Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ

မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် “ တက်” နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့…

၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်….အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။
( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။ အန္တရာယ်ပေးနိုင်ပြီး လူနာကို နာကျင်ခံစားရစေမယ့်လုပ်ရပ်တွေဖြစ်တာကြောင့် ရှောင်ကျဥ်ရပါမယ် )

Epilepsy အတက်ရောဂါဆိုတာဟာ ဦးနှောက်အတွင်းတစ်နေရာမှာ အာရုံကြောဆဲလ်တွေ လှုံ့ဆော်မှုမညီမျှတာကြောင့် ဖြစ်ရတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ၊ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလောက် တက် တာကနေ…တစ်ကိုယ်လုံး တက် တဲ့အထိ အမျိုးအစားများစွာရှိပါတယ်

ဦးနှောက်အမြှေးပါးရောင်လို့တက်တာ ၊ အဖျားကြီးလို့ တက်တာနဲ့ တခြားရောဂါအမျိုးမျိုးကြောင့်တက်တာ…စတာတွေနဲ့ ပုံစံကွဲပါတယ်။

ဘယ်လိုလူတွေ Epilepsy (အတက်ရောဂါ)ကို ခံစားကြရသလဲ

ဒီရောဂါရှိနေသူတော်တော်များများမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ တိကျတဲ့အချက်ကို မတွေ့ရသေးပါဘူး။ ဒါပေမယ့် မျိုးရိုးထဲ အတက်ရောဂါရှိသူတွေမှာ ပိုပြီး အဖြစ်များတာတွေ့ရပါတယ်။

ကလေးအရွယ်တွေမှာတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတာ ၊ မျိုးရိုးလိုက်တတ်တဲ့ တခြားရောဂါတစ်ခုခုရှိနေတာ ၊ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်တာ ၊ ဦးနှောက်ထဲ ရောဂါပိုးဝင်ရောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။

လူငယ် လူလတ်ပိုင်းတွေမှာတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတာ ၊ ဦးနှောက်ထဲ ကင်ဆာအကြိတ်ရှိနေတာနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖြတ်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ ​

လူကြီးပိုင်းတွေမှာတော့ လေဖြတ်ခြင်းကြောင့် အတက်ရောဂါဖြစ်လာနိုင်သလို တခြား အယ်လ်ဇိုင်းမားလို ဦးနှောက်နဲ့အာရုံကြောရောဂါတွေနဲ့ ဆက်စပ်နေတာကိုလည်း တွေ့ရှိရပါတယ်။

ခန္တာကိုယ်တွင်း ဇီဝဖြစ်စဥ်ပြောင်းလဲမှုကို ဖြစ်စေတဲ့ရောဂါတွေကလည်း epilepsyကို ဖြစ်စေတတ်ပါတယ်

Epilepsyရောဂါဟာ မျိုးရိုးဗီဇနဲ့သက်ဆိုင်တဲ့ geneပြောင်းလဲမှုဖြစ်စေတဲ့ရောဂါအများစုနဲ့လည်း ဒွန်တွဲနေတာမို့ အထူးကုဆရာဝန်ကြီးများနဲ့ သေချာစွာတိုင်ပင်စစ်ဆေးပြီး ညွှန်ကြားတဲ့ဆေးဝါးများ မပျက်မကွက်သောက်နေဖို့ လိုပါတယ်။

မိမိရှေ့ တက်ပြီး အကြောဆွဲနေသူတယောက်ရှိလျှင် ဘာလုပ်မလဲ

( လူနာကို နာကျင်အောင်ချိုးနှိမ် တက်ဖိခြင်းများ လုံးဝ လုံးဝ မပြုလုပ်ရပါ။ )

လူနာကို လေကောင်းလေသန့်ရနိုင်ဖို့အတွက်….ဘေးနားမှာ စုပြုံအုံခဲပြီး တိုးဝှေ့ကြည့်ရှုနေတာမျိုးတွေ မဖြစ်ပါစေနဲ့

တက်နေတဲ့လူနာကို ဘေးစောင်း အနေအထားထားပြီး ခေါင်းနဲ့ ကြမ်းပြင်အကြား လူနာ့လက်ကို ခံထားပေးတာမျိုး/ အ၀တ်ပျော့ပျော့နဲ့ ခုထားပေးတာ မျိုးပြုလုပ်ပေးပါ။ ပါးစပ်က စီးကျနေတဲ့အရည်တွေ ရှိနေရင် အသက်ရှူလမ်းကြောင်းမပိတ်ဆို့အောင် သုတ်ပေးတာ /မပိတ်စို့အောင် ပြုပြင်ထိန်းပေးတာ လုပ်ပေးပါ။

