မိခင်တွေရဲ့ဗိုက်ထဲ သန္ဓေသားလေးတွေရဲ့ တည်ရှိနေပုံ (Fetal presentation)နဲ့ ကလေးအနေအထား တင်ပါးဆုံပိုင်းဖြစ်ခြင်း ( Breech presentation ) အကြောင်း

0
468

.

သားအိမ်ထဲမှာ ကလေးငယ်လေးတွေက ဘယ်လိုအနေအထားမျိုးနဲ့ နေနေသလဲဆိုတာကို Fetal presentation လို့ခေါ်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အခါ (ဒါမှမဟုတ်) မီးဖွားချိန်နီးလာတဲ့အခါ မွေးလမ်းကြောင်းအတိုင်း ပထမဆုံးထွက်လာမယ့် ကလေးရဲ့အစိတ်အပိုင်းအပေါ်မူတည်ပြီး အမျိုးအစားခွဲကြပါတယ်။

(၉၇%) သော ကလေးငယ်တွေဟာ မွေးဖွားချိန်မှာ မိခင်ရဲ့တင်ပါးဆုံပိုင်းနဲ့ ကလေးငယ်တို့ရဲ့ဦးခေါင်းတွေ ထိနေတတ်ကြပါတယ်။ ကိုယ်ဝန် (၃၇) ပတ်ကျော်လာတဲ့အခါ ကလေးရဲ့အနေအထားနဲ့ပတ်သက်ပြီး ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ဘယ်လိုမွေးဖွားသင့်သလဲဆိုတာ ဆုံးဖြတ်ရပါတယ်။

.

???? ကိုယ်ဝန်ဆောင်ချိန် ကလေးအနေအထား ဘယ်လိုအမျိုးအစားတွေ ရှိသလဲ ?

(၁) ကလေးရဲ့ဦးခေါင်းက မွေးလမ်းကြောင်းဝနားမှာရှိနေပြီး မျက်နှာကလည်း မိခင်ရဲ့ကျောရိုးဘက်ကို လှည့်နေတဲ့အနေအထားကို Anterior position လို့ခေါ်ပြီး ဒီအနေအထားဟာ အတွေ့ရအများဆုံးဖြစ်သလို ရိုးရိုးမွေးရအလွယ်ကူဆုံးလည်း ဖြစ်ပါတယ်။

.

(၂) ဒီအနေအထားမှာတော့ ကလေးရဲ့ဦးခေါင်းက မွေးလမ်းကြောင်းဝနားမှာရှိနေပေမယ့် မျက်နှာကတော့ မိခင်ရဲ့ဝမ်းဗိုက်ဘက်ကို လှည့်နေတာကို Posterior position လို့ခေါ်ပါတယ်။ ဒီလိုအနေအထားနဲ့ ကလေးအများစုက မွေးဖွားတဲ့အချိန်မှာတော့ မျက်နှာဟာ Anterior position အတိုင်း လှည့်သွားတတ်ပါတယ်။ သာမန်ထက်တော့ မွေးဖွားရတာ နည်းနည်းပိုခက် ပိုကြာတတ်ပါတယ်။

.

(၃) မွေးလမ်းကြောင်းဝမှာ ကလေးရဲ့ ဦးခေါင်းမဟုတ်ပဲ ကလေးရဲ့တင်ပါးဆုံရှိနေတဲ့အနေအထားကို Frank breech လို့ခေါ် ပါတယ်။ ဒီအနေအထားမှာဆိုရင် ကလေးရဲ့ခြေထောက်တွေဟာ မျက်နှာဘက်ကိုဆန့်တန်းနေတတ်ပြီး ဆုံပိုင်းကိုယ်ဝန်တွေထဲမှာမှ အတွေ့ရများဆုံးအနေအထား ဖြစ်ပါတယ်။ ဒီလိုဆုံပိုင်းကိုယ်ဝန်တွေက ရိုးရိုးမွေးဖို့ခက်ခဲပြီး ခွဲမွေးရတတ်ပါတယ်။ အချို့ဆရာဝန်တွေကတော့ မမွေးခင်မှာ ကလေးဦးခေါင်းကို မွေးလမ်းကြောင်းဝကိုရောက်အောင် ဗိုက်ပေါ်ကနေလက်နဲ့လှည့်တဲ့နည်း (External Cephalic Version) ကို လုပ်ဆောင်ကြပြီး အောင်မြင်နှုန်းက ၅၈% ခန့် ရှိပါတယ်။

.

