Dr Z နှင့် ကြုံရသည့်လူနာများ – အပိုင်း (၂)

0
194

ယနေ့လည်း တယ်လီကျန်းမာမှာ အွန်လိုင်းမှတစ်ဆင့် Dr Z တစ်ယောက် လူနာကြည့်ရှုဆွေးနွေးပေးနေတုန်း မမကြီးတစ်ယောက်အလှည့် ရောက်လာသည်။

လူနာ : “ ဆရာမရေ… ကျွန်မလေ ကန်တော့ပါရဲ့ မိန်းမကိုယ်က ယားယားနေလို့ပါ။ ကုတ်ကုတ်နေရတယ် တော်တော်အဆင်မပြေဘူး “

Dr Z : “ ဟုတ်လား အစ်မ… ဖြစ်တာကြာပြီလား “

လူနာ : “ ကြာပြီ ဆရာမ… ကျွန်မ ပြရမှာရှက်နေလို့ ကြာနေတာ။ အခုက တော်တော်ဆိုးလာလို့ လာပြတာ”

Dr Z : “ ဟုတ်လား… တခြား ဘာတွေဖြစ်သေးလဲ။ အဖြူဆင်းတာမျိုး၊ မိန်းမကိုယ်မှာ အနာပေါက်နေတာမျိုး၊ ရောင်ရမ်းနေတာမျိုး ရှိလား။ နောက်ပြီး အစ်မက အိမ်ထောင်နဲ့လား၊ လိင်ဆက်ဆံဖက် ရှိလား”

အစရှိသဖြင့် Dr Z လည်း လိုအပ်သည်များကို ဆက်လက် မေးမြန်းဆွေးနွေး စစ်ဆေးပြီးနောက်…

Dr Z: “ အစ်မရေ… အစ်မကိုလေ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးလေး ရေးပေးလိုက်မယ်နော်။ ဆေးကလေ မိန်းမကိုယ်ထဲကို အသာလေး ထည့်လိုက်ရုံပဲ။ ရာသီလာတဲ့အချိန်တော့ သုံးလို့မရဘူး။ တစ်ည တစ်တောင့် ဆက်တိုက် ၆ ည ထည့်ပေးနော် အစ်မ။ ၆ ညပြည့် ဆေးရပ်ပြီး နောက်ထပ် ၃ ရက်လောက်နေလို့မှ မသက်သာသေးရင် ပြန်လာပြနော်”

အဲဒီနောက် လူနာ မမလည်း ပြန်လာမပြတော့သဖြင့် Dr Z လည်း သက်သာသွားပြီထင်ပြီး လူနာ မမအား မေ့နေလေသည်။

သို့သော်… ၃ ပတ်ခန့်ကြာပြီးနောက် လူနာ မမတစ်ယောက် ဆေးခန်းသို့ ပြန်ရောက်လာလေ၏။

Dr Z: “ ဟာ အစ်မ ပါလား… အစ်မရောဂါ ပျောက်သွားပြီလား”

လူနာ : “ မပျောက်သေးပါဘူး ဆရာမရယ်…. ခုထိကို မသက်သာဘူး”

Dr Z: “ ဟင် ဟုတ်လား အစ်မ… ဆေးရော သေချာထည့်ရဲ့လား။ ဘယ်လို မပျောက်တာလဲ ပြောပါဦး”

လူနာ : “ ဆရာမရယ် ‌ဆရာမဆီ လာပြပြီးကတည်းက ကျွန်မ ရာသီလာတယ်လေ။ ရာသီပြီးအောင် အရင်စောင့်လိုက်ရတယ်။ နောက် ရာသီလာအပြီး ၃-၄ ရက်နေတော့ ကျွန်မလည်း ဆေးထည့်ပါတယ်။ အခုက ဆေးပြည့်ပြီးတဲ့အထိ လုံးဝ မသက်သာလို့ ပြန်လာပြတာပါ”

Dr Z: “ ဟုတ်လား ဆေးအာနိသင်လုံးဝ မပြဘူးပေါ့။ ဆေးကိုရော သေချာထည့်ရဲ့လား အစ်မရယ်”

လူနာ : “ ဟာ သေချာထည့်ပါတယ် ဆရာမရယ်… ညတိုင်း သေချာထည့်တာပါ။ ဆေးကိုလေ မိန်းမကိုယ်ထဲကို သေချာအတင်းထိုးထည့်လို့ ဆေးက ပေါက်သွားပြီး ဆေးရည်လေးတွေတောင် လက်ကို အမြဲပေပါတယ် ဆရာမရယ်”

Dr Z: “ ဟင် ဆေးလုံးက အပြင်မှာ ပေါက်သွားတာ‌လား”

လူနာ : “ ကျွန်မလက်နဲ့ ထိုးထည့်တိုင်း နည်းနည်းတော့ ပေါက်သွားပြီး ဆေးရည်တွေ အမြဲထွက်တယ် ဆရာမ”

Dr Z : “ ဪ အစ်မရယ်… ဆေးရည်တွေ ပေါက်ထွက်သွားတဲ့ ဆေးတောင့်အခွံကြီး ထည့်နေမှတော့ ဆေးအာနိသင်က ဘယ်ပြပါတော့မလဲလို့ ????”

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here