” ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်တဲ့ Fordyce spots (or) Fordyce granules “
Fordyce spots ဆိုတာ အမွှေးအမျှင်မရှိတဲ့ အရေပြားနေရာက အဆီဂလင်းလေးတွေ ကြီးလာပြီး အဖြူရောင် (သို့) အဝါရောင်အစက်အပြောက်အဖုလေးတွေ ပေါ်လာခြင်းဖြစ်ပါတယ်။ ပျိုဖော်ဝင်ချိန်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတတ်ပြီး နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အဖြစ်များပါတယ်။ Fordyce spots လေးတွေဟာ သာမန်အဆီဂလင်းကြီးခြင်းဖြစ်ပြီး ကင်ဆာမဟုတ်ပါဘူး။
အဲ့လို အရေပြားတစ်ဝိုက်မှာ အဖြူအစက်အပြောက်အဖုလေးတွေတွေ့တဲ့အခါ ရေယုန်လို့ထင်တတ်ကြပါတယ်။ အဲ့တော့ Fordyce spots နဲ့ Herpes (ရေယုန်) ဘယ်လို ခွဲခြားလို့ရလဲ ပြောပြပေးပါမယ်။
..
Fordyce spots က လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါ မဟုတ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း မကူးစက်နိုင်ပါဘူး။ နာကျင်ခြင်းလည်း မရှိပါဘူး။ လိင်အင်္ဂါတစ်ဝိုက်ဖြစ်တဲ့ရေယုန် ( Genital Herpes )ကတော့ လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်တာဖြစ်ပြီး အရည်ကြည်ဖုလေးတွေဟာလည်း နာပါတယ်။ Herpes ကြောင့်ဖြစ်တဲ့ အဖုလေးတွေက ရောင်ရမ်းတာမျိုးရှိပြီး ထိလိုက်ရင်လည်း နာပါတယ်။
ဘယ်သူတွေမှာ Fordyce spots ပိုဖြစ်နိုင်သလဲ။
၇၀% – ၈၀% သောအရွယ်ရောက်ပြီးသူတိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးအရွယ်မှာတော့ အများအားဖြင့် မတွေ့ရပါဘူး။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် Fordyce spots ဖြစ်နိုင်ခြေ ၂ ဆ ရှိတယ်လို့ ဆိုကြပါတယ်။
Fordyce spots ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ကြုံတွေ့ရမလဲ။
များသောအားဖြင့် Fordyce spots လေးတွေဟာ အစုလိုက်ထွက်တတ်ပြီး အဖြူရောင်/ အဝါရောင်/ အသားရောင်/ ပန်းရောင် အစက်အပြောက်အဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ အနီးနားက အရေပြားကို ဆွဲဆန့်ကြည့်လိုက်တဲ့အခါ ပိုပြီးသိသိသာသာမြင်ရပါတယ်။ Fordyce spots လေးတွေဟာ နာကျင်မှုလည်း မရှိပါဘူး။ လိင်အင်္ဂါမှာဖြစ်တဲ့ Fordyce spots လေးတွေကတော့ တခါတရံ ယားယံတတ်ပြီး ရောင်ရမ်းတာမျိုး ရှိနိုင်ပါတယ်။
Fordyce spots လေးတွေကို ဘယ်လိုကာကွယ်ကုသကြမလဲ။
Fordyce spots လေးတွေဟာ အချိန်ကြာရင် သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ သတိထားရမှာက လက်နဲ့စွဲဆိတ်တာ၊ ဖဲ့တာမျိုး မလုပ်မိဖို့ပါ။ ထိုသို့လုပ်ခြင်းက အရေပြားပိုးဝင်ပြီး ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တဲ့ Apple Cider Vinegar, Vitamin E ပါဝင်သောအဆီများ (Argan oil), အုန်းဆီ (coconut oil), နှုတ်ခမ်းအဆီစတာတွေ လိမ်းပေးခြင်းဖြင့်လည်း သက်သာအောင်လုပ်နိုင်ပါတယ်။ အချိန်ကြားတဲ့အထိ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပငိဆွေးနွေးပြီး ကုသမှုတွေခံယူနိုင်ပါတယ်။ ကုသနိုင်တဲ့နည်းတွေကတော့
* Cryotherapy (အအေးလှိုင်းဖြင့်ကုသခြင်း)
* Electrodessication (လျှပ်စစ်လှိုင်းဖြင့်ကုသခြင်း)
* Laser skin resurfacing (လေဆာဖြင့်ကုသခြင်း)
* Micro-punch surgery (အပ်စိုက်ကုသခြင်း)
* Topical treatments (Retinoids ပါသော လိမ်းဆေးများလိမ်းခြင်း) တို့ဖြစ်ပါတယ်။
Fordyce spots တွေ မဖြစ်အောင် ကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အသားရေကို ဂရုစိုက်ထိန်းသိမ်းရပါမယ်။ နေ့စဉ်ရေနွေးနွေးနဲ့ဆေးကြောတာ၊ ရေဓာတ်ပြည့်ဝအောင် moisturizer သုံးတာမျိုး လုပ်ပေးရပါမယ်။
Reference:
https://my.clevelandclinic.org/…/24140-fordyce-spots
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#fordycespot#fordyce
Ministry of Health,
National Unity Government.
Published on: 9 December 2022
Last Updated: 9 December 2022