(၄) ကလေးရဲ့တင်ပါးဆုံက မွေးလမ်းကြောင်းဝနားမှာရှိနေပြီး ကလေးရဲ့ခြေထောက်နှစ်ဖက်ကလည်း တင်ပဆုံနားမှာကြက်ခြေခတ်ပုံစံချိတ်လျက် ရှိနေတဲ့အနေအထားကို Complete breech လို့ခေါ်ပါတယ်။ complete breech ဆုံပိုင်းကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဝမ်းဗိုက်အောက်နားလောက်မှာ ကလေးကန်တာကို ခံစားရတတ်ပါတယ်။

.

(၅) ကလေးရဲ့အနေအထားက Complete breech မှာလို့ဆိုပေမယ့် ကလေးရဲ့ခြေထောက်တစ်ဖက်ကပဲ တင်ပဆုံနားရှိပြီး နောက်တစ်ဖက်ကတော့ ကလေးရဲ့မျက်နှာဘက်သို့ ဆန့်တန်းနေတဲ့ပုံစံမျိုးနဲ့ ရှိနေတဲ့ အနေအထားကို Incomplete breech လို့ခေါ်ပါတယ်။

.

(၆) ကလေးရဲ့ခြေထောက်တစ်ဖက်က သားအိမ်ခေါင်းဝဘက်ကို ထွက်နေတဲ့ဆုံပိုင်းကိုယ်ဝန်အနေအထားကို Single footling breech လို့ခေါ်ပါတယ်။

.

(၇) ကလေးရဲ့ခြေထောက်နှစ်ဖက်လုံးက မွေးလမ်းကြောင်းဝ (ဒါမှမဟုတ်) သားအိမ်ခေါင်းဝဘက်ကို ထွက်နေတဲ့ ဆုံပိုင်းကိုယ်ဝန်အမျိုးအစားကို Double footling breech လို့ခေါ်ပါတယ်။

.

(၈) ကလေးက သားအိမ်ထဲမှာ ကန့်လန့်ဖြတ်အနေအထားနဲ့ရှိနေတဲ့ အနေအထားကို Transverse line လို့ခေါ်ပါတယ်။ ဒီလိုအနေအထားက တွေ့ရရှားပေမယ့် အမွှာကိုယ်ဝန်တွေနဲ့ သတ်မှတ်ရက်ထက်စောမွေးတဲ့ကိုယ်ဝန်တွေမှာ တွေ့ရများတတ်ပါတယ်။ ကလေးငယ်ဟာ ကန့်လန့်ဖြတ်အနေအထားပုံစံရှိမယ်ဆိုရင် ရိုးရိုးမွေးဖို့အတွက် အန္တရာယ်များတာကြောင့် ဗိုက်ပေါ်ကနေလက်ဖြင့်လှည့်တာ (External Cephalic Version) သို့မဟုတ် ခွဲမွေးဖို့ စဥ်းစားသင့်ပါတယ်။

.

( ၉ ) ကလေးက သားအိမ်ထဲမှာ ထောင့်ဖြတ်အနေအထားနဲ့ရှိနေတဲ့ အနေအထားကို Oblique line လို့ခေါ်ပါတယ်။ ဒီအနေအထားက ကိုယ်ဝန်နုချိန်မှာအဖြစ်များပြီး ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ ပုံမှန်အနေအထားအတိုင်း ပြန်လှည့်သွားတတ်ပါတယ်။ ကိုယ်ဝန်ရင့်ချိန်ထိ ပုံမှန်အနေအထားအတိုင်းမရောက်သေးရင် မမွေးခင် ဗိုက်ပေါ်ကနေလက်နဲ့လှည့်တာ (External Cephalic Version) ကိုလုပ်နိုင်ပါတယ်။

.

