သူရှိသူတွေ
• ဆီးချိုရောဂါ ၊ နှလုံးနဲ့ သွေးတိုးရောဂါအခံရှိတဲ့သူတွေ
• မျက်လုံးထိခိုက် ဒဏ်ရာဖြစ်ဖူးသူတွေ ၊ ဒါမှမဟုတ် မျက်လုံး ခွဲစိတ်မှုပြုလုပ်ဖူးသူတွေ
• စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကို ရေရှည်သုံးစွဲသူတွေ
• မျက်ကြည်လွှာ အလည်ခေါင် ပါးလွှာတဲ့သူတွေ
• အဝေးမှုန်လွန်းသူ အနီးမှုန်လွန်းသူတို့တွေ စတဲ့သူတွေမှာ ရေတိမ်ဖြစ်နိုင်ခြေ များပါတယ်။

❓ရေတိမ်‌ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ?
ထောင့်ကျယ်ရေတိမ်တွေမှာဆိုရင်တော့
• မြင်ကွင်းထောင့် ဒါမှမဟုတ် မြင်ကွင်းရဲ့အမြင်တည့်တည့်မှာ အကွက်လိုက် အကွက်တွေ မြင်နေ ရတာတွေ၊
• Tunnel vision လို့ခေါ်တဲ့ မြင်ကွင်းရဲ့အလည်ကိုပဲ ပြတ်သားစွာမြင်ရပြီး မျက်လုံးထောင့် မြင်ကွင်းတွေ ပျောက်နေတာတွေ၊

ထောင့်ကျဥ်းရေတိမ်မှာ ရေလမ်းကြောင်းပိတ်တဲ့အခါမှာတော့
• ခေါင်းကိုက်တာ
• မျက်လုံးနာတာ/အောင့်တာ
• ပျို့အန်တာ
• အမြင်ဝေဝါးတာ
• အလင်းရောင်ကိုကြည့်ရင် အလင်းဖြာခြင်း အလင်းရောင်အကွင်းများ မြင်ခြင်း
• မျက်လုံးနီရဲတာ စတာတွေ ခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ကတော့ ရေတိမ်ဖြစ်မှန်းသိသိချင်း မကုသဘူးဆိုရင် အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

❓ရေတိမ်ဖြစ်နေမှန်း ဘယ်လိုသိရှိနိုင်လဲ?

• အထက်မှာဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေက ဖြစ်စေ၊ မျက်စိကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရာတို့ကနေဖြစ်စေ သိရှိနိုင်ပါတယ်။

❓ဘယ်လိုအခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပြီလဲ?
• ခဏခဏ မျက်မှန်လဲနေရတဲ့ ကိစ္စမျိုးဖြစ်ရင်
• အမြင်ဝေဝါးလာတာ၊ မြူတွေဆိုင်းနေသလို အမြင်အာရုံမကြည်ဖြစ်လာရင်
• မြင်ကွင်းထောင့်တွေ သေချာမမြင်ရတော့တာမျိုးဖြစ်ရင်
• ခဏခဏ မျက်စိနာလာရင်
• မီးလုံးကိုကြည့်ရင် အလင်းဖြာခြင်း အလင်းရောင်အကွင်းများ မြင်ခြင်း စတာတွေဖြစ်လာပြီဆိုရင်တော့ ရေတိမ်လို့ သံသယအနေနဲ့သတ်မှတ်ပြီး မတုံ့ဆိုင်းဘဲ မျက်စိအထူးကု ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

❓ရေတိမ်ကို ကုသလို့ ရနိုင်လား?
• ရေတိမ်ရောဂါကတော့ ပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ဒါပေမယ့် အခြေအနေပိုဆိုး မလာအောင်တော့ ထိန်းထားလို့ရပါတယ်။
• ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးပြီး မျက်စဥ်းခပ်ဆေး သုံးစွဲနိုင်ပါတယ်။ မျက်စဥ်းခပ်ဆေး သုံးစွဲတဲ့အခါမှာလည်း ဆရာဝန်က ညွှန်းကြားတဲ့အတိုင်း တိတိကျကျ သုံးစွဲဖို့ လိုအပ်ပါတယ်။
• ‌နောက်တစ်နည်းကတော့ လေဆာနဲ့ ခွဲစိတ်ကုသမှု ခံယူတာ၊ ရိုးရိုးခွဲစိတ်ကုသမှု ခံယူတာတို့ပဲ ဖြစ်ပါတယ်။

❓ရေတိမ်မဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရမလဲ?
• ပုံမှန်မျက်စိစစ်ဆေးမှုခံယူတာမျိုးကလည်း မိမိမှာ ရေတိမ်ဖြစ်စေနိုင်တဲ့ အန္တရာယ်တစ်ခုခု ရှိခဲ့မယ်ဆိုရင် စောစီးစွာ သိရှိနိုင်ပါတယ်။
• ရေတိမ်ဟာ မိသားစုမျိုးရိုးလိုက်တတ်တဲ့အတွက်ကြောင့် မိမိတို့မိသားစုရဲ့ မျက်စိကျန်းမာရေးကိုလည်း အထူးသတိထားဖို့ လိုအပ်ပါတယ်။
• အလုပ်လုပ်ပြီးတိုင်း၊ အာရုံစိုက်ပြီးတိုင်း မျက်လုံးကို အနားပေးဖို့ လိုအပ်ပါတယ်။
• ဆရာဝန်ညွှန်ကြားထားတဲ့ မျက်စဥ်းခပ်ဆေးတွေကို စနစ်တကျနဲ့ ပုံမှန်ခပ်ပေးဖို့လည်း အရေးကြီး လှပါတယ်။
• မျက်စိကို ထိခိုက်ဒဏ်ရာမရအောင် နေပူထဲထွက်တဲ့အခါဖြစ်စေ၊ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ပြီး အလုပ်လုပ်တဲ့အခါဖြစ်စေ အကာအကွယ်တစ်ခုခုနဲ့ ကာထားဖို့တော့ လိုအပ်ပါတယ်။

ဒီလောက်ဆို ရေတိမ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ရရှိသွားပြီလို့ ထင်ပါတယ်။ ရေတိမ်ဆိုတာ လုံးဝမပေါ့ဆသင့်တဲ့ ရောဂါဖြစ်တာကြောင့် ‌ကြိုတင်ကာကွယ်တဲ့အနေနဲ့ အားလုံးပဲ အခုကစပြီး မျက်စိကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ။

Reference ????
????Mutargh’s patient education 6th edition – pg- 172

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.