မျက်လုံးခြောက်သွေ့ခြင်း (Dry Eye)

ပုံမှန်အားဖြင့် လူတွေမှာ မျက်လုံးကို မခြောက်သွေ့နေစေဖို့အတွက် ခဏခဏမျက်တောင်ခတ်ပြီး မျက်ရည်တွေ ထုတ်ပေးရာကနေတစ်ဆင့် မျက်လုံးစကို စိုစွတ်နေအောင် ပြုလုပ်လေ့ရှိပါတယ်။

Dry eye ဆိုတာကတော့ မျက်လုံးကို စိုစွတ်အောင် ပြုလုပ်ပေးမယ့် မျက်ရည် လုံလုံလောက်လောက် မထုတ်လုပ်နိုင်တာကြောင့်ဖြစ်တဲ့ မျက်လုံးခြောက်ခြင်း ရောဂါတစ်မျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မျက်လုံးမှာ ရောင်ရမ်းတာတွေ ဖြစ်လာတတ်ပါတယ်။

မျက်လုံးခြောက်တဲ့အခါ မျက်လုံးမှာ ပူစပ်ပူလောင်သလို မသက်မသာ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ မျက်လုံးခြောက်တဲ့ ဝေဒနာကို လေယာဥ်စီးတဲ့အခါ၊ လေအေးပေးစက် အခန်းတွေထဲ နေတဲ့အခါ၊ စက်ဘီးစီးတဲ့အခါ၊ ကွန်ပြူတာ screen ကို အကြာကြီး ကြည့်ရတဲ့အခါမျိုးတွေမှာ ခံစားရလေ့ ရှိပါတယ်။

ရောဂါလက္ခဏာတွေကတော့…

– ပူစပ်ပူလောင် ဒါမှမဟုတ် ယားကျိကျိ ခံစားရမယ်

– အလင်းရောင်စူးတဲ့ ဒဏ်ကို မခံနိုင်ဖြစ်မယ်

– မျက်လုံးတွေ နီရဲနေမယ်

– မျက်လုံးထဲမှာ တစ်ခုခုဝင်နေသလို ခိုးလိုးခုလု ခံစားရမယ်

– မျက်ကပ်မှန်တပ်ရ အဆင်မပြေဖြစ်မယ်

– ညဘက်တွေ ကားမောင်းရ အခက်အခဲဖြစ်မယ်

– မျက်လုံးညောင်းတာ၊ အမြင်အာရုံဝေဝါးတာတွေ ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့် မျက်လုံးခြောက်ရသလဲ

မျက်ရည်ထုတ်ပေးတဲ့ ဂလင်းတွေ၊ ပြွန်တွေကနေ မျက်ရည် လုံလုံလောက်‌လောက် မထုတ်ပေးနိုင်တာကြောင့် မျက်လုံးခြောက်နိုင်ပါတယ်။

ဒီလို မျက်ရည် လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်တာမျိုးဟာ . . .

• အသက်ကြီးလာတာ​

• မျက်ခွံထောင့်မှာရှိတဲ့ ဂလင်းလေးတွေရောင်တာ

• မျက်တောင် အခတ်နည်းတာ

• Ectropion လို့ခေါ်တဲ့ အောက်ဘက်မျက်ခွံအသားက အပြင်ဘက်ကို လန်နေတာ

• မျက်လုံးမှာ ဓာတ်မတည့်တာ

• မျက်စဥ်းခပ်ဆေးမှာပါဝင်တဲ့ တချို့သော ဓာတ်ပစ္စည်းတွေကြောင့်

• မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေကြောင့်

• ဗီတာမင်အေ ချို့တဲ့တဲ့ရောဂါ အစရှိတာတို့ကြောင့်လည်း ဖြစ်နိုင်သလို၊ တချို့သော ဆေးဝါးတွေနဲ့ မျက်လုံးရဲ့အာရုံကြောနဲ့ဆိုင်တဲ့ရောဂါတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒီလို မျက်လုံးခြောက်တဲ့ရောဂါကို အချိန်မီ မကုသခဲ့ရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ . . .

– မျက်လုံးမှာ ပိုးဝင်တာ

– မျက်လုံးမျက်နှာပြင်ပေါ်မှာ ရောင်ရမ်းတာ၊ ပွန်းပဲ့တာနဲ့ အနာတွေဖြစ်ပြီး မျက်လုံးအမြင်စွမ်းရည် ကျဆင်းတာတွေအထိလည်း ဖြစ်နိုင်ပါတယ်။

မျက်လုံးခြောက်တာ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ . . .

• မျက်လုံးကို လေမှုတ်စက်၊ aircon ပန်ကာ တိုက်ရိုက် ထိတွေ့တာမျိုး ရှောင်ကြဥ်ပါ။

• ခြောက်သွေ့တဲ့လေနဲ့ ဖုန်မှုန့်ဒဏ်ကို ကာကွယ်နိုင်ဖို့ နေကာမျက်မှန် ဆောင်ထားပါ။

• တတ်နိုင်သမျှ မျက်ကပ်မှန်တပ်တာ ရှောင်ပါ။ မဖြစ်မနေ တပ်ရမယ့်အခြေအနေတွေမှာ မျက်စဥ်းခပ်ဖို့ မမေ့ပါနဲ့။

• အလုပ်အကြာကြီး လုပ်ပြီးသွားတဲ့အချိန်တွေမှာ မျက်လုံးကို အနားပေးပါ။

• ဆေးလိပ်သောက်တာ ရှောင်ကြဥ်ပါ။

• မျက်လုံးခြောက်တတ်တဲ့သူတွေအနေနဲ့ မျက်ရည်တုမျက်စဥ်း ခပ်ပေးနိုင်ပါတယ်။

ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ . . .

မျက်လုံးရောင်ရမ်းတာအတွက် အရောင်ကျဆေး သောက်သုံးရတာ၊ မျက်စဥ်းခပ်တာ၊ မျက်ရည်ပြွန်ကနေ မျက်ရည်ထွက်အောင် လှုံဆော်ပေးနိုင်တဲ့ဆေး အစရှိတဲ့ နည်းလမ်းတွေရှိသလို ဒီထက်ပိုပြင်းထန်ဆိုးရွားလာရင်တော့ ခွဲစိတ်ကုသတာတွေအထိ လုပ်ရနိုင်ပါတယ်။

မျက်လုံးဟာ မိမိတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အနုနယ်ဆုံး အစိတ်အပိုင်းဖြစ်တာကြောင့် ဝေဒနာ တစ်စုံတစ်ရာ ခံစားရတဲ့အခါ ဆရာဝန်နဲ့ အချိန်မီပြသဖို့လည်း တိုက်တွန်းလိုပါတယ်။

Reference – ???? https:// www. mayoclinic. org /diseases-conditions/dry-eyes/symptoms-causes/syc-20371863

https:// www. mayoclinic. org /diseases-conditions/dry-eyes/diagnosis-treatment/drc-20371869

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here