“ စားချဉ့်ပြန်ရောဂါ “

“အမလေး ရင်ပူလိုက်တာ” လို့ လူတိုင်း ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါပေါ့ မာလာရှမ်းကောတွေ၊ အာလူးကြော်တွေ၊ ပူပူလောင်လောင် ဟော့ပေါ့တွေစားပြီးရင် တစ်ခါတလေ ရင်ထဲပူစပ်ပူလောင်တာလိုလို၊ အောင့်တောင့်တောင့် ဖြစ်နေတာမျိုးလေ။

လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲကနေ အပူအစပ်တွေ၊ အက်ဆစ်တွေက အစာရေမျိုပြွန်အထိ ဆန်တက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါလို့နာမည်တပ်ရတဲ့အထိ ပမာဏများများတက်လာရင်တော့ မကောင်းပါဘူး။

ဒါကြောင့် ဒီနေ့မှာတော့ အပူအစပ်တွေ အရမ်းစားလွန်းတဲ့ ကိုကိုမမတို့အတွက် Gastroesophageal Reflux Disease (GERD) မြန်မာလိုဆိုရင်တော့ အစာအိမ် စားချဉ့်ပြန်ရာဂါလို့ခေါ်တဲ့ အစာအိမ်ရောဂါတစ်မျိုးအကြောင်း သိမှတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

စားချဉ့်ပြန်ရောဂါဆိုတာ ဘာလဲ?

• အစာအိမ်က အက်ဆစ်တွေက အစာရေမျိုပြွန်ဆီကို ပြန်လျှံတက်တဲ့ ရောဂါကို ဆိုလိုတာပါ။
• လူဦးရေရဲ့ (၅)%လောက်ကတော့ ဒီရောဂါ ဖြစ်တတ်ကြပါတယ်။

• အစာအိမ်နဲ့ အစာမျိုပြွန်ကြား ဆုံမှတ်မှာရှိတဲ့ ကြွက်သားလေးက ပုံမှန်ဆို အစားအသောက်စားတဲ့အခါ အစာတွေ၊ အရည်တွေကို အစာအိမ်ထဲ ဖြတ်သန်းစီးဆင်းလို့ရအောင် ဖြေလျှော့ပေး(ဖွင့်ပေး)ထားပါတယ်။ သာမန်အချိန်မှာတော့ ပိတ်ထားပေးတာပေါ့…
ဒါပေမယ့် အဲ့ကြွက်သားလေးက မလုံတော့ဘဲ ပုံမှန်မဟုတ် ပွင့်နေခဲ့မယ်ဆိုရင်တော့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်တွေက အစာရေမျိုပြွန်ထဲကို ပြန်ဆန်တက်လာပါလိမ့်မယ်။

• ပုံမှန်အားဖြင့် အစာရေမျိုပြွန်နဲ့ အစာအိမ်က ဖွဲ့စည်းပုံမတူပါဘူး။ ဒါကြောင့် အစာရေမျိုပြွန်က အစာအိမ်လိုမျိုး အက်ဆစ်ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ အဲ့ဒီအတွက် လက္ခဏာတွေ ခံစားရတာ ဖြစ်ပါတယ်။

ဘာကြောင့် စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်တာလဲ?

• အစာအိမ်နဲ့ အစာရေမျိုပြွန်ကို တားဆီးပေးထားတဲ့ ကြွက်သားမလုံတာ
• အစာအိမ်ရဲ့ တစ်စိတ်တစ်ပိုင်းက ရင်ခေါင်းထဲရောက်ပြီး အစာရေမျိုပြွန်ထဲ တိုးဝင်နေတာ
• အစာရေမျိုပြွန် ကောင်းကောင်းအလုပ်မလုပ်တာ
• အဝလွန်တာ
• အစာအိမ်အက်ဆစ် ပုံမှန်ထက် ပိုထုတ်တာ
• ဆေးလိပ်၊ အရက်သောက်သုံးသူတွေ
• အဆီများတဲ့ အစားအသောက်တွေ
• ကိုယ်ဝန်ဆောင်တွေ
• တချို့သောဆေးဝါးတွေကြောင့် ဖြစ်နိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါမှာ ဘာလက္ခဏာတွေ ခံစားရနိုင်လဲ?

