အခုလတ်တလော ကြုံတွေ့နေရတဲ့ ၀မ်းပျက်၀မ်းလျှောရောဂါများမှ ကင်းလွတ်ကြပါလေစ….

အစားအသောက် အာဟာရနဲ့ပတ်သက်ပြီး အရင်ကပြောပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတွေအပြင် ထပ်ဆောင်းဖြည့်စွက် ပြောချင်တာလေးတွေနဲ့ အများသူငါကြားထဲ ပြောပြောနေကြတဲ့ ဓာတ်ဆားနဲ့ပတ်သက်တာလေးတွေ ရှင်းပြချင်လို့ပါ။

စမပြောခင် အိိမ်စာလုပ်ရဲ့လား ပြန်စစ်ချင်လို့ပါ။ အိမ်တွင်း ဓာတ်ဆားဖျော်နည်းလေးကို ပြောပြဖူးတာ မှတ်မိကြရဲ့လား မသိ။ (မှတ်မိသူများရှိရင် ကွန်မန့်မှာ ပြန်ပြောပြပေးသွားကြပါဦးနော်)

အခုကတော့ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အမေးများတဲ့ ဓာတ်ဆားနဲ့ပတ်သက်တာလေးတွေ ပြောပြမလို့ပါ။

၁။ အချို့သူများက ၀မ်းသွားရင် သကြားရည်ဖျော်သောက်လို့ ပြောလေ့ရှိကြပါတယ်။

၀မ်းသွားတဲ့အခါ ဆုံးရှုံးတာ ရေရော ဆားဓာတ်တွေရော (ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ) ပါ။ ဒီတော့ သကြားရည်ဖျော်သောက်ရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုရမယ်၊ ဆားဓာတ်တွေတော့ ပြန်မပြည့်လာတဲ့အတွက် အလွန်အကျွံ၀မ်းသွားပြီး သွေးတွင်းဆားဓာတ် ကမောက်ကမဖြစ်နေသူအဖို့ သကြားရည်ချည့်သောက်ခြင်းက ပိုဆိုးစေနိုင်ပါတယ်။ ရှိစုမဲ့စု ကျန်နေသေးတဲ့ ကိုယ်တွင်းကဆားတွေကို ရေရောလိုက်သလိုဖြစ်ပြီး သွေးတွင်းဆားဓာတ် ပိုကျကာ ဆေးရုံအမြန်ရောက်နိုင်ပါတယ်။ ခြေထောက်တွေလည်း ဆားဓာတ်မရှိတဲ့အခါ မသယ်နိုင်ဘဲ ဒူးခွေကျတာမျိုး ဖြစ်နိုင်ခြေပိုများပါတယ်။ 

ဒီတော့ ဒီနည်းက “ဟာ ငါတကယ်သုံးကြည့်ပြီသွားပြီ။ ဒီလောက် ကောင်းတာကို” ဆိုတဲ့သူတွေအတွက် ဖြေရှင်းချက်ပေးရမယ်ဆိုရင်ဖြင့် ၀မ်းတစ်ကြိမ် နှစ်ကြိမ် အနည်းငယ်သွားထားတဲ့သူမျိုးမှာတော့ သကြားချည်းသာပါပြီး ဆားမပါတဲ့ဖျော်ရည် သောက်မယ်ဆိုရင်တော့ အရမ်းမဆိုးစေပါဘူး။ အားနည်းနေတာ ဂလူးကို့စ်ရတော့ သက်သာသလိုတောင် ဖြစ်သွားပါတယ်။ အန်ချင်သလိုဖြစ်နေတာမျိုးလည်း သကြားရည်ကြောင့် သက်သာစေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ၀မ်းသွားထားတဲ့သူမှာတော့ ဆားနည်းနည်းလေးပါပါတဲ့ သကြားရည်မျိုးကို သောက်တာမျိုး၊ နည်းစနစ်မှန်မှန် ဓာတ်ဆားဖျော်တာမျိုးသာ အားပေးပါတယ်။

၂။ ဓာတ်ဆားကို သောက်ချင်စဖွယ်ဖြစ်အောင် ဖျော်ရည်နှင့် ရောတိုက်တာမျိုး

ဒါမျိုးကလည်း အားမပေးပါဘူးရှင့်။ ဘယ်ဖျော်ရည် ဘယ်ဂတ်စ်ပါတဲ့အချိုရည်ဆို ဖျော်ရည်တွေက ဓာတ်ဆားနဲ့ ဘယ်လောက်ရောလို့ရတယ် ဆိုတာတော့ အန္တရာယ်မဖြစ်တဲ့ ပမာဏရှိပါတယ်။ ဖျော်ရည်တစ်ခုနဲ့တစ်ခုကတော့ ပါ၀င်တဲ့ ဆားဓာတ်၊ သကြားဓာတ် မတူတော့ ဘယ်ဟာကို ဘယ်လောက်ရောပါလို့ ပြောပြဖို့ခဲယဥ်းပါတယ်။ အခန့်မသင့်ရင် ပိုနုံးလွယ်တာ၊ ဆားဓာတ်မညီမျှ ဖြစ်လွယ်စေတာတို့ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အရသာတစ်ခါတည်းပါပြီးသား ဓာတ်ဆားထုပ်မျိုးကို ရွေး၀ယ်ပြီး တစ်ခါတည်း အထုပ်မှာရေးထားတဲ့ပမာဏအတိုင်း မှန်ကန်စွာဖျော်စပ်တာကိုပဲ အားပေးပါတယ်။

