မတည့်တဲ့‌ဆေးရှိလား…ဆိုတဲ့မေးခွန်း

ကျွန်မတို့ တယ်လီကျန်းမာဆေးခန်းမှာ လာပြနေတဲ့ မိဘပြည်သူတွေထဲ အသိမှားအမြင်မှားလေးတွေ တွေ့နေရလို့ ဒီပို့စ်လေးကို ရေးလိုက်ရပါတယ်။

အရင်ဦးဆုံးအနေနဲ့…

ကျွန်မတို့ အွန်လိုင်းဆေးခန်းကို လာပြရင် မက်ဆင်ဂျာမှာ မေးခွန်းလေးတွေ အရင်ဖြေရတယ်မို့လား…

အဲ့ထဲမှာ မတည့်သောဆေး ရှိ/မရှိ ဆိုတဲ့ မေးခွန်းလေး ပါနေတာ သတိထားမိကြမယ် ထင်ပါတယ်။

“ မတည့်သော ဆေးမရှိပါ/မသိပါ” စသည်ဖြင့် ဖြေတဲ့ သူတွေ ရှိသလို…

“ Burplex နဲ့ မတည့်ပါ၊ Sulphur နဲ့ မတည့်ပါ”

“ အစာအိမ်ထိတတ်သော ဆေးများနဲ့ မတည့်ပါ” စသည်ဖြင့် ဖြေတဲ့သူတွေလည်း တွေ့ရပါတယ်။

ဒီတော့ ဆေးမတည့်ခြင်းဆိုတာ ဘာလဲ၊ ဆရာဝန်တွေက ဘာလို့ အမြဲအရေးတကြီး မေးနေကြတာလဲ၊ ဘယ်လိုဖြေတာမှန်လဲ ဆိုတာလေးတွေ ပြောပြသွားပါမယ်နော်။

သောက်ဆေး၊ ထိုးဆေး (Medicines) တွေဟာ chemical compound တွေကို သန့်စင်ပြီး အချိုးကျရောစပ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဆေးအသစ်တစ်ခု ထုတ်တော့မယ်ဆိုရင် မထုတ်ခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိရဖို့ စမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်ရပါတယ်။ ပထမဆုံး တိရိစ္ဆာန်တွေမှာ စမ်းသပ်အောင်မြင်ရင်၊ အစမ်းသပ်ခံဖို့ သဘောတူထားတဲ့ လူနည်းစုနဲ့ ဆက်ပြီးစမ်းသပ်ရပါတယ်။ အဲဒီကနေ လူအများနဲ့ စမ်းသပ်ပြီးလို့ အောင်မြင်တယ်ဆိုမှ FDA ကို ချပြပြီး လူထုအတွက် အသုံးပြုခွင့် တောင်းရတယ်ပေါ့။

ဒီလိုအဆင့်ဆင့်မှာ တွေ့ရှိခဲ့ရတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ side effects တွေကို အစအဆုံး မှတ်တမ်းတင်ထားရပါတယ်။

သတိထားကြည့်ရင် ဆေးဘူးတွေထဲမှာ ဆေးစာရွက်လေးတွေ ပါဝင်နေပြီး ဆေးကို ထုတ်လုပ်ပုံ၊ ပါဝင်ပစ္စည်းတွေ၊ ဆေးသောက်ပုံသောက်နည်း၊ side effects စသည်ဖြင့် မှတ်တမ်းစာရွက်လေး ထည့်ပေးလေ့ရှိပါတယ်။ အဲ့လို ထုတ်လုပ်ထားတဲ့‌ ဆေးတွေကို ကျွန်မတို့ ဆရာဝန်တွေက သင်ကြားမှတ်သားပြီး လူထုကို ပြန်ညွှန်ပေးကြတယ်ပေါ့နော်။

..

..

