” Glandular Fever (သို့) Kissing Disease “
Glandular fever ဆိုတာကတော့ Epstein-Barr virusလို့ခေါ်တဲ့ ဗိုင်းရပ်တစ်မျိုးကြောင့်ဖြစ်ပြီး သူက တုပ်ကွေးရောဂါနဲ့ လက္ခဏာတွေ တော်တော်တူပါတယ်။ ဒီရောဂါကို “kissing disease”လို့လည်း ခေါ်ဆိုကြတာကို တွေ့ရပါတယ်။
ဒါဆို kissingကနေ ကူးနိုင်တာမို့လို့လားလို့တော့ မထင်လိုက်ပါနဲ့နော်။
ဘာကြောင့် kissing diseaseလို့ ခေါ်ကြတာလဲ
ဒီရောဂါဟာ ရောဂါရှိတဲ့သူရဲ့ တံတွေးကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ ဥပမာ – နှာချေတာ၊ ချောင်းဆိုးတာကြောင့်ဖြစ်စေ၊ အစားအသောက်တွေ ခွဲဝေစားသောက်ရာကနေဖြစ်စေ၊ kissingကြောင့်ဖြစ်စေ ကူးစက်နိုင်လို့ပဲ ဖြစ်ပါတယ်။
ကူးစက်ပြီဆိုရင် ဗိုင်းရပ်က ခန္ဓာကိုယ်ရဲ့ သွေးထဲနဲ့ ပြန်ရေကြောလို့ခေါ်တဲ့ lymphatic systemထဲကို ပျံ့နှံ့သွားပါတယ်။ အဲ့ဒီအတွက်ကြောင့် တုပ်ကွေးလက္ခဏာတွေတင်မကဘဲ အသည်းကြီးတာ၊ သရက်ရွက်ကြီးတာအပြင် အကျိတ်(lymph gland)တွေကိုပါ ရောင်ရမ်းစေပြီး ဖျားနာစေတတ်ပါတယ်တယ်။ ဒါကြောင့် glandular feverလို့ခေါ်ကြတာပဲ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
တုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူတဲ့အတွက်ကြောင့်
– ဖျားတာ
– ခေါင်းကိုက်တာ
– နှာခေါင်းပိတ်တာ
– ပျို့တာ
– ပါးစပ်နဲ့ အသက်ရှူရတာ
– လည်ချောင်းနာတာ ( အာသီးရောင်တာ)တွေအပြင်
– လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတို့လို့ lymph glandတွေရှိတဲ့နေရာတွေမှာ ဂလင်းတွေကြီးတာ၊ ရောင်နေတာတို့ကို ကာယကံရှင်ကိုယ်တိုင် သတိထားမိနိုင်ပါတယ်။
တစ်ခါတလေမှာတော့ ခန္ဓာကိုယ်မှာ အစက်အပြောက်တွေထွက်တာတို့၊ အသည်းရောင်အသားဝါ လက္ခဏာတို့နဲ့လည်း လာနိုင်ပါတယ်။
ရောဂါဖြစ်နေတာကို ဘယ်လိုသိရှိနိုင်လဲ
အဓိကသိနိုင်တဲ့ နည်းလမ်းကတော့ သွေးစစ်တာပဲ ဖြစ်ပါတယ်။ သွေးထဲမှာ monocyteလို့ခေါ်တဲ့ သွေးဖြူဥတွေ များနေတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို Epstein-Barr virusကြောင့်ဖြစ်တဲ့ Epstein-Barr Mononucleosis လို့လည်း ခေါ်ကြပါသေးတယ်။
ရောဂါလက္ခဏာတွေ ဘယ်လောက်ကြာကြာ ခံစားရနိုင်လဲ
၂ပတ်ကနေ ၃ပတ်အထိတော့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အားမရှိဘူး။ နုံးနေမယ်။ စိတ်ဓာတ်ကျနေမယ် အစရှိတာတွေ ခံစားရနိုင်ပါတယ်။ တခါတလေမှာတော့ အဲ့ဒီလို အားမရှိ နုံးနေတာတွေက လပိုင်းတွေအထိ ကြာတတ်တာလည်း ရှိပါတယ်။ အဲ့ဒါဆိုရင်တော့ နာတာရှည် glandular fever ကို သတိထားသင့်ပါတယ်။
Glandular fever က ဘယ်လောက် အဖြစ်များလဲ
