လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ (Genital Wart/ Anal Wart)

လိင်အင်္ဂါကြွက်နို့ဟာ Human papillomavirus (HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါ တစ်ခုဖြစ်ပြီး အဖြစ်များတဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

❓လိင်အင်္ဂါကြွက်နို့ ဘာလို့ဖြစ်တာလဲ?

????Human Papillomavirus (HPV ဗိုင်းရပ်စ်) အမျိုးကွဲပေါင်း ရာနဲ့ချီ ရှိတဲ့အနက် တချို့သော HPV ဗိုင်းရပ်စ် မျိုးကွဲတွေဟာ လိင်အင်္ဂါကြွက်နို့ (Genital Wart) နဲ့ စအိုတွင်ပေါက်သောကြွက်နို့ (Anal Wart) တွေကိုဖြစ်စေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ခြေလက်တွေမှာပေါက်တဲ့ ကြွက်နို့တွေကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်တွေနဲ့ အမျိုးအစားမတူသလို၊ ကူးစက်ပုံလည်းကွဲပြားပြီး စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

❓ကူးစက်စေတဲ့နည်းလမ်းတွေကဘာတွေလဲ?

လိင်အင်္ဂါကြွက်နို့ဟာ လိင်ကတစ်ဆင့် အဓိကကူးစက်တတ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံတာ၊ ပါးစပ်နဲ့လိင်ဆက်ဆံတာ၊ လိင်အင်္ဂါချင်းထိတွေ့တာတွေအပါအဝင် လိင်ဆက်ဆံမှုအားလုံး အကျုံးဝင်ပါတယ်။

???? လိင်အင်္ဂါကြွက်နို့တိုင်းဟာ လိင်ကတစ်ဆင့်ကူးစက်တာတော့မဟုတ်ပါဘူး။ အထိအတွေ့ (Close Human Contact) ကနေလည်း ကူးတတ်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာနဲ့လည်း ဆက်စပ်ပါတယ်။

???? ကလေးငယ်တွေမှာ လိင်အင်္ဂါမှာကြွက်နို့ ပေါက်ခဲပေမယ့် ပေါက်နေခဲ့ရင် ဒါဟာ Sexual Abuse (လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း/ သက်ငယ်မုဒိမ်း) စတာတွေကိုထည့်သွင်း စဉ်းစားကြရပါမယ်။

???? မိခင်ကနေ သန္ဓေသားကို မွေးလမ်းကြောင်းကနေတစ်ဆင့်ကူးစက်တတ်ပါတယ်။

❗လိင်အင်္ဂါကြွက်နို့တွေဟာ ခန္ဓာကိုယ်ခြေလက်တွေမှာပေါက်တဲ့ ရိုးရိုးကြွက်နို့တွေထက် ပိုကူးစက်လွယ် ပါတယ်။

❓ဘယ်သူတွေမှာ လိင်အင်္ဂါကြွက်နို့ ပေါက်နိုင်ခြေပိုများသလဲ

  • လိင်ဆက်ဆံဖော်များတဲ့သူတွေ။
  • လိင်ဆက်ဆံတဲ့အခါ အကာအကွယ်မသုံးတဲ့သူတွေ။
  • အခြားသော လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေပါ ယှဉ်တွဲရှိနေရှိနေတဲ့သူတွေ။ (ဥပမာ။ HIV/AIDS)။
  • လူထူထပ်သိပ်သည်းတဲ့ နေရာတွေမှာနေတဲ့သူတွေ၊ အများသုံး အသုံးအဆောင် ပစ္စည်းတွေ မျှဝေသုံးစွဲသူတွေ။ (ဥပမာ။ အများသုံးရေချိုး/ရေကူးကန်၊ အဆောင်လိုနေရာမျိုးတွေ၊ အကျဉ်းထောင် စသည်)။
  • တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့သူတွေ နဲ့ အာဟာရဓာတ်ချို့တဲ့သူတွေ။

❓လိင်အင်္ဂါကြွက်နို့ ရဲ့ လက္ခဏာတွေက ဘာတွေလဲ?

