( ဆေးပညာအရ syncope ၊ အရပ်အခေါ် fainting )ဆိုတာဟာ ဦးနှောက်ကိုရောက်တဲ့ အောက်စီဂျင်ပမာဏ နည်းလို့ ရုတ်တရက်ခဏတာ သတိလစ်တာကိုပြောတာပါ။

ဒီလိုသတိလစ်တာဟာ စက္ကန့်ပိုင်းကနေ ၃ မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။

( vasovagal attack ဒါမှမဟုတ် passing out လို့လည်း သုံးကြပါတယ် )

လူနာအများစုမှာ နှလုံးခုန်နှုန်းနှေးနေပြီး ဦးနှောက်ကို သွားရမယ့်သွေးတွေဟာ ခြေထောက်မှာအိုင်နေတတ်ပါတယ်။

တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့…

– ရုတ်တရက် ခေါင်းမူးလာခြင်း

– အားမရှိသလိုခံစားရပြီး လဲကျခြင်း

– အသံတိုးတိုးလေးပဲ ကြားတော့ခြင်း (သို့မဟုတ်) အမြင်အာရုံ ဝေဝါးလာခြင်း

– ပျိူ့အန်ခြင်း

– အရေပြားတွေ အေးသလိုလို၊ ပူသလိုလို ခံစားရခြင်း

– ဖြူဖက်ဖြူရော်ဖြစ်လာခြင်း

– ချွေးစေးများပြန်လာခြင်း နဲ့

– သွေးခုန်နှုန်းနှေးခြင်း အစရှိတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် သတိလစ်တဲ့အခါမှာ ခဏတာကြွက်တက်တတ်တာမို့ ဝက်ရူးပြန်ရောဂါနဲ့လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် Fainting ရတဲ့လူနာဟာ မကြာခင်သတိပြန်ရလာတတ်ပါတယ်။

Fainting attack မဖြစ်ပေါ်မီ လူနာဟာ မိမိသတိလစ်တော့မယ်လို့ အမြဲကြိုခံစားပြီး သိနေတတ်ပါတယ်။ ဒီလိုအချိန်မှာ လှဲအိပ်လိုက်တာ ဒါမှမဟုတ် ထိုင်ချလိုက်တာမျိုး ပြုလုပ်သင့်ပါတယ်။

အကယ်၍များ သတိလစ်သွားတဲ့လူနာက နှလုံးမခုန်တော့ဘူး ၊ အသက်မရှူတော့ဘူးဆိုရင်တော့ ဒါဟာ ရုတ်တရတ် နှလုံးခုန်ရပ်သွားတာ (sudden cardiac arrest) ဖြစ်ဖို့ ဖြစ်နိုင်ခြေများသွားပါပြီ

..

ဘာ့ကြောင့် သတိလစ်သွားတာလဲ?

ဦးနှောက်ကိုသွေးစီးဆင်းမှု ရုတ်တရက်နည်းသွားလို့ဖြစ်တာပါ။

ဘယ်အကြောင်းအရာတွေက သတိလစ်စေနိုင်သလဲ ?

– အချိန်ကြာကြာ မတ်တပ်ရပ်နေသူတွေမှာ Fainting ဖြစ်တတ်ကြပါတယ် (အထူးသဖြင့် နေပူထဲ ကြာကြာရပ်နေတဲ့လူတွေမှာ ပိုဖြစ်ပါတယ်) ထိုင်နေရင်းလည်း ဖြစ်နိုင်ပေမယ့် လှဲအိပ်နေရင်တော့ ဖြစ်နိုင်ခြေနည်းပါတယ်။

– ရုတ်တရက်စိတ်လှုပ်ရှားတာမျိုးတွေမှာလည်း ဖြစ်လေ့ရှိပါတယ် (ဥပမာ-အထိတ်အလန့်ဖြစ်တာမျိုး / သွေးထွက်သံယိုကိစ္စတွေမြင်ပြီး သတိလစ်တာမျိုး )

