“ သားအိမ်သွေးလုံးရောဂါ (သို့) သားအိမ်နံရံအတွင်းရှိ နံရံဆဲလ်များ ပွားနေသောရောဂါ (Endometriosis)”

အမျိုးသမီး အယောက် ၁၀၀ မှာ ၁၀ ယောက် (သို့) ကမ္ဘာပေါ်က အမျိုးသမီး သန်း ၁၉၀ ဟာ သွေးလုံးရောဂါ (ခေါ်) Endometriosis ကို ခံစားရတတ်ပါတယ်။

ဒါဆို အမေးများတဲ့ မေးခွန်းလေးတွေက….

???? Endometriosis ဆိုတာ ဘာလဲ

Endometriosis ဆိုတာဟာ သားအိမ်နံရံအတွင်းသားမှာရှိတတ်တဲ့ ပုံမှန်တစ်သျူးဆဲလ်တွေဟာ သားအိမ်အပြင်ဘက်ရှိ သားဥအိမ်၊ သားဥပြွန်နဲ့ တင်ပါးဆုံနားရှိ အင်္ဂါတွေအထိပါ ပျံ့လာပြီး (အများအားဖြင့်) အမျိုးသမီးတွေရဲ့ ဆီးစပ်နေရာကို နာကျင်ကိုက်ခဲစေတတ်တဲ့ရောဂါ ဖြစ်ပါတယ်။

???? ဘယ်လို ရောဂါလက္ခဏာပြတတ်လဲ

• ရာသီလာချိန် (သို့) လာခါနီးအချိန်တွေမှာ ဆီးစပ်၊ ခါး၊ ဗိုက် စတဲ့နေရာတွေ ပုံမှန်ထက်ပိုပြီး ကိုက်ခဲမယ်

• ဒါ့အပြင် ရာသီလာချိန်မှာ ဝမ်းသွား၊ ဆီးသွားရင် နာကျင်မှုခံစားရမယ်

• ရာသီသွေး အဆင်းများမယ်

• ပုံမှန်အချိန် (ရာသီလာချိန်မဟုတ်ဘဲ) သွေးဆင်းမယ်

• အမျိုးသားနဲ့ လိင်ဆက်ဆံတဲ့အချိန် နာကျင်မှုခံစားရမယ်

• ကိုယ်ဝန်ဆောင်ရန် ခက်ခဲမယ်

• အမောလွယ်ခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းသွားလွယ်ခြင်း၊ လေထခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။

???? ဘယ်လို အမျိုးသမီးတွေမှာ အဖြစ်ပိုများလဲ

  • ကလေး တစ်ခါမှ မမွေးဖူးတဲ့သူ
  • အသက်ငယ်ငယ်နဲ့ ရာသီလာသူ
  • ရာသီသွေးဆုံးတာ နောက်ကျသူ
  • ရာသီစက်ဝန်း (၂၇) ရက်ထက်စောပြီး အမြဲရာသီလာတတ်သူ
  • ရာသီတစ်ခါလာရင် (၇) ရက်ထက်ကြာအောင် လာတတ်သူ
  • အမျိုးသမီးဟော်မုန်းဓာတ် များသူ
  • ကိုယ်အလေးချိန် နည်းသူ
  • မိမိရဲ့မျိုးရိုး (အမေ၊ အဒေါ်၊ အမ) တွေဆီမှာ Endometriosis ရောဂါရှိတဲ့သူ
  • မိမိရောဂါအခံကြောင့် ရာသီသွေးမလာအောင် ဆေးနဲ့ ထိန်းနေရတဲ့သူ
  • မျိုးပွားအင်္ဂါလမ်းကြောင်းမှာ ရောဂါတစ်ခုခု ရှိသူ
  • အကြောင်းအမျိုးမျိုးကြောင့် သားအိမ်နေရာ ခွဲစိတ်ဖူးသူတို့မှာ အဖြစ်များတတ်ကြပါတယ်။

???? နောက်ဆက်တွဲဆိုးကျိုး ဘာရှိတတ်လဲ

• ကိုယ်ဝန်ဆောင်ရန် ခက်ခဲတာနဲ့

• သားဥအိမ်ကင်ဆာ ဖြစ်နှုန်းဟာ Endometriosis ဖြစ်တဲ့ အမျိုးသမီးတွေမှာ ပိုများတတ်ပါတယ်။