  • လိင်အင်္ဂါကြွက်နို့တွေဟာ အရွယ်အစား/ပုံသဏ္ဌာန်/ အရေအတွက်အနည်းအများ မျိုးစုံ ဖြစ်နိုင်ပါတယ်။
  • မျက်နှာပြင်မညီညာတဲ့ အသားရောင် အသားစိုင်အလုံးအဖုလေးတွေလိုဖြစ်ပါတယ်။ မာတာလည်းရှိသလို ပျော့တွဲတွဲ အသားစိုင်တွေ အစုလိုက်အစုလိုက် ပုံစံမျိုးနဲ့လည်းဖြစ်နိုင်ပါတယ်။
  • အမျိုးသားတွေမှာဆိုရင် အမျိုးသားလိင်တံထိပ်တစ်ဝိုက်၊ လိင်တံ၊ ကပ်ပယ်အိတ်၊ ပေါင်ခြံ နဲ့ ပေါင် နေရာတွေမှာ ပေါက်တတ်ပါတယ်။
  • အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်အဝတစ်ဝိုက် (Vulva)၊ မိန်းမကိုယ်အတွင်းဖက် (Vaigna)၊ သားအိမ်ခေါင်း (Cervix) နဲ့ ပေါင်ခြံ (Grion) တွေမှာပေါက်တတ်ပါတယ်။
  • ရောဂါပိုးရှိသူနဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံမိရင် ပါးစပ်မှာဖြစ်နိုင်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံမိရင် စအိုတစ်ဝိုက်နေရာတွေမှာ ကူးစက်ဖြစ်ပွားတတ်ပါတယ်။
  • ယားယံတာ၊ သွေးထွက်လွယ်တာ၊ အနေရခက်စေတာ နဲ့ လိင်ဆက်ဆံတဲ့အခါ အမြင်မလှတာတွေ ဖြစ်စေပါတယ်။
  • ကြွက်နို့ကို ဆွတာ၊ ဆိတ်တာ၊ အဆက်မပြတ်ကုတ်ဖဲ့တာ လုပ်ရင်တော့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းကာ အခြေအနေဆိုးစေနိုင်ပါတယ်။

❓လိင်အင်္ဂါကြွက်နို့ကို ဘယ်လိုကုမလဲ?

  • ဆရာဝန်က ကြွက်နို့ကို အသားစ (Biopsy) ယူပြီး အဏုကြည့်မှန်ပြောင်းသုံးကာ ကြွက်နို့ ဟုတ်/မဟုတ် အတည်ပြုပေးပါလိမ့်မယ်။
  • လိင်အင်္ဂါကြွက်နို့ဟာ ကုသမှုမခံရင်တောင် အများအားဖြင့် တဖြည်းဖြည်း ပျောက်ကင်းတတ်ပေမယ့် အင်မတန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနိုင်တဲ့အပြင် ကူးစက်တတ်တဲ့ အခြေအနေတစ်ခုဖြစ်လို့ ကုသမှုခံယူနိုင်ပါတယ်။
  • ဒါဟာ ရှက်စရာအခြေအနေတစ်ခုမဟုတ်တဲ့အတွက် ရှက်ကြောက်တာ၊ ပြသရမှာ စိတ်မသက်မသာ ဖြစ်တာမျိုးမဖြစ်ဘဲ ဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်ပါ။ စနစ်တကျကုသမှုခံယူပါ။
  • ကြွက်နို့အရွယ်အစား နဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ ကုသမှုပေးပါလိမ့်မယ်။
  • လိမ်းဆေး၊ ထိုးဆေး၊ သောက်ဆေး တွေရှိပါတယ်။
  • လိုအပ်ရင် ဆရာဝန်က ကြွက်နို့ကိုလှီးဖြတ်ခွဲစိတ်ပေးပါလိမ့်မယ်။
  • Laser လေဆာသုံးကုသမှုတွေ ခံယူနိုင်ပါတယ်။
  • Liquid Nitrogen နဲ့ ကြွက်နို့ကို အေးခဲသေဆုံးစေတဲ့ကုသမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။
  • Electrocautery လို့ခေါ်တဲ့ လျှပ်စစ်သုံးပြီး ကြွက်နို့ဖယ်ထုတ်ကုသမှုတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။
  • လိင်အင်္ဂါကြွက်နို့တွေဟာ ပျောက်ကင်းအောင်ကုသပြီးသည့်တိုင်အောင် ပြန်ပြန်ဖြစ်တတ်လို့ ကုသမှု ထပ်ခါထပ်ခါ လိုအပ်နိုင်ပါတယ်။
  • ကြွက်နို့ကုသတာဟာ ပျောက်ကင်းဖို့အချိန်ယူရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပြီး ဆရာဝန်နဲ့ ရက်ချိန်း (Follow up) ကို မပျက်မကွက် မှန်မှန်ပြသရပါမယ်။
  • လိင်အင်္ဂါကြွက်နို့ရှိတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအကြိုစစ်ဆေးမှုပြုလုပ်ဖို့ Pap Smear ယူသင့်ပါတယ်။

