ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပေါ်လာပြီဆိုရင် ကုသလို့မရဘဲ ၁၀၀% သေဆုံးနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။
ဒီအကြောင်းကို အရင်ပထမပို့စ်ထဲမှာ ရောဂါနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေ၊ တစ်ဦးချင်းရောဂါကူးစက်ခြင်းလမ်းကြောင်းတွေနဲ့အတူ ကာကွယ်ဆေးရဲ့အရေးပါမှုတွေပါ အသေးစိတ်ရှင်းပြထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
(မဖတ်ရှုရသေးသူတွေအတွက် 👉👉 click here )
အခုကတော့ အဲဒီပို့စ်တင်ပြီးတဲ့နောက် တယ်လီကျန်းမာ messenger ကို နောက်ဆက်တွဲမေးခွန်းတွေ အများအပြား လာရောက်မေးမြန်းကြတာကြောင့်….
ခွေးရူးပြန်ရောဂါနဲ့ ကာကွယ်ဆေးအကြောင်း ပိုမိုနားလည်ကြစေဖို့အတွက် အမေးများတဲ့ နောက်ဆက်တွဲမေးခွန်းတွေနဲ့ ဖြေကြားချက်တွေကို အများပြည်သူသိရှိအောင် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
…
…
၁။ ကြောင်ကုတ်တာခံရတယ်။ ခြစ်ရာပဲရှိတယ်။ ဆေးထိုးစရာ လိုမလား။
ခွေးရူးပြန်ရောဂါဆိုတာ တံတွေးမှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ လက်သည်းမှတစ်ဆင့် ကူးစက်နိုင်ခြေ အလွန်ကိုနည်းပါတယ်။ ဒါပေမယ့် ဒဏ်ရာနက်ရင်၊ လမ်းဘေးကြောင်ဖြစ်ရင်၊ ကြောင်ရဲ့လက်ရှိအခြေအနေက မူမမှန်ရင်တော့ ဆေးထိုးထားတာ ပိုစိတ်ချရပါတယ်။
ကုတ်တာရော၊ ကိုက်တာပါ ခံရမယ်ဆိုရင်တော့ သေချာပေါက် ဆေးထိုးဖို့လိုပါမယ်။ သေချာသိထားဖို့က တိရစ္ဆာန်ရဲ့တံတွေးနဲ့ မိမိအရေပြားမှာရှိတဲ့ ပွန်းရာ ပြဲရာနဲ့ ထိမယ်ဆိုရင် ကာကွယ်ဆေးထိုးထားတာ စိတ်အချရဆုံးပါ။
အထူးသဖြင့် ကလေးများ ကြောင်၊ ခွေး ကုတ်ခံရရင် ဆေးထိုးထားတာ အကောင်းဆုံးပါ။ ကလေးက ဖြစ်ကြောင်းကုန်စင် ရှင်းပြတတ်မှာ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာဆိုရင် အခန်းထဲမှာ လင်းနို့တွေ့ရင်၊ ကလေးလည်း အဲဒီအခန်းထဲမှာရှိမယ်ဆိုရင်ကို ဒဏ်ရာရှာမတွေ့ရင်တောင် ကလေးကို ကာကွယ်ဆေး ထိုးပေးကြပါတယ်။
ကြောင်ကုတ်ခံရတာဖြစ်ဖြစ် အကိုက်ခံရတာဖြစ်ဖြစ် ဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အကုတ်ခံရရင် မေးခိုင်ကာကွယ်ဆေးက ထိုးကိုထိုးဖို့လိုအပ်တာမို့ ဆေးခန်းတော့သွားရမှာပါ။
.