???? Endometriosis ဖြစ်ကြောင်း ဘယ်လိုရောဂါရှာဖွေကြမလဲ

ဒီအဖြေဟာ အင်မတန်အရေးကြီးပါတယ်…

Endometriosis ရောဂါလက္ခဏာတွေရဲ့ အများစုဟာ တခြားသော အမျိုးသမီးရောဂါတွေနဲ့ ဆင်တဲ့အတွက် ရောဂါလွဲမှားတတ်ကြပါတယ်။

ပထမဆုံးအနေနဲ့ သက်ဆိုင်ရာ တတ်ကျွမ်းတဲ့ဆရာဝန်ဆီမှာပြပြီး စမ်းသပ်မှု (လိုအပ်လျှင် မိန်းမကိုယ်စမ်းသပ်မှုပါ) ခံယူပါ။

လိုအပ်သူများက ဆရာဝန်ညွှန်ကြားချက်ဖြင့် Ultrasound ၊ သံလိုက်ဓာတ်မှန် (MRI) နဲ့ အသားစ ယူတာအထိပါ လုပ်ရတတ်ပါတယ်။

..

..

❗ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မအတွေ့အကြုံနဲ့ ထင်မြင်ယူဆချက်ကို ပြောပြရမယ်ဆို…

Endometriosis ရောဂါဟာ အဖြစ်များတဲ့ရောဂါဖြစ်သလို… သူရဲ့ ရောဂါဆိုးကျိုးရဲ့နောက်ဆက်တွဲ spectrum ကျယ်ပါတယ်။ တချို့အမျိုးသမီးတွေဟာ Endometriosis ရောဂါကို နှစ်တာရှည် ခံစားရတတ်ပေမယ့် အိမ်ထောင်ပြုတဲ့အချိန် ကလေးအလွယ်တကူရတာမျိုးလည်း တွေ့ဖူးပါတယ်။

ပြောရရင် Endometriosis ရောဂါဟာ တချို့လူနာတွေအတွက် နာကျင်မှုကို အကိုက်ခဲပျောက်ဆေးလောက်နဲ့သက်သာပေမယ့်၊ တချို့ လူနာတွေအတွက်ကျ ဟော်မုန်းဆေးကိုမှ ရိုးရိုးဟော်မုန်းဆေးတွေအပြင် အပြင်းစားတွေအထိပါ သောက်ရတတ်ပါတယ်။

ဒီထက်ဆိုးလာရင် ခွဲခန်းဝင်ပြီး ပျံ့နေတဲ့ ဆဲလ်တွေကိုဖယ်ထုတ်တာ၊ သားဥအိမ်ထုတ်ရတာမျိုးအထိလည်း ကုသရတတ်ပါတယ်။

နောက်တစ်ခုကတော့ Endometriosis ဟာ ကလေးမရနိုင်တဲ့ အမျိုးသမီးတွေအတွက် အဓိကအကြောင်းအရင်းတစ်ခုထဲ ပါပါတယ်။

ခြုံပြီးပြောရလျှင် တစ်ဦးနဲ့တစ်ဦး ရောဂါလက္ခဏာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေက မတူတတ်ကြပါဘူး။

နောက်ဆုံးအနေနဲ့ကတော့….အမျိုးသမီးတစ်ယောက်ဟာ အထက်ပါဖော်ပြချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ကိုယ်ခံစားနေရတဲ့ လက္ခဏာတွေကို သေချာရေးမှတ်ပါ။ ပြီးရင်တော့ ဆရာဝန်နဲ့သေချာဆွေးနွေးပြီး Endometriosis ဟုတ်/မဟုတ် အတည်ပြုပါလို့ အကြံပေးလိုက်ပါရစေရှင်….

အမျိုးသမီး အားလုံး အဆင်ပြေကြပါစေ…။

Dr. Cool

တယ်လီကျန်းမာ

Ref: ???? https:// www. mayoclinic. org /diseases-conditions/endometriosis/symptoms-causes/syc-20354656

https:// www. mayoclinic. org /diseases-conditions/endometriosis/diagnosis-treatment/drc-20354661

WHO Website

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here