တော်တော်များများကို အဖြစ်များတဲ့ရောဂါတစ်ခုပါ။ ဘာလို့လဲဆိုတော့ တုပ်ကွေးနဲ့ အမှတ်မှားပြီး တော်တော်များများက သတိမထားမိတာကြောင့်ပါ။
အဓိက အဖြစ်များတာကတော့ ကလေးတွေနဲ့ လူငယ်တွေမှာပါ။ ၁၅နှစ်နဲ့ ၂၅နှစ်ကြားမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ဘာတွေ အန္တရာယ်ဖြစ်နိုင်လဲ
ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်လာတယ်ဆိုရင်တော့ အသည်းရောင်တာအထိဖြစ်နိုင်ပြီး စိုးရီမ်ရပါတယ်။ လပေါင်းများစွာကြာတဲ့အထိ နာတာရှည်မောပန်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သွေးဥမွှားနည်းတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
Guillain-Barré syndrome သို့ Bell’s palsy အစရှိတဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။
ဘယ်လို ကုသကြမလဲ
ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေကို သတ်တဲ့ antibiotic တွေသောက်လို့ မရပါဘူး။
နာကျင်ကိုက်ခဲတာတွေအတွက် ပါရာစီတမော၊ အကိုက်အခဲပျောက်ဆေးတို့ သောက်သုံးနိုင်ပါတယ်။ (ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးတွေကို စနစ်တကျ သောက်သုံးပါ။)
အိမ်မှာ ကောင်းကောင်း အနားယူပါ။
ရေနဲ့ သဘာဝသစ်သီးဖျော်ရည်တွေ သောက်သုံးပေးပါ။
လည်ချောင်းနာတာအတွက် ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။
လက်ဆေးပါ။ ကိုယ်ရဲ့ ခန္ဓာကိုယ်က အရည်တွေ၊ တံတွေးတွေ ဖိတ်စင်နိုင်တဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေကို မှန်မှန် လျှော်ပါ။
အရက်သောက်တာတွေ၊ အဆီများတဲ့ အစားအသောက်တွေ ရှောင်ပါ။
မသက်သာသေးဘဲ အလုပ်ဖိလုပ်တာတွေ ရှောင်ပါ။
လုံးဝသက်သာသွားအပြီး (၄)ပတ်ကနေ (၆)ပတ်အထိ အားကစားလုပ်တာတွေ ရှောင်ပါ။ ( ဝမ်းဗိုက်ကို ထိခိုက်ဒဏ်ရာရရင် ရောင်ရမ်းနေတဲ့ သရက်ရွက်သရက်ရွက်က ကွဲသွားနိုင်တာကြောင့် ဖြစ်ပါတယ်။)
အစားအသောက်တွေ၊ အရည်တွေကို ခွက်တစ်ခွက်တည်း၊ ပန်းကန်တစ်ခွက်တည်း မျှဝေသုံးတာမျိုး ရှောင်ပါ။
…
…
ဒါဆို တုပ်ကွေးနဲ့ ဆင်တူတဲ့ Glandular Feverအကြောင်းကို သိသင့်သိထိုက်တာတွေ သိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မိမိမှာ အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် မပေါ့ဆကြဘဲ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်တွေးနွေးဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 132
Glandular Fever- NHS. UK
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စစဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Gladular_Fever
Ministry of Health,
National Unity Government.
Published on: 15 November 2022
Last Updated: 15 November 2022