“ ကလေးအကြီးကြီး မီးဖွားခြင်း (Fetal Macrosomia)”

Fetal Macrosomia ဆိုတာ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်ဝန်သက်တမ်းအတိုင်း ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုကြီးနေတာမျိုးဖြစ်ပါတယ်။

Macrosomia ကလေးငယ်တွေဟာ အများအားဖြင့် ကိုယ်အလေးချိန် ၈ ပေါင်၊ ၁၃ အောင်စကျော် ရှိတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ကလေးတွေဟာ ၅ ပေါင်၊ ၈ အောင်စ (2,500 gram) နဲ့ ၈ ပေါင်၊ ၁၃ အောင်စ (4,000 gram) ကြား ရှိတတ်ပါတယ်။

Macrosomia ကလေးတွေဟာ မွေးဖွားရာမှာ ခက်ခဲနိုင်တာကြောင့် ခွဲမွေးရနိုင်ခြေများပြီး မွေးနေစဉ်မှာလည်း ကလေးကို ထိခိုက်ဒဏ်ရာရနိုင်ခြေ များပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ စတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။

..

..

???? ဘယ်လိုအချက်တွေကြောင့် fetal macrosomia ဖြစ်ရသလဲ

ကလေးအားလုံးရဲ့ ၉ ရာခိုင်နှုန်းခန့်ဟာ macrosomia ဖြင့် မွေးဖွားလာတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့…

– မိခင်မှာ ဆီးချိုရောဂါရှိခြင်း

– မိခင်အဝလွန်ခြင်း

– မျိုးရိုးရှိခြင်း

– ကလေးရဲ့ ကျန်းမာရေးအခြေအနေတို့ ဖြစ်ပါတယ်။

.

macrosomia ကလေးရနိုင်ခြေ ပိုများစေတဲ့ အကြောင်းအရင်းတွေကတော့…

• ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆီးချိုရောဂါရှိခြင်း

• ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်များလာခြင်း၊ အဝလွန်ခြင်း

• ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း

• အရင်ကလေးတုန်းကလည်း macrosomia ဖြစ်ဖူးခြင်း

• မွေးရမယ့်ရက်ထက် နှစ်ပတ်ထက်ပိုပြီး ကျော်နေခြင်း

• မိခင်အသက် ၃၅ နှစ်အထက်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

..

..

???? Macrosomia ရဲ့ လက္ခဏာတွေက ဘာတွေဖြစ်နိုင်လဲ

macrosomia ရဲ့ အဓိကလက္ခဏာကတော့ ကလေးမွေးဖွားရက် စောသည်ဖြစ်စေ၊ ရက်စေ့ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ကိုယ်အလေးချိန်က ၈ ပေါင်၊ ၁၃ အောင်စထက် ပိုများနေပါမယ်။

..

..

???? ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကလေးဟာ macrosomia ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ

ဆရာဝန်နဲ့ပြသတဲ့အခါ ကျန်းမာရေးရာဇဝင်နဲ့ ယခင်ကိုယ်ဝန်အကြောင်းကို မေးမြန်းပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း သန္ဓေသားရဲ့အရွယ်အစားကို စစ်ဆေးတာမျိုးတွေ လုပ်နိုင်ပေမယ့် ဒီတိုင်းတာမှုက အမြဲတော့ မမှန်နိုင်ပါဘူး။ သန္ဓေသားရဲ့အရွယ်အစားကို စစ်ဆေးဖို့နည်းလမ်းတွေကတော့…

• Height of Fundus ကိုတိုင်းတာခြင်း — မိခင်ရဲ့ သားအိမ်ထိပ်ကနေ ဆီးခုံရိုးအထိကို တိုင်းတာခြင်းဖြစ်ပါတယ်။ ပုံမှန်အမြင့်ထက် ပိုကြီးနေခြင်းဟာ macrosomia ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

• Ultrasound ရိုက်ခြင်း — ကလေးရဲ့ကိုယ်အလေးချိန်ကို ခန့်မှန်းရာမှာ တိကျမှုမရှိပေမယ့်လည်း သန္ဓေသားဟာ ပုံမှန်အရွယ်ထက် ကြီးနေလား/မကြီးနေလားကို ခန့်မှန်းနိုင်ပါတယ်။

• ရေမြွှာရည်ပမာဏစစ်ဆေးခြင်း — ရေမြွှာရည်များလွန်းခြင်းဟာ ကလေးက ဆီးပိုထွက်နေခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ပိုကြီးတဲ့ကလေးတွေက ဆီးများများပိုထွက်ပါတယ်။

• Nonstress test — ဒီစစ်ဆေးမှုဟာ ကလေးလှုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းကို တိုင်းတာခြင်းဖြစ်ပါတယ်။

• Biophysical profile — ကလေးရဲ့ လှုပ်ရှားမှု၊ အသက်ရှူနှုန်းနဲ့ ရေမြွှာအရည်ပမာဏတွေကို ultrasound နဲ့စစ်ဆေးတာ ဖြစ်ပါတယ်။

..