ဆေးတွေမှာ အနည်းနဲ့အများ side effects ရှိကြတာ လူတိုင်း သိကြမှာပါ။ side effects ဟာ ကောင်းကျိုးထက် ပိုများနေလို့ တချို့ဆေးတွေကို လူထုထဲသုံးဖို့ ခွင့်ပြုမိန့်မရတာတွေလည်း ရှိတတ်ပါတယ်။

Side effects လို့ခေါ်တဲ့ မလိုတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ သေးသေးလေးကနေစပြီး အကြီးကြီးထိ ရှိတတ်ပြီး၊ ဆေးသောက်ရင် လူတိုင်း side effects တွေ အနည်းနဲ့အများတော့ ခံစားရမြဲပါ။

ဆေးတွေကို များသောအားဖြင့် အူလမ်းကြောင်းကနေ စုပ်ယူ ချေဖျက်ကြတဲ့အခါ ဆေးသောက်ပြီး အန်ချင်၊ ပျို့ချင်တာ၊ မအီမသာဖြစ်တာမျိုးတွေလည်း ဆေးအများစုမှာ side effects အနေနဲ့ ရှိတတ်ပါတယ်။

ဒါ့အပြင်…

ဥပမာ – အကိုက်အခဲပျောက် ဆေးသောက်ရင် ဗိုက်နာတာ/အစာအိမ်ထိတာ၊ ချောင်းဆိုးပျောက်ဆေး သောက်ရင် အိပ်ချင်တာ၊ ပိုးသတ်ဆေးသောက်ရင် ဝမ်းလျှောတာ၊ အရိုးဆေး Bisphosphonate လို ထိုးဆေးတွေ ထိုးပြီးရင် ဖျားချင်သလိုလို ဖြစ်တာ… အဲဒါတာတွေက ဆေးမတည့်တာ မဟုတ်ပါဘူး။ ဆေးရဲ့ side effects တွေကို ခံစားရတာပါ။

ဒါတွေကလည်း အရေးမကြီးဘူးလား ဆိုတော့ အရေးကြီးပါတယ်။ အစာအိမ်ရောဂါရှိတဲ့သူကို အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ ပေးလိုက်ရင် အစာအိမ်သွေးယိုတတ်‌တယ်လေ… ရှောင်သင့်ရင် ရှောင်ရပါမယ်။

ဒါပေမယ့် ဆေးမတည့်ခြင်းဆိုတဲ့ Drug allergies ကတော့ သူ့ထက် ပိုပြင်းထန်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

Drug allergies ဆိုတာက ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုက သောက်တဲ့သူနဲ့ မတည့်တဲ့ ကိုယ်ခံအားပိုင်းဆိုင်ရာ ပြဿနာပါ။ အဲဒီ ပါဝင်ပစ္စည်းဟာလည်း ပုံမှန်အားဖြင့် ဆိုးကျိုးမရှိတဲ့ပစ္စည်း ဖြစ်လေ့ရှိပါတယ်။ လူတိုင်းမှာ မဖြစ်ဘဲ တချို့မှာပဲ ဖြစ်ပါတယ်။

????ဆေးတစ်ခုကို မတည့်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ဆေးသောက်ပြီး မိနစ်ပိုင်းမှ ရက်အနည်းငယ်အတွင်း…

– အသားယားမယ်

– အနီကွက်၊ အယားကွက်တွေ ထွက်မယ်

– အသားတွေ မျက်လုံးတွေ နီမယ်

– ရောင်ရမ်းမယ်၊ အရည်ကြည်ဖုတွေ ထွက်မယ်

– ရောင်ရမ်းတာဟာ အရေပြားတင်မက အသက်ရှူလမ်းကြောင်းမှာပါ ဖြစ်ရင် အသက်ရှူကျပ်၊ တရွှီရွှီမြည်တတ်ပါတယ်။ နှုတ်ခမ်း၊ လျှာတွေ ရောင်လာတတ်ပါတယ်။

.