– တစ်ခုခုကို အချိန်ကြာကြာအားစိုက်ထုတ်ရတာမျိုးမှာလည်း ဖြစ်တတ်ပါတယ်

ဥပမာ…

(၁) ချောင်းအရမ်းဆိုးပြီး ရုတ်တရတ်သတိလစ်တာကို (cough syncope) လို့ ခေါ်ပါတယ်။

(၂) ဝမ်းချုပ်တဲ့အခါ ဝမ်းသွားဖို့ အားစိုက်ပြီးညှစ်ရတာမျိုးမှာလည်း syncope ရတတ်ပါတယ်။

– နာကျင်မှု အရမ်းပြင်းထန်ရင်လည်း သတိလစ်တတ်ပါတယ်

– လှဲနေတာကနေ ရုတ်တရက်ထတဲ့အခါ ၊ ထိုင်နေတာကနေ ခပ်မြန်မြန်ထတဲ့အခါမှာလည်း ခဏတာသတိလစ်တတ်ပါတယ်

( orthostatic hypotension လို့ ခေါ်ပါတယ် )

– လည်ပင်းကသွေးကြောကို ဖိအားပေးရင်လည်း သတိလစ်တတ်ပြီး ဒါကိုတော့ (carotid sinus syncope)လို့ ခေါ်ပါတယ်။

– ဆီးသွားရင်း သတိလစ်တာမျိုးလည်း ရှိပါတယ်

(အထူးသဖြင့် သက်ကြီးပိုင်းတွေ ညအခါ ဆီးထသွားရင် ဖြစ်တတ်ပြီး micturition syncope လို့ ခေါ်ပါတယ်။)

– နှလုံးကညှစ်ပို့တဲ့သွေးပမာဏကို နည်းစေတဲ့ နှလုံးရောဂါမျိုးတွေ…..နှလုံးခုန်နှုန်း အရမ်းမြန်တာ၊ အရမ်းနှေးတာ၊ စည်းချက်(rhythm) မမှန်တာ အစရှိတဲ့ နှလုံးရောဂါတွေဟာလည်း ခဏတာ သတိလစ်စေပြီး ဒါမျိုးကိုတော့ ( cardiac syncope )လို့ ခေါ်ပါတယ်

ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?

သတိလစ်တာဟာ ဘယ်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ မိန်းကလေး ၂ ယောက်မှာ ၁ ယောက်၊ ယောကျာ်းလေး ၄ ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ခြေရှိပါတယ်။

..

..

ဘယ်အရာတွေက သတိလစ်ခြင်းအန္တရာယ်ကို ပိုများစေသလဲ ?

– (ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆရာ) ဖိစီးမှု

– ပူနွေးစိုစွတ်တဲ့ရာသီဥတု ဒါမှမဟုတ် လေဝင်လေထွက်မကောင်းတဲ့အခန်း

– အသက်အရွယ်ကြီးသူများ

– အချိန်ကြာကြာမတ်တပ်ရပ်နေရခြင်း (ဥပမာ-ရဲဘော်တွေ သတိစွဲထားတာမျိုး)

– ဓမ္မတာလာနေစဉ်ကာလ (အထူးသဖြင့် နာကျင်တာမျိုးရှိရင် ဖြစ်နိုင်ခြေပိုပါတယ်)

– အရက်သောက်ခြင်း

– ဆေးဝါးတွေ (အထူးသဖြင့် သွေးပေါင်ကျစေတဲ့ ဆေး၊ နှလုံးခုန်နှေးစေတဲ့ဆေး) နဲ့

– ဆီးချိုရောဂါရှိတာတွေဟာလည်း သတိလစ်ခြင်းအန္တရာယ်ကို ပိုများစေပါတယ်

..

..

သတိလစ်ပြီးနောက် ဘာတွေ ဖြစ်နိုင်လဲ?