မှတ်တမ်းမှတ်နိုင်တဲ့ ဖုန်း ကင်မရာတို့ရှိခဲ့ရင်တော့ တက်နေစဥ် ရိုက်ကူးမှတ်တမ်းတင်ပြီး ဆရာဝန်နဲ့တွေ့တဲ့အခါ ပြသပေးပါ။

အတက်ကြာချိန်ကို အမြဲ မှတ်သားထားပါ၊ ၁၀မိနစ်နဲ့အထက် တက်နေရင် ဆေးရုံသို့အမြန်သွားပါ။

နဂို အတက်ရောဂါရှိသူ / မကြာခန တက် တတ်သူများအတွက် ဘာတွေပြုလုပ်ရမလဲ

အတက်ကျဆေးကို မလွတ်စေဘဲ ပုံမှန်သောက်ပါ။ အစားအစာကို ဖြစ်သလိုမစားဘဲ ဂရုစိုက်စားသောက်ပါ ။ မီးရောင် မှိတ်တုတ် မှိတ်တုတ်ကို စိုက်ကြည့်ခြင်းနဲ့ စူးရှတုန်လှုပ်ဖွယ်အသံတို့ နားထောင်ခြင်းကိုရှောင်ပါ။ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးများ သုံးစွဲမှု လုံး၀မပြုလုပ်ပါနဲ့။

အိပ်ရေး ဝဝ အိပ်ပျော်အောင်အိပ်ပါ။ အိပ်မပျော်စေသော အကျင့်များကိုရှောင်ကြဥ်ပါ။
( ညဘက်ဖုန်းကြည့်ခြင်း၊ တီဗွီ နဲ့ ကွန်ပျူတာတို့ကို အလွန်အကျွံ ကြည့်ရှုခြင်းကိုရှောင်ကြဥ်ပါ )

အတက်ကျဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက်သောက်ပါ။ အတက်ရောဂါရှိသူ အမျိုးသမီး သန္ဓေတားဆေး သောက်မယ်ဆိုရင်တော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး အတက်ကျဆေးကို ဆေးအတိုးအလျော့ ပြန်ချိန်ရပါမယ်။

အတက်ကျဆေး သောက်နေရသူအမျိုးသမီးဟာ ကိုယ်၀န်ရှိလာခဲ့ရင် /နို့တိုက်မိခင် ဖြစ်နေရင် ဆရာ၀န်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

အတက်ရောဂါသည်တစ်ယောက် နာရီ၀က်နီးပါး မရပ်မနား တက်နေရင် (သို့) တက်ချိန် တစ်ခုနဲ့တစ်ခုကြား သတိပြန်မလည်လာဘဲ ထပ်ပြီး တက်နေရင်တော့ အသက်အန္တရာယ်ရှိပြီး ဦးနှောက်ပျက်စီး ချို့ယွင်းမှု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တက်တဲ့ချိန်ကို သေချာမှတ်သားထားဖို့နဲ့ တက်ချိန် အများဆုံးမိနစ်(၂၀) မကျော်စေဘဲ နီးစပ်ရာဆေးရုံဆေးခန်း အမြန်ဆုံးပြသပေးဖို့ဟာလည်း အရေးကြီးပါတယ်။

Epilepsyအတက်ရောဂါဟာ ရှောင်လွှဲမရတဲ့ရောဂါ တစ်ခုမို့ မငြူဆူဘဲ ရောဂါသည်ကို တတ်နိုင်သမျှပြုစုစောင့်ရှောက်ကူညီပေးရပါမယ်။

အတက်ရောဂါသည်များနဲ့ ပြုစုစောင့်ရှောက်သူများအားလုံး စိတ်ပျက်အားငယ်မနေစေရဘဲ သာမာန် မိသားစုဘဝတစ်ခု ပျော်ရွှင်စွာဖန်တီးနိုင်ပါစေလို့ ဆုတောင်းလျက်….

Reference ????
https://emedicine.medscape.com/article/1184846-workup#c10
Davidson’s Principles and Practice of Medicine 24th edition

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.