..

???? ကလေးမှာ macrosomia ဖြစ်နေရင် မွေးဖွားတဲ့အခါ ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ

ကလေးရဲ့ပခုံးဟာ မွေးလမ်းကြောင်းထဲမှာ ညပ်နေပြီး မွေးရခက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ညှပ်ရိုးနဲ့ အခြားအရိုးတွေ ကျိုးသွားနိုင်ပါတယ်။ မွေးဖွားချိန်က ပုံမှန်ထက် ပိုကြာတတ်ပါတယ်။

ညှပ်ဆွဲမွေးရတာနဲ့ လေစုပ်စက်နဲ့မွေးရတာမျိုးတွေလည်း ပိုလိုအပ်နိုင်ပါတယ်။ ခွဲမွေးဖို့လည်း လိုအပ်နိုင်ပါတယ်။ မွေးရခက်နေတဲ့အခါ ကလေးက အောက်ဆီဂျင်လုံလုံလောက်လောက် မရတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ရိုးရိုးမွေးတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြေများရင်တော့ ခွဲမွေးဖို့ လိုအပ်နိုင်ပါတယ်။

..

..

???? နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဘာတွေဖြစ်နိုင်လဲ

Macrosomia ဟာ မိခင်ရော ကလေးအတွက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

မိခင်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေကတော့…

▪️မိန်းမကိုယ် ထိခိုက်ဒဏ်ရာရခြင်း — ကလေးက ပုံမှန်ထက်ကြီးနေတာကြောင့် မွေးနေစဉ်မှာ မွေးလမ်းကြောင်း၊ မိန်းမကိုယ်နဲ့ စအိုကြားရှိ ကြွက်သားတွေနဲ့ ဆီးလမ်းကြောင်းကြွက်သားတွေ စုတ်ပြဲဒဏ်ရာရနိုင်ပါတယ်။

▪️မီးဖွားပြီးနောက် သွေးသွန်ခြင်း — ကလေးမွေးပြီးနောက် သားအိမ်ကြွက်သားတွေ ပုံမှန်အတိုင်း မကျုံ့သွားအောင် တားဆီးတာကြောင့် သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

▪️သားအိမ်ပေါက်ပြဲခြင်း — အရင်က ခွဲမွေးတာ (သို့) သားအိမ်ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးရင် မွေးဖွားစဉ်အတွင်း သားအိမ်ပေါက်ပြဲသွားနိုင်ပါတယ်။ ဒီနောက်ဆက်တွဲဆိုးကျိုးတွေက အသက်အန္တရာယ်ရှိနိုင်ပါတယ်။

.

ကလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့…

• အဝလွန်ခြင်း — မွေးထဲက ပုံမှန်ကိုယ်အလေးချိန်ထက် ပိုကြီးနေတဲ့သူတွေမှာ ကလေးဘဝထဲက အဝလွန်နိုင်ခြေ ပိုများပါတယ်။

• သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်ခြင်း — အချို့မှာ ပုံမှန်သွေးတွင်းသကြားဓာတ်ထက် လျော့နည်းနေနိုင်ပြီး တစ်ခါတစ်ရံ ပိုများနေနိုင်ပါတယ်။

.

အရွယ်ရောက်လာတဲ့အခါ ဖြစ်နိုင်ခြေများတဲ့နောက်ဆက်တွဲပြဿနာတွေကတော့…

– ဆီးချိုရောဂါ

– သွေးတိုးနဲ့

– အဝလွန်ခြင်းတို့ ဖြစ်ပါတယ်။

သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခါးတစ်ဝိုက်တွင် အဆီပိုများစုခြင်းနဲ့ ကိုလက်စထရောများခြင်း စတာတွေဖြစ်နိုင်တဲ့ metabolic syndrome ဖြစ်နိုင်ခြေများပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆီးချိုနဲ့ နှလုံးရောဂါ စတာတွေဖြစ်ဖို့လည်း ပိုများပါတယ်။

Reference : ????

https://www.healthline.com/health/macrosomia…

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here