သာမန်သတိလစ်တာဟာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်ကောင်းသွားလေ့ရှိပါတယ်။

နောက်ဆက်တွဲ ပြသနာတွေကိုတော့ သတိထားသင့်ပါတယ်။

– လဲကျတဲ့အချိန် ဒဏ်ရာရနိုင်ပါတယ်

(ဒါပေမယ့် တဖြည်းဖြည်းလဲကျတာ များပါတယ်)

– တခြားပြင်းထန်ရောဂါတွေနဲ့မှားပြီး ဆေးကုလွန်တာတွေ ဖြစ်တတ်ပါတယ်။

( ဥပမာ….ရုတ်တရက် နှလုံးခုန်ရပ်သွားတာလို့ ထင်မိတာမျိုး )

နှလုံးရောဂါအတွက်ဆိုရင် ECG ဆွဲဖို့လိုပြီး လိုအပ်ရင် တခြားစမ်းသပ်မှုတွေလည်း လုပ်ဆောင်ရပါတယ်။

သတိလစ်တာကို ဘယ်လို ကုမလဲ ?

– သတိလစ်တဲ့သူက အသက်ရှူနေပြီး ပုံမှန်သွေးခုန်နေရင် လူနာကို ကြမ်းပြင်ပေါ်မှာပဲ လှဲအိပ်ပါစေ။ ဦးခေါင်းကိုအနိမ့်ဘက်မှာထားပါ။ ပက်လက်အနေအထားမဟုတ်ဘဲ ဘယ်ဘက်ကိုစောင်းပေးပြီး သက်သောင့်သက်သာရှိအောင် ပြုစုပေးပါ။ ခြေထောက်နှစ်ဘက်ကို မြှောက်ပေးခြင်းက နှလုံးကိုသွေးပိုရောက်စေပါတယ်။

– လူနာကို ၁၀ မိနစ်ခန့် လှဲလျက်အိပ်ပါစေ။

– လူတစ်ယောက်က မူးလဲမလိုဖြစ်လာရင် ချက်ချင်း ထိုင်ချပြီး ဦးခေါင်းကို ခြေထောက်နှစ်ဖက်ကြား ထားသင့်ပါတယ်။ ဒါမှမဟုတ် လှဲအိပ်သင့်ပါတယ်။

– သက်သာတာနဲ့ ခဏတာအတွင်း ပုံမှန်ပြန်လှုပ်ရှားပေးပါ။

– သတိလစ်တာအတွက် ဆေးသောက်ဖို့ မလိုပေမယ့် ရောဂါအခံရှိမယ်ဆိုရင်တော့ (ဥပမာ-နှလုံးစည်းချက် မမှန်တာမျိုး)အတွက် ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။

..

..

ကြိုတင်ကာကွယ်ခြင်း

သင်ဟာ မကြာခဏ သတိလစ်တတ်ရင်…

(၁) အမြင့်တက်ခြင်း၊ ကားမောင်းခြင်း၊ အန္တရာယ်ဖြစ်စေတဲ့စက်ပစ္စည်းအသုံးပြုခြင်း စတဲ့ အသက်အန္တရာယ်ဖြစ်စေမယ့်ကိစ္စတွေ ရှောင်ပါ။

(၂) မိမိကိုသတိလစ်စေတဲ့ အကြောင်းအရာတွေကို ရှောင်ပါ။ (ဥပမာ-အချိန်ကြာ မတ်တတ်ရပ်တာ၊ ရေနွေးနဲ့ အချိန်ကြာ ရေချိုးတာ)

(၃) ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားတာ/ ရုတ်တရတ် ထတာ/ ထိုင်တာတွေ မလုပ်ပါနဲ့

(ဖြည်းဖြည်းချင်း ထိုင်ပါ/ ထပါ)

(၄) ခေါင်းမူးရင် ချက်ချင်းထိုင်ချပြီး ရေတစ်ခွက်အပြည့် သောက်ပေးပါ။

( ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်အောင်နေပါ )

(၅) Social drugs (ဥပမာ-စိတ်ကြွဆေး)နဲ့ တခြားဆေးဝါးတွေကြောင့် သတိလစ်တာဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.269

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here