********************

???? မိခင်ဗိုက်ထဲ ကလေးလေးတွေ ဘယ်လိုပုံစံနေလဲပြောပြပြီးပြီဆိုတော့ ဆုံပိုင်းကိုယ်ဝန်အကြောင်း အကျယ်ပြောပြပေးပါမယ်။

ဆုံပိုင်းကိုယ်ဝန်ဆိုတာ မွေးလမ်းကြောင်းဝမှာ ကလေးရဲ့ ဦးခေါင်းမရှိဘဲ တင်ပဆုံပိုင်းရှိနေတာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၃-၄% လောက်ပဲ ဆုံပိုင်းကိုယ်ဝန်ဖြစ်နိုင်ခြေရှိပါတယ်။ ပုံမှန်အားဖြင့် ကလေးဦးခေါင်းဟာ မွေးလမ်းကြောင်းဝမှာရှိနေရင် လျှောလျှောရှူရှူထွက်လာနိုင်ပေမယ့် တင်ပါးဆုံကအရင်ထွက်ရတဲ့အခါ မွေးဖွားရခက်နိုင်ပါတယ်။

.

???? ဆုံပိုင်းကိုယ်ဝန် ဘာကြောင့်ဖြစ်ရသလဲ ?

ဆုံပိုင်းကိုယ်ဝန်အမျိုးအစားတွေအကြောင်း အပေါ်မှာပြောပြီးပြီဆိုတော့ ဆုံပိုင်းကိုယ်ဝန်ဖြစ်ရတဲ့အကြောင်းအရင်းလေးတွေကို ဆက်ပြောပြပါမယ်။

* ကိုယ်ဝန်ဆောင်ဖူးသော အကြိမ်ရေများခြင်း

* အမြွှာကိုယ်ဝန်ဖြစ်ခြင်း

* နေ့မစေ့ လမစေ့ဘဲ ကလေးမွေးဖူးခြင်း

* ရေမြွှာရည်များလွန်းခြင်း၊ နည်းလွန်းခြင်း

* သားအိမ်ပုံမှန်မဟုတ်ခြင်း

* သားအိမ်တွင် အလုံးအကျိတ်များရှိခြင်း

* အချင်းအရှေ့ရောက်နေခြင်းစတာတွေကြောင့် ဆုံပိုင်းကိုယ်ဝန်ဖြစ်နိုင်ပါတယ်။

.

???? ဘယ်အချိန်မှာ ကလေးက တင်ပါးဆုံပိုင်းဖြစ်နေတယ်ဆိုတာ သိနိုင်မလဲ ?

ကိုယ်ဝန် (၃၅/ ၃၆) ပတ်မတိုင်ခင်ထိ ကလေးဟာ တင်ပါးဆုံပိုင်းဖြစ်နေတယ်လို့ အတိအကျမဆိုနိုင်သေးပါဘူး။ သာမန်အားဖြင့် ကိုယ်ဝန်လရင့်လာပြီး မွေးဖွားခါနီးတဲ့အခါ ပုံမှန်အနေအထားကို လှည့်သွားတတ်ပါတယ်။ ကိုယ်ဝန် (၃၅) ပတ်နောက်ပိုင်းမှာတော့ ကလေးကလည်းကြီးလာတာကြောင့် လှည့်ဖို့ခက်သွားနိုင်ပါတယ်။ ကလေးက တင်ပါးဆုံပိုင်းလားဆိုတာ သေချာသိရဖို့ ဆရာဝန်နဲ့ပြသပြီး အာထရာဆောင်း (ultrasound) ရိုက်တာတွေ ပြုလုပ်ရပါမယ်။

.

