Hello
ကျွန်တော် Dr Harry ပါ
ဆေးခန်းမှာ နေ့ရောညရော လူနာအရမ်းများနေတာနဲ့အချိန်မရလို့ စာမရေးဖြစ်တာ တော်တော်ကြာသွားတယ်။
ဒီတစ်ခါတော့ ကျွန်တော့်ရဲ့တစ်ရက်တာ အရှုပ်ဇာတ်လမ်းကို ပြောပြပါမယ်။
အဲ့နေ့က Tuesday ပါ။ ပုံမှန်ဆိုရင်တော့ Monday မှာလူနာများလေ့ရှိပြီး Tuesday ကတော့ နည်းနည်းလေးမဆိုစလောက် လူနာပါးတတ်ပါတယ်။
အရင်ညက သိပ်မအိပ်ရတော့ ကျွန်တော် မနက် (၉) နာရီမှ နိုးပါတယ်။ ဆေးခန်းထဲရောက်တော့ လူနာတွေအများကြီးရောက်နေပါပြီ။
အရင်ရက်က ရေမွှာပေါက်ထားပြီး ဗိုက်မနာသေးတဲ့ သားဦးကိုယ်ဝန် မဗိုက်တစ်ယောက်ကို အရင်စမ်းလိုက်ပါတယ်။ သားအိမ်က 4cm အကျယ် ပွင့်နေပြီဆိုတော့ ဗိုက်ပိုနာလာအောင် သားအိမ်ညှစ်ဆေး သွင်းဖို့ပြင်ပါတယ်။
အဲ့အချိန်မှာပဲ ပုံမှန်ဗိုက်လာအပ်နေကျ အမွှာကိုယ်ဝန်က ရောက်လာပါတယ်။ သူဗိုက်တော့မနာဘူး ဒါပေမယ့် အီးပါချင်သလို ခါးနာသလိုဖြစ်လို့ ပြန်လာပြတာပါတဲ့။ လကတော့ ကိုယ်ရိုက်ထားတဲ့ ultrasound နဲ့ဆို (၃) ပတ်ကျော်လိုသေးတယ်။ ဒါပေမယ့်လည်း အမွှာဆိုတော့ စောနိုင်တယ်ဆိုပြီး စိတ်ပူလို့ စမ်းလိုက်ပါတယ်။
ဖြစ်ချင်တော့ သူက ဗိုက်သာမနာတာ သားအိမ်က 7cm ဖြစ်နေပါပြီ။ အဲ့ဒီတော့ ပထမလူနာကို သားအိမ်ညှစ်ဆေးမတင်သေးဘဲ သူ့ကိုအရင်မွေးဖို့ ပြင်ဆင်ရပါတော့တယ်။ အမွှာမွေးရမှာဆိုတော့ ဆေးခန်းက staff တွေကလည်း အတွေ့အကြုံမရှိဖူးသေးတော့ စိတ်လှုပ်ရှားနေကြပါတယ်။ မွေးတဲ့အချိန်မှာ လိုအပ်တာတွေအတွက် ဆေးထိုးမယ့်သူ၊ ပထမကလေးထွက်ပြီး ဗိုက်ကိုထိန်းပေးထားရမယ်သူ၊ ကလေးကောက်မယ့်အဖွဲ့ အသီးသီးကို တာဝန်ခွဲဝေထားလိုက်ပါတယ်။
ပြင်ပလူနာကြည့်ဖို့ကလည်း (၆၀-၇၀) လောက်ရှိနေပါတယ်။ လောလောဆယ် ဒီမှာအတူတူအလုပ်လုပ်တဲ့ဆေးမှူးဆရာလေးကို ပြင်ပလူနာ အရင်ကြည့်ခိုင်းထားပြီး ကိုယ်ကတော့ အမွှာကိုယ်ဝန်မွေးဖို့ကို လိုအပ်တာတွေပြင်ဆင်ရင်း စာလည်းပြန်ဖတ်ထားရပါတယ်။
အရင်က အတွေ့အကြုံရှိပေမယ့် အဲ့ဒါက တစ်ခုခုဖြစ်ရင် အဆင်သင့်ခွဲလို့ရတဲ့နေရာဖြစ်ပြီး OG တွေလည်း ရှိနေတဲ့အနေအထားပါ။ အခုကတော့ကိုယ်တစ်ယောက်ထဲ၊ ခွဲခန်းလည်းမရှိဆိုတော့ တော်တော်လေးတော့ စိတ်ဖိစီးမှုရှိနေပါတယ်။