????Drug allergies တွေ့ရများတဲ့ ဆေးတွေကတော့…

– ပင်နီဆလင် Penicillin နဲ့ အချို့ပိုးသတ်ဆေးများ

– Sulphur ပါတဲ့ ဆေးများ

– Allopurinol

– Aspirin, Ibuprofen, Diclofenac စတဲ့ အချို့ အကိုက်အခဲပျောက်ဆေးများ

– တီဘီရောဂါကုဆေးများ

– အတက်ရောဂါဆေးများ

– CT, X Ray စတာတွေ ရိုက်ရင် ပုံရိပ်ပေါ်အောင် ထိုးရတဲ့ ပုံရိပ်ဖော်ဆေးများ (Contrast)….. စတာတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က သူနဲ့မတည့်တဲ့ ပစ္စည်းတစ်ခု ဝင်လာရင် မှတ်ထားတတ်ပါတယ်။ ပြန်လည်း တိုက်ထုတ်ပါတယ်။ နောက်တစ်ခါ ထပ်ဝင်လာရင် အသေပြန်ဆော်ဖို့ Antibody လို့ခေါ်တဲ့ ပစ္စည်းတွေပါ အရန်သင့် ထုတ်ထားတတ်ပါတယ်။

ပထမဆုံး ထိတွေ့မိရင် ဆေးမတည့်လက္ခဏာ သိပ်မပြင်းထန်ပေမယ့် နောက်တစ်ခေါက်ဆိုရင် antibody တွေနဲ့ မှတ်ထားပြီး ပြန်တိုက်တာကြောင့် အရမ်း ပြင်းထန်တတ်ပါတယ်။

(ပထမဆုံးအကြိမ် ထိတွေ့ချိန်မှာပဲ ပြင်းထန်စွာ ထိခိုက်ခံစားရတတ်တဲ့ anaphylatoid reaction ဆိုတာလည်း ရှိပြီး ဒီလိုအဖြစ်အပျက်ကို ဖြစ်စေတဲ့ဆေးတွေကတော့ ရှားပါတယ်)

အရမ်းဆိုးတဲ့ ဆေးမတည့်ခြင်းကို anaphylaxis လို့ခေါ်ပြီး သူ့လက္ခဏာတွေက အတော်ပြင်းထန်ပါတယ်။ တစ်ကိုယ်လုံးရောင်ရမ်းပြီး အနီကွက်၊ အရည်ကြည်ဖုတွေ ထွက်နိုင်ပါတယ်။ အစာမျိုရခက်၊ အသက်ရှူရခက်၊ သတိလစ်တာမျိုးတွေ ဖြစ်နိုင်သလို သွေးလန့်ပြီး သွေးပေါင် ကျသွားတတ်ပါတယ်။ ချက်ချင်းလည်း သေနိုင်ပါတယ်။

ဒီလိုမျိုး ပြင်းထန်ဆေးမတည့်တာမျိုး ကြုံရတဲ့အခါ အရေးပေါ် အသက်အန္တရာယ်တွေဖြစ်တဲ့ အသက်ရှူမရတာ၊ သွေးပေါင်ကျတာတွေ ကုနိုင်ခဲ့ရင်တောင် အရေပြားတွေ‌ ရောင်ရမ်းပျက်စီးလို့ ရက်ရှည် ဆေးရုံတက်ပြီး ကုယူရတာတွေ ရှိပါတယ်။ အရေပြားပျက်စီးတာကလည်း ရေဓာတ်ခန်းခြောက်တာ၊ ပိုးဝင်တာတွေ ဖြစ်တတ်ပြီး အရေးကြီးပါတယ်။ ဒီလို ပြင်းထန်ဆေးမတည့်တာတွေ တစ်ခါဖြစ်ဖူးရင် ဒီဆေးကို ဘယ်တော့မှ ပြန်မသုံးရပါဘူး၊ အမြဲရှောင်ရပါတယ်။

ဆေးမတည့်တာဟာ ပြန်ကောင်းဖို့ ဘယ်လောက်ကြာတတ်လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့ကလည်း ဆေးဆက်မသောက်တော့ရင် ဆက်မဖြစ်တော့တာရှိသလို အချို့ကလည်း တစ်ခါထဲသောက်ရုံနဲ့ အရမ်းဆိုးသွားတာလည်း ရှိတတ်ပါတယ်။

အဓိကကတော့ မတည့်မှန်းသိပြီး၊ မတည့်တဲ့ဆေးကို မြန်မြန်ရပ်ပစ်ဖို့ အရေးအကြီးဆုံးပါ။ နောက်တစ်ခါ ထပ် မသောက်ဖို့လည်း လိုပါတယ်။