???? ဆုံပိုင်းကိုယ်ဝန်ဖြစ်နေရင် မွေးဖွားတဲ့အခါ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်သလဲ ?

မွေးဖွားချိန်မတိုင်ခင်ထိတော့ ဆုံပိုင်းကိုယ်ဝန်တွေဟာ ပြဿနာတစုံတရာ မရှိတတ်ပါဘူး။ မွေးဖွားတဲ့အခါ ကလေးက လွယ်လွယ်ကူကူမထွက်နိုင်ဘဲ မွေးလမ်းကြောင်းမှာတစ်နေတတ်ပြီး အောက်ဆီဂျင်ပြတ်တောက်တာမျိုး ဖြစ်နိုင်ပါတယ်။

.

???? ကလေးက တင်ပါးဆုံပိုင်းဖြစ်နေရင် ပုံမှန်အနေအထားရောက်အောင် လုပ်နိုင်သလား ?

ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး ဗိုက်ပေါ်ကနေ လက်ဖြင့် ကလေးအနေအထားပုံမှန်ရောက်အောင် လှည့်တာမျိုး (External Cephalic Version) လုပ်လို့ရပါတယ်။ အများစုက ကိုယ်ဝန် (၃၆) ပတ်နဲ့ (၃၈) ပတ်ကြားမှာ လုပ်ကြပါတယ်။ ပစ္စည်းကိရိယာစုံလင်တဲ့ ဆေးရုံဆေးခန်းမှာသာ လုပ်ဖို့အကြံပေးပါတယ်။

အနံ့စူးရှတဲ့သဘာဝဆီများနဲ့ ပရုတ်ဆီစတဲ့ အဆီများ ( Essential oils) ကို မိခင်ဗိုက်ပေါ်လိမ်းပေးပြီး သန္ဓေသားကို ပုံမှန်အနေအထားသို့လှည့်အောင် လုပ်ဆောင်နိုင်ပါတယ်။ လုပ်သင့်၊ မလုပ်သင့်ကို Senior သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

( ဗိုက်ပြင်ခြင်း သို့ ဗိုက်လှည့်ခြင်းရဲ့ အန္တရာယ်များအကြောင်း ဖတ်ရန် ???????? click here )

.

.

ကလေးက အတည့်မဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေတဲ့အခါ အမေက ပြောင်းပြန်လိုက်နေရသလိုပါပဲ။ ရေကူးကန်ထဲ လက်နှစ်ဖက်ထောက်ပြီးနေတာ၊ ခါးနေရာကို ခေါင်းအုံးခုပြီး မြင့်အောင်လုပ်ထားတာ၊ တင်ပဆုံကို ပိုမြင့်အောင်ခုထားတာစတာတွေ လုပ်ဆောင်နိုင်ပါတယ်။ Inversion လုပ်တယ်လို့ခေါ်ပါတယ်။

အခုခေတ်မှာတော့ ခွဲမွေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး အလွယ်တကူခွဲမွေးနိုင်နေပါပြီ။ ဟိုးအရင်ခေတ်တွေမှာတုန်းကတော့ ကျွမ်းကျင်တဲ့ဆရာဝန်တွေဟာ ရတဲ့နည်းနဲ့ ဆုံပိုင်းကိုယ်ဝန်တွေကို ရိုးရိုးမွေးခဲ့ကြပါတယ်။ ခွဲမွေးတဲ့နည်းပေါ်လာပြီးနောက် ကလေးသေဆုံးနှုန်းနဲ့ ကလေးမွေးဖွားပြီးဆိုးကျိုးတွေပါ နည်းပါးလာတာပဲဖြစ်ပါတယ်။

.

.

???? မေမေများအားလုံး အလွယ်တကူမွေးဖွားနိုင်ကြပါစေ ????

Reference: ????

https://www. healthline.com/health/pregnancy/breech-baby#turning

https://www. http://babycenter.com/…/breech-posterior-transverse-lie…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here