သည်းခြေအိတ် ကျောက်တည်ခြင်း
(၁)သည်းခြေအိတ်ထဲကျောက်ရှိရင် ဘယ်လို လက္ခဏာ ပြနိုင်လဲ/ ဘယ်လိုသိနိုင်မလဲ ?
သည်းခြေကျောက်ရှိတဲ့လူတွေရဲ့ ၉၀ရာခိုင်နှုန်းက ဘာမှမခံစားရပါဘူး။၁၀ရာခိုင်နှုန်းလောက်ကပဲ အဆီစားများရင် ကောက်ညှင်းစားရင် အစာမကြေဖြစ်မယ်၊ ညာဘက်၀မ်းဗိုက် အပေါ်ခြမ်း အောင့်မယ်။ ဒါတွေခံစားရနိုင်ပါတယ်။ တချို့ဆို သည်းခြေအိတ်ပါရောင်ရင် ဖျားတာ အန်တာပါ ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ထဲ ကျောက် ရှိ/မရှိ အာထရာဆောင်းရိုက်ကြည့်ပြီး သိရှိနိုင်ပါတယ်။
(၂)၉၀ရာခိုင်နှုန်းက ဘာမှ မခံစားရဘူးဆိုရင် ဘာမှ မလုပ်ပဲထားလို့မရဘူးလား ?
လတ်တလောမှာ ဘာဝေဒနာမှ မခံစားရပေမယ့် ၊ ရေရှည်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် စနစ်တကျကုသမှုခံယူသင့်ပါတယ်။
(၃)သည်းခြေအိတ်မှာ ကျောက်ရှိရင် ကျောက်ပျော်ဆေး သောက်လို့ရလား? ဘာဆေးသောက်ရမလဲ?
အနောက်နိုင်ငံတွေမှာတော့ သည်းခြေကျောက်ဟာ အဆီများလို့ဖြစ်တဲ့ကျောက်ပါ။ အဆီကြောင့် ဖြစ်တဲ့ကျောက်ဟာ ဆေးသောက်ရုံဖြင့် ပျောက်နိုင်ပါတယ်။ ဒီနိုင်ငံမှာကတော့ အဆီများလို့ ဖြစ်တဲ့ကျောက်ထက် သန်ကောင်တို့ ပိုးတို့ကြောင့် ဖြစ်တဲ့ကျောက်က ပိုများပါတယ်။ ဒါကြောင့် သန်ချဆေးကို ၃လ တခါ သောက်သင့်ပါတယ်။ ခွဲပြီးလည်း ကျောက်ထပ်မဖြစ်အောင် သောက်သင့်ပါတယ်။ကျောက်အရွယ်အစား ပိုမကြီးအောင် သည်းခြေရည်ကျဲဆေး (ကျောက်ပျော်ဆေးလို့ လူသိများ)နဲ့ ထိန်းထားလို့ရပါတယ်။ ဒါပေမယ့် လုံးဝပျောက်ကင်းဖို့အတွက်တော့ ကျောက်ပျော်ဆေးနဲ့ ကုလို့မရပါ။သည်းခြေအိတ်ထဲကကျောက်/ သည်းခြေလမ်းကြောင်းထဲကကျောက်ကို ခွဲထုတ်မှပဲ ပျောက်ပါမယ်။
(၄) ကျောက်အရွယ်အစား သေးတာ/ကြီးတာ ဘယ်ဟာက ပိုစိုးရိမ်ရသလဲ?
အာထရာဆောင်းရိုက်ကြည့်လို့ ကျောက်မတွေ့တော့ဘူးဆိုရင် သက်သာပျောက်ကင်းသွားပြီလား ?
ကြီးတဲ့ကျောက်ထက် သေးတဲ့ကျောက်က ပိုကြောက်ရပါတယ်။ ကျောက်သေးသေးလေးတွေဟာ သည်းခြေအိတ်ထဲကနေ သည်းခြေလမ်းကြောင်းထဲ ကျပြီး အသားဝါ၊ဖျား၊ဗိုက်နာ ဖြစ်နိုင်သလို မုန့်ချိုအိတ် ပြွန်ချောင်းကို ပိတ်မိပြီး မုန့်ချိုအိတ်လည်း ရောင်စေနိုင်ပါတယ်။ မုန့်ချိုအိတ်ရောင်ရင် ၂၀%က ပြင်းထန်ပါတယ်။ အဲ့လိုပြင်းထန် မုန့်ချိုအိတ်ရောင်တဲ့ လူနာတွေက နှစ်ယောက်မှာ တစ်ယောက် အသက်အန္တရာယ်ရှိပါတယ်။ ဒီလိုနောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ကျောက်ရှိပါက ခွဲသင့်ပါတယ်။အာထရာဆောင်းမှာ ကျောက်မတွေ့တော့တာ သည်းခြေ လမ်းကြောင်းထဲ ပြုတ်ကျသွားလို့ပါ (သို့မဟုတ်) အာထရာဆောင်းရိုက်တဲ့ အနေအထားကွာသွားလို့ပါ။
(၅)ဒါဆို သည်းခြေကျောက်ရှိတာနဲ့ ခွဲကို ခွဲရမှာလား?
အကြမ်းအားဖြင့် ဆီးချိုရှိတဲ့သူတွေ၊ Steroids, Prednisoloneစွဲသောက်နေတဲ့ သူတွေမှာ ကျောက်ကြောင့် ရောဂါလက္ခဏာ မပြလည်း ခွဲသင့်ပါတယ်။ မုန့်ချိုအိတ်ရောင်ပြီးပြည်တည်ဖို့ အလားအလာများလို့ပါ။ခုခေတ်အခါက key hole surgery လို ခွဲစိတ်မှုစက်ကိရိယာတွေ တိုးတက်လာလို့ အရင်လို ဆေးရုံလည်း အကြာကြီး တက်စရာ မလိုတော့ပါ။ ဒါကြောင့် ကျန်တဲ့ သူများကတော့ အခွင့်သင့်ရင် နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ခွဲသင့်ပါတယ်။ မခွဲဖြစ်သေးရင် အဆီများတာ ရှောင်ပါ။ သန်ချဆေး ၃လ တခါ တသက်လုံးသောက်ပါ။ ဆရာ၀န်နဲ့တိုင်ပင်ပြီး ရက်ချိန်းခေါ်တဲ့အတိုင်းဆက်ပြပေးပါ။ မလိုဘဲ ခဏခဏUSG မရိုက်ပါနဲ့။ ဆရာ၀န်ညွှန်ကြားမှရိုက်ပါ။သည်းခြေကျောက်တည်ခြင်းနဲ့ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန် ဗဟုသုတများကို အထိုက်အလျောက် နားလည်ရရှိမယ်လို့ မျှော်လင့်ပါတယ်…
ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာမိသားစု
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.