ဘီပီအိုင်ဓာတ်ဆားက အနံ့ရော အရသာရော ဆိုးတယ်၊ နေမကောင်းဖြစ်တာကို စိတ်ပိုညစ်စေတယ်လို့ လူနာတွေ ဂျီကျလေ့ရှိပါတယ်။ ဒါဆိုရင်တော့ ဘီပီအိုင်ဓာတ်ဆားကို ဖျော်ရည်ရောတာမျိုးမလုပ်ဘဲ အရသာပါပြီးသား မိမိနှစ်ကြိုက်တဲ့ ဓာတ်ဆားသာ ၀ယ်သောက်ပါလို့ အကြံပေးလိုပါတယ်။

ဓာတ်ဆားသောက်ရမှာ မကြိုက်တဲ့သူတွေအနေနဲ့ကတော့ စွတ်ပြုတ်၊ ထမင်းရည်၊ ဟင်းချို၊ ကြေးအိုး၊ အသီးများ (ပန်းသစ်တော်၊ ပန်းသီးတို့လို ၀မ်းကို အရည်ကျဲရာမှ ကျစ်ပြီးထုထည်များစေတဲ့ pectin ပါတဲ့အသီးမျိုး ပိုစားသင့်ပါတယ်) 

၃။ ကော်ဖီကြမ်းကို နွားနို့မထည့်ဘဲ သောက်တာမျိုး၊ လက်ဖက်ရည်ကြမ်း သောက်တာမျိုးလုပ်ခြင်း

ကဖင်းကြွယ်၀တဲ့ အစားအစာနဲ့ အရည်တွေက ဆီးပိုသွားကာ ရေဓာတ်ပိုဆုံးရှုံးစေပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ခြောက်၊ အချိုခြောက်တို့ မသောက်ဘဲ ရေနွေးကြမ်းလုပ်တဲ့ အကြမ်းခြောက်နဲ့ ရေနွေးလေးသောက်တာမျိုးသာ လုပ်သင့်ပါတယ်။ ကျွဲရိုင်း၊ လစ်ပို စတာတွေလို energy drink တွေကတော့ လုံး၀ နိုးနိုးပါ။ ၀မ်းသွားချိန် လုံး၀မသောက်သင့်ပါ။

အခြား သောက်စရာတွေအနေနဲ့ ဂျင်းလက်ဖက်ကြမ်းလေး သောက်တာမျိုး၊ ပူစီနံလက်ဖက်ရည်သောက်တာမျိုး လုပ်နိုင်ပါတယ်။ 

၄။ ဒိန်ချဥ်သောက်ရမှာ ကြောက်တတ်ကြတယ်။ ဒါပေမယ့် probiotics တွေတော့ လှိုင်လှိုင်၀ယ်သောက်ကြတယ်။

ဒိန်ချဥ်ကို ၀မ်းသွားနေချိန် သောက်လို့ရပါတယ်။ အနည်းငယ် သောက်လိုက်ခြင်းဟာ ကောင်းတဲ့ဘက်တီးရီးယားတွေကို မကောင်းတဲ့ပိုးတွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်စေပြီး အူလမ်းကြောင်းနံံရံကို ပိုကျန်းမာစေပါတယ်။ နို့နဲ့ နို့ထွက်အစားအစာတွေမှာ လက်တို့စ် ပါ၀င်လို့ ၀မ်းလွယ်နေချိန် ရှောင်သင့်ပေမယ့် အချဥ်ဖောက်ထားတဲ့ နို့တို့ ဒိန်ချဥ်တို့မှာ လက်တို့စ်ပါ၀င်မှု တအားနည်းသွားလို့ စားသောက်လို့ရတာပါ၊ 

အခြားအစားအစာ အကြံပြုချက်များအနေဖြင့်

ပေါင်မုန့်မီးကင်၊ ငှက်ပျောသီး၊ ပန်းသီး၊ ထမင်းဖြူ၊ကွေကာအုတ် စတာလေးတွေကို အဖတ်အနေနဲ့ ၀င်အောင်စားပေးသင့်ပါတယ်။ မြန်မြန်နာလန်ထူဖို့ ကယ်လိုရီပြည့်၀ အာဟာရပြည့်၀မှ ဖြစ်မှာပါ။ စားလိုက်တိုင်း ၀မ်းသွားမှာကိုကြောက်ပြီး ဘာမှမစားဘဲ မနေသင့်ပါ။ တကယ်လို့ တိုက်ဖွိုက်ပိုးလို အဖတ်ရှောင်ပါလို့ ဆရာ၀န်က အထူးတလည်ညွှန်ကြားထားရင်တော့ အဖတ်ရှောင်ရပါမယ်။ မဟုတ်ရင်တော့ အဖတ်ဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ်၊ ပျော့ပျော့လေးတွေဖြစ်ဖြစ်စားလို့ရပါတယ်။ဆီများတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။ 

ဇင့်ဓာတ်ကြွယ်၀တဲ့ ကြက်ဥအနှစ်၊ ကြက်သား၊ ခရု၊ ဂုံး ၊ အမဲသား၊ ၀က်သား စတာတွေကို မြန်မြန်နာလန်ထူအောင် စားပေးသင့်ပါတယ်….။

အာဟာရဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here