မတည့်တဲ့ဆေးကို (အခြား ရွေးချယ်စရာမရှိလို့) မသုံးမဖြစ် သုံးရတော့မယ်ဆိုရင် ဆေးကို dose အပြည့်မပေးဘဲ နည်းနည်းချင်းစီ ခွဲပေးတာ၊ ကိုယ်ခံအားထိန်းတဲ့ဆေးတွေကို အတူပေါင်းပေးရတာမျိုးတွေရှိပြီး အဲဒါက လုပ်ရအတော်ခက်ပါတယ်။

ဥပမာ – တီဘီဆေးလိုမျိုးတွေဆို မတည့်တဲ့သူတွေမှာ နည်းနည်းချင်း ပြန်ပေးကြည့်တာမျိုး။ နည်းနည်းလေးပေးရုံနဲ့တောင် မတည့်ဘူးဆိုရင် ဒီဆေးကို ဆက်မသုံးတော့ပါဘူး။ ရှောင်ပဲ ရှောင်ရပါတယ်။

အဲဒါကြောင့် (ဆေးမတည့်တာ မပေးမိအောင် သတိထားနိုင်ဖို့) ဆေးကုတဲ့အခါ ဆေးမတည့်တာ ရှိ/မရှိ အမြဲမေးရတာပါ။

မိမိမှာ ဆေးမတည့်လက္ခဏာမျိုး ဖြစ်ဖူးရင် အဲ့ဆေးက ဘာဆေးလည်းဆိုတာ မေးထားရပါမယ်။ အတိအကျသိနိုင်ရင် ပိုကောင်းပါတယ်။ နာမည်မခေါ်တတ်ရင်တောင် စာရွက်လေးနဲ့ရေးပြီး ပိုက်ဆံအိတ်ထဲ ထည့်ထားပါ၊ လိုရင် ထုတ်ပြလိုက်ပါ။ သူများနိုင်ငံတွေမှာတော့ Allergy လက်ပတ်လေးတွေ၊ လည်ဆွဲလေးတွေ သုံးကြပါတယ်။ အဖော်မပါဘဲ အပြင်သွားတဲ့အခါ ကိုယ်မတည့်တဲ့ ဆေးတို့၊ ကိုယ့်ရောဂါတို့ကို ရေးထားပြီး ဝတ်ထားတာပါ။

ဆေးမတည့်တာက ရောဂါမဟုတ်လို့ အခြားသူကို မကူးနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ခံအားပိုင်းဆိုင်ရာ ပြဿနာဖြစ်တာမို့ မိဘမျိုးရိုးမှာ ဓာတ်မတည့်ရောဂါ တွေရှိရင် ပိုဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ရောဂါတွေကတော့ ပန်းနာရင်ကျပ်ရောဂါ၊ နှာခဏခဏမွှန်တာ စတာမျိုးတွေပါ။

???? ကုသလို့ရလား၊ ကာကွယ်လို့ ရလား

ဆေးမတည့်လက္ခဏာတွေကို ကုသလို့ရပေမယ့် မတည့်တဲ့ဆေးကို တည့်အောင်လုပ်လို့တော့ မရပါဘူး။ ဆေးမတည့်လက္ခဏာတွေ မဖြစ်အောင် ကာကွယ်လို့ပဲ ရပါမယ်။ ကာကွယ်ဖို့နည်းလမ်းကတော့ ဒီဆေးကို ရှောင်ဖို့ပါပဲ။ ဒီဆေးနဲ့ အလားတူဆေးတွေကိုလည်း ရှောင်ဖို့လိုပါတယ်။

ကိုယ့်မှာ ဆေးမတည့်တာရှိရင် ဆေးခန်းသွားပြတိုင်း ပြောဖို့လိုပါတယ်။ သွားဆေးခန်းပြလည်း ပြောဖို့လိုပါတယ်။ တစ်ခါတလေ သွားဆရာဝန်က ကိုယ်မတည့်တဲ့ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို သတိမထားမိဘဲ ပေးလိုက်မိမှာစိုးလို့ပါ။ ဆေးတွေထဲမှာ အင်္ဂလိပ်ဆေးတင်မဟုတ် ဗမာဆေး/တိုင်းရင်းဆေးတွေလည်း ပါပါတယ်။