အဲ့လိုပြင်ဆင်နေတုန်းမှာပဲ နောက်ထပ်မွေးလူနာတစ်ယောက် ထပ်ရောက်လာပါတယ်။ သားဦးကိုယ်ဝန်ပဲ၊ စမ်းလိုက်တော့ သားအိမ်က 4cm နဲ့ ရေမွှာမပေါက်သေးပါဘူး။ အဲ့တော့ သူ့ကိုလည်း အခြေအနေရှင်းပြပြီး ရေမွှာမဖေါက်သေးဘဲ ထားရပါတယ်။ မဟုတ်ရင် မွေးခန်းက တစ်ခန်းထဲနဲ့ ဆရာဝန်က တစ်ယောက်ထဲရှိနေတော့ အပြိုင်ထွက်ရင် အဆင်မပြေဖြစ်နိုင်လို့ပါ။
အမွှာ (၁) ဗိုက်၊ သားဦးကိုယ်ဝန် (၂) ဗိုက်ဆိုတော့ ကိုယ်လည်း တော်တော်စိတ်ပင်ပန်းနေပါတယ်။ ကြည့်ရမယ့် လူနာတွေကလည်း (၆၀-၇၀) လောက်ရှိနေတာဆိုတော့ တချို့အရေးကြီးတာတွေကို မြန်မြန်လေးကြည့်ပြီး ဖြတ်ရပါတယ်။
ဆေးမှူးဆရာကတော့ ပြင်ပလူနာတွေကို ဆက်ကြည့်နေရပြီး ကျွန်တော်နဲ့ ကျန်တဲ့ team ကတော့ အမွှာဗိုက်ကိုမွေးဖို့ ပြင်ဆင်နေကြတာပေါ့။
မွေးခန်းအသင့်ဖြစ်တော့ မနက် (၁၀) နာရီခွဲမှာ အမွှာဗိုက်ကို ရေမွှာဖောက်လိုက်ပါတယ်။ ပထမကလေး ခေါင်းအနေအထားက မှန်ပါတယ်။ သားအိမ်ညှစ်ဆေးတွေလည်း တင်မရတော့ သူနာလာတာကိုပဲ စောင့်ရပါတယ်။ ရောက်စမှာကတည်းက လူနာက သွေးပေါင်နည်းနည်း စတိုးနေပါတယ်။ အရင်ကိုယ်ဝန်တစ်လျှောက်လုံး သွေးမတိုးဖူးပါဘူး။ အခုကလည်း 140/90 ဆိုတော့ ဆေးမပေးသေးဘဲ စောင့်ကြည့်နေပါတယ်။
ဗိုက်နာလာတာနဲ့အမျှ သွေးပေါင်က လိုက်တိုးလာပါတယ်။ 150/100 လောက်ဖြစ်လာတော့ ဆီးချက်ကြည့်ရပါတယ်။ အသားဓာတ်နည်းနည်းလေး ပါနေပြီဆိုတော့ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်တယ်ဆိုပြီး စိတ်ပူရပါပြီ…လွှဲဖို့ကလည်း အချိန်က မမီနိုင်လောက်တော့ပါဘူး။ သားအိမ်ပွင့်နှုန်းကောင်းပေမယ့် လူနာက ဗိုက်သိပ်မနာပါဘူး။ ကိုယ်လည်း သူငယ်ချင်းကိုလှမ်းတိုင်ပင်ပြီး ကိုယ်လုပ်မယ့် plan တွေကို ဆွေးနွေးပါတယ်။
နေ့လည် (၁၂) ခွဲမှာ သားအိမ်က အပြည့်ပွင့်ပါပြီ။ ဒါပေမယ့် လူနာကမညှစ်တော့ ကလေးခေါင်းက မဆင်းလာပါဘူး။ သွေးပေါင် 160/100 ဖြစ်လာတော့ သွေးကျဆေးတစ်လုံး စတိုက်လိုက်ပါတယ်။ ဗိုက်က အရမ်းနာနေရမယ့်အချိန်မှာ လူနာက အိပ်ချင်တယ်ဆိုပြီး အေးဆေးပြောနေတော့ နည်းနည်းစိတ်ပူလာပါတယ်။
နေ့လည် (၁) နာရီမှာတော့ လူနာကိုမွေးခန်းထဲထည့်ပြီး ညှစ်ခိုင်းပါတယ်။ လူနာကမှိန်းသလိုဖြစ်ပြီး မညှစ်နိုင်တော့ဘူး ဖြစ်လာပါပြီ။ သွေးပေါင်က 170/110 လောက်အထိ တစ်ချက်တစ်ချက်တက်လာပါတယ်။
