နားထဲ ပိုးကောင်ဝင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ ❓❓❓

နား၊ နှာခေါင်း၊ လည်ချောင်းဌာန (ENT) မှာ ကျွန်မစိတ်အညစ်ရဆုံးက ပြင်ပပစ္စည်းတွေ နားထဲဝင်/နှာခေါင်းထဲဝင်တဲ့ ပြဿနာတွေပါပဲ။ နားထဲ အကောင်ဝင်၊ ပစ္စည်းဝင်လာရင် ပုံမှန်အတိုင်းတောင်မှ နားက ကြည့်ရခက်တဲ့ထဲ ပါပါတယ်ဆို လူနာတွေက အချွန်တွေ၊ ညှပ်တံတွေနဲ့ကို ဆွဲထုတ်လာတတ်တော့ နားထဲသွေးထွက်၊ ရောင်နေတတ်ပြီး ကြည့်ရပိုခက်ရော။

ဒါကြောင့် နားထဲ ပြင်ပပစ္စည်း ဒါမှမဟုတ် အကောင်တွေဝင်ရင် လိုက်နာရမယ့် ဆောင်ရန် /ရှောင်ရန်တွေကို တင်ပြပေးသွားပါမယ်ရှင့်။

ကလေးငယ်အများစုက ကစားစရာသေးသေးတွေ ဆော့ကစားရင်း နားထဲထည့်လိုက်ပေမယ့် သူတို့က ထုတ်မပြောတတ်ကြလို့ နားကိုက်တာ၊ နားထဲက အရည်ထွက်တာ၊ နားလေးတဲ့ပုံစံဖြစ်မှ မိဘ (သို့) စောင့်ရှောက်သူတွေက နားထဲကြည့်ပြီး သတိထားမိတတ်ကြပါတယ်။

လူကြီးအများစုကတော့ ပြင်ပစ္စည်းဝင်တာထက် ပိုးကောင်းအသေးလေး နားထဲဝင်တာ ပိုအဖြစ်များပါတယ်။ ပိုးကောင်ဝင်ရင် သဘောတရားအရ အထဲကိုပဲ သူတို့ကတိုးဝင်တာမို့ လူနာက နားနာတာ၊ ခေါင်းကိုက်တာ၊ ခေါင်းချာချာလည်မူးတာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ပထမဆုံးပြောရရင်…

နားထဲဝင်တာ ပိုးကောင်ဖြစ်မယ်ဆိုရင် ရေသန့်ကို နားအဝထိပြည့်အောင်ထည့်၊ စောင်းချ၊ ပြန်ထည့် စသဖြင့်လုပ်ပေးပြီး ပိုးကောင်ကို မွန်းပြီးသေအောင် အရင်လုပ်ရပါမယ်။ (ရေသန့်အစား normal saline သို့ cifran ear drops အသုံးပြုလို့လည်း ရပါတယ်) ပြီးတာနဲ့ သက်ဆိုင်ရာ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီမှာ သွားရောက်ထုတ်ရပါမယ်။ တခြားမည်သည်အကြောင်းနဲ့မှ နားထဲကို အခြားအရည်များ မထည့်ရပါဘူးရှင်။

ပိုးကောင်မဟုတ်ဘဲ ကလေးတွေ ဆော့ကစားရင်း ဓာတ်ခဲအပြားအသေး ထည့်မိတာဆို ဒါအလွန်ကိုအရေးကြီးပြီး အန္တရာယ်များတာမို့ ချက်ချင်းပဲ ဆေးရုံသွားရပါမယ်။ ဓာတ်ခဲဟာ နားနဲ့နှာခေါင်းအတွင်းက အရိုးနုလေးတွေကို တိုက်စားပျက်စီးစေတတ်တဲ့အတွက် ဖြစ်ပါတယ်။

တခြား ပြင်ပပစ္စည်းဝင်တယ်ဆိုရင် မိဘအနေနဲ့ သေချာလည်း မြင်ရတယ်၊ အဝလေးတင်မို့ ဆွဲထုတ်ဖို့ ပစ္စည်းလည်းရှိတယ်ဆို တစ်ကြိမ်ကြိုးစားပြီး မရရင် ထပ်မလုပ်ရပါဘူးရှင်။

ပိုးကောင် (သို့) ပြင်ပပစ္စည်းဝင်တဲ့အခါ နားနဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာမပြည်စုံဘဲ အတင်းထုတ်ရင် နားစည်ပေါက်တာ၊ နားထဲပြဲတာ ရောင်တာ ဖြစ်စေတာမို့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ ပုံမှန်ထုတ်လို့ရတာကနေ ခွဲစိတ်ခန်းထဲထိဝင်ပြီး ထုတ်ရတဲ့အထိ ဆိုးဝါးသွားတတ်ပါတယ်။

ဒါကြောင့် နားထဲ ပစ္စည်းဝင်တယ်ဆို သက်ဆိုင်ရာဆရာဝန်ဆီမှာသာ အမြန်သွားရောက်ထုတ်သင့်ပါကြောင်း အသိပေးလိုက်ပါရစေရှင်…။

Dr. Cool
တယ်လီကျန်းမာ

Ref: 📖 https:// www. mayoclinic. org / first-aid/first-aid/basics/art-20056709

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here