• ရင်ပူခြင်း
( ရင်ညွန့်အောင့်တာ၊ အစာအိမ်အောင့်တဲ့ လက္ခဏာမျိုးနဲ့ လာတာလည်း တွေ့ရပြီး ခန္ဓာကိုယ်ကို ကွေးတဲ့၊ ငုံ့တဲ့အချိန်၊ လှဲတဲ့အချိန်နဲ့နဲ့ အပူတွေသောက်တဲ့အချိန်မှာ လက္ခဏာပိုဆိုးတတ်ပါတယ် )
• လေချဥ်တက်ခြင်း
• အက်ဆစ်ပြန်အန်ခြင်း
• မကြာခဏ တံတွေးထွက်ခြင်း
• ပျို့ခြင်း၊ အန်ခြင်း
• အစာမျိုချိန် နာကျင်ခြင်း အစရှိတဲ့ လက္ခဏာတွေအပြင်…

• ညဘက် ချောင်ဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း
• နာတာရှည် ချောင်းဆိုးတာ
• အသံအောလာတာ၊ အသံဝင်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။

စားချဉ့်ပြန်ရောဂါရှိနေတာကို ဘယ်လို သိရှိနိုင်လဲ?

• အထက်မှာ ဖော်ပြပြီးဖြစ်တဲ့ဖြစ်တဲ့ လက္ခဏာတွေအရ သိနိုင်သလို အသက် (၅၅)နှစ်အထက် လူကြီးတွေမှာ ခဏခဏ အစာမကြေတာ၊ သွေးအားနည်းတာ၊ သွေးအန်တာ၊ ဝမ်းသွားသွေးပါတာမျိုး ဖြစ်ခဲ့ရင် အစာအိမ်မှန်ပြောင်းကြည့်ပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။

စားချဉ့်ပြန်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ?

• အဓိကကတော့ စားသောက်နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲဖို့ အ‌ရေးကြီးဆုံးဖြစ်ပါတယ်။
• အဆီများတဲ့ အစားအသောက်တွေ၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက် အစရှိတဲ့ အစားအသောက်တွေ ရှောင်ကြဉ်ပါ။
• ပူတဲ့စပ်တဲ့ အစားအသောက်တွေ၊ (ဥပမာ – ငရုတ်သီး၊ အာလူးကြော်) ခရမ်းချဉ်သီး၊ တခြားသော ချဥ်တဲ့အသီးတွေ၊ ကြက်သွန်နီ အစရှိတာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။
• အစားအစာကို နည်းနည်းနဲ့ မကြာခဏစားပါ။ တစ်ခါတည်းနဲ့ အများကြီး စားတာမျိုး မလုပ်ပါနဲ့။
• ညစာကို အိပ်ရာမဝင်ခင် ၃နာရီအလို နောက်ဆုံးထားပြီး စားပါ။
• ခုတင်ခေါင်းရင်းကို တတ်နိုင်ရင် မြှင့်ထားပေးပါ။ ( ခေါင်းအုံးအမြင့်ခုပြီး အိပ်လည်းရပါတယ်။)
• အဝလွန်သူများ ကိုယ်အလေးချိန် လျှော့ဖို့ လိုအပ်ပါတယ်။
• ဆေးလိပ်ဖြတ်ပါ။
• စိတ်ဖိစီးမှုကင်းဝေးအောင်နေပါ။
• လိုအပ်တဲ့ အစာအိမ်ဆေးတွေကို မိမိသဘောနဲ့ မဟုတ်ဘဲဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးပါ။

အစာအိမ် စားချဉ့်ပြန်ရောဂါကို မကုသဘဲထားရင် ဘာတွေ ဖြစ်လာနိုင်လဲ?

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့….
• အစာရေမျိုပြွန်ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း
• အစာရေမျိုပြွန် ကျဉ်းမြောင်းခြင်း
• သွေးအားနည်းလာခြင်း
• Barrett’s esophagus လို့ခေါ်တဲ့ အစောရေမျိုပြွန်ဖွဲ့စည်းပုံ ပြောင်းလဲလာခြင်း
• အစာရေမျိုပြွန်ကင်ဆာတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့် အစာအိမ် စားချဉ့်ပြန်ရောဂါရှိနေရင် မပေါ့ဆဘဲ ကုသဖို့ လိုအပ်ပါတယ်။ ကုသတဲ့အခါမှာလည်း အထက်မှာ ဖော်ပြထားတဲ့ နေထိုင်စားသောက်မှုပုံစံ ပြုပြင်ပြောင်းလဲဖို့က အလွန်ပဲ အရေးကြီးပါတယ်။

ကဲ ဒါဆို အပူအစပ်လေးတွေ နည်းနည်းလျှော့ပြီး စားချဥ့်ပြန်ရောဂါ မဖြစ်အောင် သတိထားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

Reference ????: Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 285

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.