၂။ ခွေးရူးပြန်ကာကွယ်ဆေးက အကိုက်ခံရပြီး ရက် အကြာကြီးနေမှ ထိုးလို့ရလား။
တတ်နိုင်သမျှ အမြန်ဆုံးထိုးတာ အကောင်းဆုံးပါ။
Incubation period လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ရောဂါပိုးပျံ့နှံ့ဖို့ကြာချိန်က တစ်လမှ ၃ လ ကြာနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာနဲ့ဦးနှောက်ရဲ့အကွာအဝေး၊ ပိုးကောင်ရေအရေအတွက် အနည်းအများပေါ် မူတည်ပြီး ရောဂါလက္ခဏာစပြဖို့အချိန်က တစ်ပတ်ကနေ နှစ်တွေအထိ ကြာနိုင်တာမို့ အကိုက်ခံရတဲ့နေ့ကတည်းက ဆရာဝန်ဆီသွားပြီး ဆေးထိုးသင့်/ မထိုးသင့် တိုင်ပင်ဖို့ လိုပါတယ်။
ဒဏ်ရာပြင်းထန်ရင်၊ ဦးနှောက်နဲ့နီးတဲ့ မျက်နှာတို့ လက်တို့မှာ အကိုက်ခံရင် Immunoglobulin ထိုးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ၇ ရက်လောက်မှရတဲ့ (ရိုးရိုး ကာကွယ်ဆေး vaccine ကြောင့်ထွက်လာမယ့်) ခုခံအားထက် ပိုမြန်မယ့်ကာကွယ်မှုကို လိုအပ်လို့ immunoglobulin ချက်ချင်းထိုးတာပါ။
မြန်မြန်ထိုးနိုင်လေ ကောင်းလေပါပဲ။
.
၃။ ကာကွယ်ဆေးကို တစ်ပုလင်းထဲကနေ လူတွေ အများကြီးပေါင်းထိုးလို့ ရပါသလား။
ထိုးနှံတဲ့နည်းလမ်းနဲ့ ဆေးအမျိုးအစားပေါ် မူတည်ပါတယ်။ တချို့ဆေးတွေက အရေပြားအောက် (subdermal) နည်းလမ်းနဲ့ ထိုးမယ်ဆိုရင်တော့ မျှဝေထိုးနှံလို့ ရနိုင်ပါတယ်။
အဓိကအရေးကြီးတာက ကာကွယ်ဆေးထိုးချိန်မှာ ဘယ်ဆေးအမျိုးအစားကို ဘယ်နည်းလမ်းဆိုရင် ဘယ်လောက်ပမာဏ ထိုးနှံရမယ်ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ အဲဒီသတ်မှတ်ထားတဲ့နည်းလမ်းနဲ့ ပမာဏ (route & dose) မှန်ကန်အောင်ထိုးနှံဖို့တော့ လိုအပ်ပါတယ်။
(ကြုံခဲ့ရတာလေးတစ်ခုက တစ်ယောက်တည်း ဆေးတစ်လုံးထိုးရမယ့် ဆေးအမျိုးအစားကို လူအများမျှဝေထိုးနေကြတာ ကြုံခဲ့ရတာမို့ ဒါတွေဟာ အင်မတန်အန္တရာယ်များတဲ့ လုပ်ရပ်တွေပါ။ အမှန်တကယ် တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီးမှသာ ကာကွယ်ဆေးကို စနစ်တကျ တိကျမှန်ကန်စွာ ထိုးနှံသင့်ပါတယ်)
.