သူငယ်ချင်းကို ဖုန်းဆက်တော့ သူက အသိ OG တစ်ယောက်ကို တိုင်ပင်ပေးပါတယ်။ OG အစ်မကတော့ ဖြစ်နိုင်ရင် ခွဲလိုက်ဖို့အကြံပေးပါတယ်။ လေစုပ်မွေးတာ၊ ညှပ်ဆွဲတာတွေက အန္တရာယ်များနိုင်လို့ပါ။
ကိုယ့်မှာကလည်း ခွဲခန်းမရှိတာရော၊ မွေးခန်းမှာပဲခွဲမယ်ဆိုရင်တောင် ပစ္စည်းတွေပြင်ဆင်ရမှာရောဆိုတော့ ခွဲဖို့ကမဖြစ်နိုင်သလောက်ပါပဲ။ သားအိမ်ကလည်းအပြည့်ပွင့်နေပြီး ကလေးခေါင်းကဆင်းမလာတော့ ကိုယ်လည်း တော်တော်ချွေးပြန်နေပါပြီ။ အဲ့ဒီအချိန်မှာ လူနာက သွေးပေါင် 180/120 အထိတက်ပြီး မျက်လုံးမဖွင့်တော့အောင် မှိန်းသွားပါတယ်။ ဗိုက်ကလည်း လုံးဝမညှစ်တော့ပါဘူး။
ကိုယ်လည်း စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင် ကြိုးစားလိုက်ပြီး ခွဲလို့လည်းမရ၊ လွှဲလို့လည်းမရတဲ့အခြေအနေဆိုတော့ လေစုပ်ဆွဲဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
(၃၆) ပတ်ကျော်ဆိုပေမယ့် ကလေးခေါင်းကတော့ မာပါတယ်။ ခေါင်းမြင့်နေတော့ လေစုပ်ခွက်ကို ခက်ခက်ခဲခဲပဲ ထည့်ရပါတယ်။ ကိုယ့် team ကလည်း စိတ်လှုပ်ရှားနေကြပြီး စိတ်လည်းပူနေကြပါတယ်။
အမွှာမွေးတဲ့အချိန်မှာ အရေးအကြီးဆုံးက ပထမကလေး ထွက်ပြီးတဲ့အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ ဗိုက်ကိုသေချာမထိန်းထားရင် ဒုတိယကလေးက လည်ထွက်သွားပြီး ကန့်လန့်ဖြစ်သွားခဲ့ရင် သူမထွက်နိုင်တော့ပါဘူး။
အဲ့တော့ကျွန်တော်က အောက်ကနေ လေစုပ်မွေးတဲ့အချိန်မှာ၊ အပေါ်ကနေ ဆေးမှူးဆရာလေးက ဗိုက်ကိုထိန်းထားရပါတယ်။ သေချာလေးထိန်းပြီး ဆွဲလိုက်တော့ ကလေးက တစ်ချက်နဲ့ပဲ ပါလာပါတယ်။
ပထမကလေး ထွက်ပြီးတာနဲ့ လက်အိတ်ကိုချွတ်ပြီး ဗိုက်ပေါ်ကို သွားစမ်းရပါတယ်။ သေချာထိန်းထားနိုင်တော့ ဒုတိယကလေးက အနေအထားမှန်ပြီး ခေါင်းနဲ့ပဲ တင်ပဆုံရိုးကွင်းထဲကို ဝင်လာပါတယ်… အဲ့တော့မှစိတ်နည်းနည်းအေးသွားတယ်။
ကိုယ်လည်း လက်အိတ်ပြန်လဲပြီး အောက်ကိုပြန်သွားရပါတယ်။ ဒုတိယကလေးရေမွှာအိတ်ကို ဖောက်ပေးလိုက်ပြီး သားအိမ်ညှစ်ဆေးကို စပြီးတင်လိုက်တယ်။ ဒါပေမယ့် လူနာကမှိန်းနေပြီး ဆက်မညှစ်နိုင်ပြန်ပါဘူး။ ခဏစောင့်ကြည့်ပြီး အခြေအနေကမကောင်းတာနဲ့ ဒီတစ်ယောက်ကိုပါ လေစုပ်ဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒုတိယကလေးက နည်းနည်းပိုထွားတော့ ဆွဲရတာ ပထမလောက် မလွယ်ပါဘူး။ ထိန်းပြီးဆွဲရင်းနဲ့ပဲ သူလည်း ထွက်လာပါတော့တယ်။
