ကလေးငယ်များဖျားပြီး တက်ခြင်း

မိမိကလေးငယ်ဖျားပြီးတက်နေရင် စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် ဖျားပြီးတက်တဲ့ febrile convulsion အကြောင်းလေးတင်ပြလိုက်ပါတယ်။

ဖျားပြီးတက်တာ ဘယ်လိုကလေးငယ်တွေမှာဖြစ်တတ်တာလဲ

  • များသောအားဖြင့် ၆လအရွယ်မှ၆နှစ်အရွယ်အထိကလေးငယ်တွေ
  • သားယောင်္ကျားလေးတွေမှာအဖြစ်များပါတယ်
  • မေမေဖေဖေတို့ငယ်ငယ်တုန်းကလည်း ထိုနည်းတူစွာဖျားပြီးတက်ခဲ့တဲ့ရာဇဝင်ကို တွေ့လေ့ရှိပါတယ်

ဘယ်လိုအဖျားမျိုးကတက်စေတာလဲ

  • ဖွံဖြိုးဆဲဖြစ်တဲ့ကလေးရဲ့ဦးနှောက်က အဖျားတက်တာကို တုံ့ပြန်မှုလွန်ကဲတာကြောင့် တက်တာပါ။ အများအားဖြင့် အဖျား 100°Fကျော်တဲ့အခါ (သို့) ရုတ်တရက် အဖျားတက်တဲ့အခါမျိုးမှာ တက်တတ်ပါတယ်။ ရာသီတုပ်ကွေးအပါအဝင် virusတော်တော်များများကြောင့် အဖျားတက်တဲ့အခါ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပုံစံမျိုးတက်တာက ရိုးရိုးဖျားပြီးတက်တာလဲ

  • စပြီးဖျားတဲ့ ပထမ(၂၄)နာရီအတွင်း ကလေးအပူမြင့်ချိန်မှာ တက်တာပါ။
  • ပုံမှန် အားဖြင့်တစ်ကြိမ်ပဲတက်လေ့ရှိပြီး တစ်ကိုယ်လုံးတက်သွားတာပါ။ ကြာချိန်က အများအားဖြင့် မိနစ်ပိုင်းပါပဲ။ ( ရှားရှားပါးပါးတစ်ခါတရံ ၁၅မိနစ်လောက်အထိတော့ ဖြစ်တတ်ပါတယ် )
  • တက်ပြီးသွားရင်လည်း ကလေးက လန်းလန်းဆန်းဆန်းပဲ ပြန်ဆော့ကစားနိုင်ပါတယ်။

ကလေးကဖျားပြီးတက်တော့ နောက်ပြန်ဖြစ်မှာလား၊ နောက်ဆက်တွဲဥာဏ်ရည် ထိခိုက်နိုင်လား၊ အတက်ရောဂါဖြစ်သွားမှာလား၊ ဘာတွေဆက်ဖြစ်နိုင်လဲစိတ်ပူနေတဲ့မေမေဖေဖေတို့အတွက်

  • ရိုးရိုးဖျားပြီးတက်တာက ကလေးအသက်(၆)နှစ်ထိတော့ ပြန်ပြန်ဖြစ်နိုင်ပါတယ်
  • သတင်းကောင်းကတော့ ကလေးဥာဏ်ရည်မထိခိုက်စေပါဘူး၊ အတက်ရောဂါလည်းမဖြစ်စေပါဘူး။ ကလေးကကျန်းကျန်းမာမာနဲ့ပဲ ကြီးထွားပါတယ်။

ဒါဆို ဖျားပြီးတက်တိုင်းစိတ်မပူရတော့ဘူးလား။တခြား​ဖျားပြီးတက်စေတဲ့အကြောင်းရင်းတွေရော ရှိသေးလား

  • ကလေးဖျားပြီးတက်နေပြီဆိုရင် ခုန​ကလိုရိုးရိုးအဖျားကြီးလို့တက်တာအပြင် ဦးနှောက်အမြှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာ၊ ဦးနှောက်ပြည်တည်တာ၊ ခန္ဓာကိုယ်ထဲပိုးဝင်ပြီး ပိုးဆိပ်တက်တာ (Septicaemia) စတဲ့ပြင်းထန်ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်
  • ဒါကြာင့်မိမိကလေးငယ်ဖျားပြီးတက်တဲ့ ပထမဦးဆုံးအချိန်ဆိုရင် ဆရာဝန်ဆီကုသဆွေးနွေးတာကအကောင်းဆုံးပါပဲ

အိမ်မှာကလေးတက်နေရင်မေမေဖေဖေတို့ ဘယ်လိုလုပ်ပေးရမလဲ ၊ ဘာလုပ်ပေးနိုင်လဲ

  • ကလေးအနားမှာ အန္တာရာယ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေရှိရင်အဝေးကိုထားပေးပါ
  • ကလေးကို ပြင်ညီမျက်နှာပြင်တစ်ခုခုပေါ်လှဲချပြီး ဘေးတစောင်းထားပေးပါ (ကလေးအသက်ရှူလမ်းကြောင်းထဲ အန်ဖတ်တွေ အကျိအချွဲတွေမဝင်သွားအောင်ပါ၊ ရှိနေရင် အလွယ်တကူမြင်နေရရင် ထုတ်ပေးပါ )
  • တက်နေချိန်မှာ ဖုန်းကင်မရာနဲ့ ဗီဒီယို ရိုက်ထားပြီး တစ်ခါတက်ရင်ဘယ်လောက်ကြာလဲ၊ တစ်နေ့ဘယ်နှစ်ခေါက်တက်သွားလဲ မှတ်ထားပေးပါ( ကလေးရောဂါအခြေအနေသိရှိရေးနဲ့ ကုသရေးအတွက်အများကြီးအထောက်အကူပြုပါတယ် )

❌ တက်နေချိန် ကလေးပါးစပ်ထဲ ဘာမှမထည့်ရပါဘူး

❌ တက်လို့ ခြေတွေလက်တွေလှုပ်နေတာကို ချုပ်တာ ထိန်းတာ ၊ ခြေလက်ချိုးတာတွေ မလုပ်ရပါဘူး

Reference : Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.32

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.