၄။ ကာကွယ်ဆေးကို ရက်အပြည့်မထိုးမိဘူး။ မေ့သွားလို့ နောက်ကျမှထိုးမိတယ်။ ဘယ်လိုလုပ်ရမလဲ။ ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီလား။
ခွေးရူးပြန်ကာကွယ်ဆေးဆိုတာက မိမိကိုကိုက်တဲ့ တိရစ္ဆာန်မှာ ခွေးရူးပြန်ရောဂါ ရှိ/ မရှိ မသေချာလို့ ထိုးရတာပါ။
ကိုက်လိုက်တဲ့တိရစ္ဆာန်ကို စောင့်ကြည့်ဖို့ လိုပါတယ်။ အကယ်၍ ကိုက်လိုက်တဲ့တိရစ္ဆာန်က မရူးသွားဘူးဆိုရင် ကာကွယ်ဆေး ရက်အပြည့်မထိုးမိတာ ဘာမှမဖြစ်ပါဘူး။
လမ်းဘေးခွေး သို့ ကြောင်ကကိုက်တာ ခံလိုက်ရတယ်။ ကိုက်လိုက်တဲ့တိရစ္ဆာန်က ရူးသွားလား မရူးသွားလား မသိဘူးဆိုရင်တော့ ဒီမေးခွန်းကို ဆရာဝန်တွေလည်း မဖြေနိုင်ပါဘူး။
အရင်ပို့စ်မှာပြောခဲ့သလိုပဲ တိရစ္ဆာန်က ရူးသွားလား/ မရူးသွားလား စောင့်ကြည့်ပြီး ရူးသွားမှဆေးထိုးမယ်လည်း လုပ်လို့မရပါဘူး။
ကာကွယ်ဆေးကို ပမာဏအပြည့်၊ ရက်အပြည့် နည်းမှန်လမ်းမှန်ထိုးဖို့ အရေးကြီးပါတယ်။ ထိုးဖို့မေ့သွားရင် သတိရတာနဲ့ သွားထိုးပါ။ ကာကွယ်မှုအပြည့်ပေးနိုင် မပေးနိုင်တော့ သေချာမသိနိုင်ပါဘူး။ ဒါကြောင့် ရက်အပြည့်ကို သတိတရနဲ့ထိုးဖို့ အင်မတန်အရေးကြီးပါတယ်။
.
၅။ ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးလို့ ရပါသလား။
ဘယ်သူမဆို ကြိုတင်ထိုးလို့ရပါတယ်။
တိရစ္ဆာန်နဲ့ အနေနီးသူတွေ၊ တိမွေးကုဆရာဝန်တွေ၊ pet shop တွေမှာ အလုပ်လုပ်သူတွေကတော့ သေချာပေါက်ထိုးထားဖို့ လိုပါတယ်။
ကြိုတင်ထိုးထားပြီးရင်လည်း ခွေးကိုက်ခံရပြီးရင် booster dose အနေနဲ့ အကိုက်ခံရတဲ့နေ့နဲ့ ၃ ရက်မြောက်နေ့မှာ ကာကွယ်ဆေးထပ်ထိုးဖို့ လိုပါသေးတယ်။
.
၆။ အိမ်မွေးခွေးလေး ကုတ်တာ၊ ကိုက်တာ ခံရပါတယ်။ ခွေးက ကာကွယ်ဆေး ပုံမှန်ထိုးထားပါတယ်။ ဆေးထိုးစရာ လိုပါသေးသလား။
ဆေးထိုးဖို့ လိုပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေကို နှစ်စဉ်ပုံမှန် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ လိုသလို အဲဒီဆေးထိုးထားတဲ့ တိရစ္ဆာန်က လူကိုကိုက်ရင် အကိုက်ခံရတဲ့သူကို ဆေးထိုးဖို့လိုပါတယ်။
ကူးစက်နိုင်ခြေနည်းပေမယ့် မကူးဘူးဆိုတာ မသေချာလို့ပါ။ ကူးစက်ခံရရင် သေကိုသေမယ့်ရောဂါမို့ ကာကွယ်ဆေးထိုးထားတာက စိတ်အချရဆုံးမို့ပါ။