မသိတဲ့ဆေး (သို့) ဆေးတစ်ခုခု သောက်ပြီးလို့/ဆေးထိုးပြီးလို့ အနီဖု အယားဖုတွေ ထွက်တယ်ဆိုရင် ဆေးမတည့်တာဖြစ်နိုင်လို့ ဆေးကိုရပ်ပြီး ဆရာဝန်ကို ပြပါ။ တကယ်လို့ အဲ့လက္ခဏာတွေနဲ့အတူ အသက်ရှူကျပ်၊ ခေါင်းမူး၊ အန်၊ သတိမကောင်းတာတွေပါ ဖြစ်လာရင်တော့ အရေးကြီးပါတယ်။ ဆေးရုံမြန်မြန်ပြေးရပါမယ်။

ဆေးခန်းလာပြတိုင်း တယ်လီကျန်းမာမှာတော့ ဒီအကြောင်း အမြဲမေးမှာပါ။ ကိုယ့်မှာ ဆေးမတည့်တာရှိရင်တော့ ဘယ်မှာပဲပြပြ မမေးလည်း အမြဲပြောပြပါ။

ဆေးမတည့်တာ အမှန်ဆိုရင် ဆေးကို ရှောင်ရတာမို့လို့ ဆေးမတည့်လက္ခဏာ သေချာဖို့တော့ လိုပါတယ်။ ကိုယ်က မခွဲတတ်ဘူးဆိုရင် ဘယ်ဆေးသောက်တုန်းက ဘယ်လို ဖြစ်ဖူးတယ်၊ အဲဒါ ဆေးမတည့်တာလား ဆိုပြီး ဆရာဝန်ကို ပြောပြလို့ရပါတယ်။

တကယ်လို့ ကိုယ်က ဒီလို drug allergies မဟုတ်ဘဲ ကိုယ့်ရောဂါနဲ့ မတည့်တဲ့ဆေးတွေ ရှိတယ်ဆိုရင်တော့ ဘယ်ဆေးကို ဘာကြောင့် မတည့်လည်း ပြောပြတာ ကောင်းပါတယ်။ ဥပမာ – အစာအိမ်ရောဂါရှိလို့ အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်က ရှောင်ခိုင်းထားပါတယ်၊ ကျောက်ကပ်မကောင်းလို့ မက်ဖော်မင်ဆေး သောက်လို့မရပါဘူး၊ G6PD ရောဂါရှိလို့ တချို့ဆေးတွေ မတည့်ပါဘူး စသည်ဖြင့်ပေါ့။ အဲဒါတွေက ‌Drug allergy ဆေးမတည့်ခြင်းတော့ မဟုတ်ပါဘူး။

ဒီလောက်ဆို ဆေးမတည့်တာရှိလားဆိုတဲ့‌ မေးခွန်းလေးရယ်၊ သဘောတရားလေးတွေရယ်ကို သိနားလည်လောက်ပြီ ထင်ပါတယ်နော်။

အဓိက အချက်တွေကတော့…

• ဆေးတွေ‌သောက်တိုင်း ဆေးရဲ့ side effects တွေရယ်၊ ဆေးမတည့်လက္ခဏာတွေရယ် သတိထားရပါမယ်။

‌• မတည့်တဲ့ဆေးကို မှတ်ထားပါ။ ဆေးနာမည်ကို သိမ်းထားပါ။

• မတည့်တဲ့ဆေးကို ဆရာဝန်ကို ပြောပြပါ။

• ဆေးမတည့်တာ မှန်ရင် မတည့်တဲ့ဆေးကို နောက် မသောက်မိအောင် ရှောင်ကြဉ်ပါ။

.

မိဘပြည်သူအားလုံး ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးကြပြီး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး မျှတကျန်းမာကြပါစေ။ ။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference

https:// my. clevelandclinic. org / health/diseases/8621-medication-allergies

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here