❓လိင်အင်္ဂါကြွက်နို့ကို ဘယ်လိုကာကွယ်ကြမလဲ?

✅ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးစတဲ့ အကာအကွယ်သုံးပါ။ သတိချပ်ရမှာက ကွန်ဒုံးဟာ ကြွက်နို့ရှိနေတဲ့ လိင်အင်္ဂါတစ်ဝိုက်ကအရေပြားနေရာ အားလုံးကို မအုပ်မိနိုင်တဲ့အတွက် အပြည့်အဝကာကွယ်မှုမပေးနိုင်ပါ။

✅ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုပါ။ အထူးသဖြင့် လိင်အင်္ဂါနဲ့ စအိုတစ်ဝိုက် ကို မှန်မှန် ဆေးကြော သန့်စင်ပြီး သန့်ရှင်းခြောက်သွေ့အောင်ထားပါ။

✅ မိမိမှာ လိင်အင်္ဂါကြွက်နို့ဖြစ်နေရင် မိမိရဲ့လိင်ဆက်ဆံဖော်ကိုပါ အသိပေးပါ။ လိုအပ်ပါက ကုသမှုအတူခံယူကြပါ။

✅ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံထားရင်လည်း လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ အသက် ၉ နှစ်အရွယ်ကနေစပြီး ထိုးနှံနိုင်ပါတယ်။

✅ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် လိင်အင်္ဂါကြွက်နို့ပိုဖြစ်နိုင်လို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။

❎ အလွန် ကူးလွယ် ပျံ့လွယ်လို့ လိင်အင်္ဂါကြွက်နို့တွေအားလုံး ပျောက်ကင်းတဲ့အချိန်အထိ လိင်ဆက်ဆံတာကို ရှောင်ရပါမယ်။

❎ ကြွက်နို့တွေကို ဆွတာ၊ ဆိတ်တာ၊ ကုတ်ဖဲ့တာတွေကို မပြုလုပ်ပါနဲ့။

အနှစ်ချုပ်ရရင် လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ပေါက်သောကြွက်နို့တွေမဖြစ်ရအောင် ကြိုတင်ကာကွယ်ပါ။ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ။ အလွန်ကူးစက်လွယ်လို့ ဖြစ်ပွားပါက ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ မိမိအခြေအနေကိုပွင့်လင်းစွာ ထုတ်ဖော် ဆွေးနွေး ကုသမှုခံယူပါ။

References ????
????John Murtagh’s Patient Education, Sixth Edition; Genital Warts/Venereal Warts pg-160
????AAD : American Academy of Dermatology Association : Genital Warts
????Oxford Handbook of Medical Dermatology, Second Edition; Human Papillomavirus pg-160

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.