အိမ်မွေးတိရစ္ဆာန် မွေးတော့မယ်ဆိုရင် ဒီအချက်ကို သေချာစဉ်းစားဖို့လိုပါတယ်။ ကာကွယ်ဆေးက ဒီခေတ်မှာ စျေးတအားကြီးတာမို့ မိမိမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်က တစ်ယောက်ယောက်ကို ကိုက်လိုက်ရင် တာဝန်ယူဖို့လည်း လိုအပ်ပါတယ်။ လူ့အသက်တစ်ချောင်းက ပြန်မရနိုင်လို့ပါ။
…
…
ဆက်စပ်ပြီးပြောရရင်
ပထမပိုစ့်တင်အပြီး messenger ကိုလာမေးကြတဲ့ မေးခွန်းတွေထဲမှာ ၁၀ နှစ်ကျော်က အကိုက်ခံရတာတွေ၊ လွန်ခဲ့တဲ့နှစ်က အကိုက်ခံရတာတွေ မေးကြတာများပါတယ်။ ကိုက်လိုက်တဲ့တိရစ္ဆာန်က ခုချိန်ထိ မရူးဘူးဆိုရင် ဘာမှမဖြစ်ပါဘူး။ ကိုက်လိုက်တဲ့ တိရစ္ဆာန် က ရူးလား/ မရူးလား မသိသလို၊ ကာကွယ်ဆေးလည်း မထိုးလိုက်မိဘူးဆိုရင် ရောဂါကူးစက်သွားလား/ မသွားလားကို မေးခွန်းထုတ်ရင် ကျွန်တော်တို့ ဆရာဝန်တွေမှာလည်း အဖြေမရှိပါဘူး။
အလားတူပဲ ဒဏ်ရာကိုလည်း ပွန်းရာပဲဖြစ်တာ၊ အနာရှာမတွေ့ဘူး ထိုးဖို့လိုလား မလိုလားတွေ မေးကြပါတယ်။ ဒီမေးခွန်းအတွက်ကတော့ ပါးစပ်နဲ့ အဟပ်ခံရတာပဲဖြစ်ဖြစ်၊ ဒဏ်ရာပါးပါးလေးပဲဖြစ်ဖြစ် ဆရာဝန်ဆီသွားပြီး ဆေးထိုးဖို့လိုလား/ မလိုလား ချက်ချင်းသွားမေးဖို့ အရေးကြီးပါတယ်။ ဒဏ်ရာအတိမ်အနက်ကို ဖြစ်တဲ့အချိန်မှာ နားလည်တတ်ကျွမ်းသူ ဆရာဝန်ကိုပြပြီး လိုအပ်တယ်ဆိုရင် ဆေးထိုးလိုက်ပါ။ မလိုအပ်ရင်တော့ ဆရာဝန်က ဆေးထိုးခိုင်းမှာ မဟုတ်ပါဘူး။ Category 1 ဒဏ်ရာက ဆေးထိုးစရာမလိုလို့ပါ။
ခွေးကိုက်ခံရတဲ့ဒဏ်ရာကို ချုပ်ဖို့လိုလား မလိုလားဆိုတာကတော့ ဒဏ်ရာကြီးရင် သွေးမတိတ်ရင် ချုပ်ရပါလိမ့်မယ်။ ပွန်းရာပဲဆိုရင်တော့ ချုပ်စရာမလိုအပ်ပါ။
.
ထပ်မံပြီး အသိပေးပါရစေ။ ခွေးရူးပြန်ရောဂါက ကြောက်စရာကောင်းပါတယ်။ အကိုက်ခံရရင် ကာကွယ်ဆေးကို အမြန်ဆုံးနဲ့ နည်းမှန်လမ်းမှန်၊ ရက်ပြည့်၊ ဆေးပမာဏအပြည့်ထိုးဖို့ အလွန်ကို အရေးကြီးကြောင်း ပြောကြားရင်း…
အားလုံးပဲ ဂရုစိုက်ကြပါနော်…။
Dr. Latte
တယ်လီကျန်းမာ
Ref : 📚
https:// www. who. int / news-room/fact-sheets/detail/rabies
https:// www. cdc. gov / rabies/hcp/clinical-overview/index.html
https:// www. mayoclinic. org/ diseases-conditions/rabies/symptoms-causes/syc-20351821
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.