အမွှာကိုယ်ဝန်နဲ့ ကိုယ်ဝန်ဆိပ်တက်ချင်နေတဲ့လူနာကို instrumental delivery လို့ခေါ်တဲ့ လေစုပ်ဆွဲပြီးမွေးထားရတော့ မွေးပြီးသွေးသွန်နိုင်ခြေ အရမ်းများပါတယ်။
အမွှာနှစ်ယောက်မှာ အချင်းကတစ်ခုထဲဆိုတော့ လိုအပ်တဲ့ဆေးတွေထိုးပြီး အသာအယာပဲ အချင်းက ကျလာပါတယ်။ အချင်းထွက်ပြီးနောက် သွေးဆင်းမများအောင် လုပ်စရာရှိတာတွေဆက်လုပ်ပြီး မွေးလမ်းကြောင်းချဲ့ထားတာကို ပြန်ချုပ်ရပါတယ်။ အားလုံးချုပ်ပြီး လူနာလည်းအခြေအနေကောင်း၊ သွေးလည်းအများကြီးမဆင်းတော့မှ သက်ပြင်းကို အသာလေးခိုးချပြီး မွေးခန်းကထွက်လာရတယ်။
ခက်ခက်ခဲခဲမွေးပြီး အောင်မြင်သွားတော့ ပျော်ပေမယ့် အပြင်မှာဗိုက်နှစ်လုံးကျန်နေတာဆိုတော့ အမောကမပြေပါဘူး…အပြင်ရောက်တာနဲ့ နာနေတဲ့ဗိုက် (၂) လုံးကို ဆက်တိုက်ပြန်စမ်းရပါတယ်။
နှစ်ယောက်လုံး သားအိမ်ပွင့်နှုန်းက တိုးတက်မှုမရှိပါဘူး…နှေးနေတာပေါ့။
နှစ်ယောက်လုံးက သားဦးတွေပဲဆိုတော့ ရေမွှာပေါက်ထားပြီးသားတစ်ယောက်ကို သားအိမ်ညှစ်ဆေး တင်လိုက်တယ်။ နောက်တစ်ယောက်ကိုတော့ နောက် (၄) နာရီအကြာမှ ရေမွှာဖောက်ပြီး ဆေးချိတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မဟုတ်ရင် မွေးတဲ့အချိန် တိုက်ကုန်ကြမှာစိုးလို့။
သူတို့ကိုစမ်းပြီးတာနဲ့ စောင့်နေကြတဲ့ ပြင်ပလူနာတွေ ဆက်ကြည့်ရတယ်။ ပြီးမှ ဆေးခန်းမှာတင်ထားတဲ့လူနာတွေကို round ပြီး အနာဆေးထည့်စရာရှိတာတွေထည့်ရတယ်…အကုန်ပြီးတော့ ညနေ (၅) ခွဲဖြစ်သွားပြီ။ ခဏလေးနားပြီး ရေသောက်ထမင်းစား လုပ်ရတယ်။
(၆) နာရီခွဲမှာ ဗိုက်တွေကို ပြန်စမ်းလိုက်တယ်။ သားအိမ်ပွင့်နှုန်းက နည်းနည်းနှေးကြပေမယ့် တိုးတက်မှုတော့ရှိတယ်။ နှစ်ယောက်လုံး 6cm စီလောက် ဖြစ်နေကြပြီ။ အဲ့ဒါနဲ့ ရေမွှာဖောက်ဖို့ကျန်တဲ့တစ်ယောက်ကို ဖောက်လိုက်ပြီး ဆေးချိတ်လိုက်တယ်။
(၇) နာရီခွဲမှာ အရင်ရက်က တင်ထားတဲ့ မီးလောင်လူနာကို မေ့ဆေးပေးပြီး အနာဆေးထည့်ရတယ်။ အရင်ရက်ကမွေးထားတဲ့ ကလေးတစ်ယောက် အသားဝါလို့ မီးပြဖို့လုပ်ရတယ်။ ပြီးတော့ ဆေးခန်းက ကလေးတစ်ယောက် ပန်းနာရင်ကျပ်ထဖောက်လို့ လုပ်ကြရပြန်ရော…
ည (၉) နာရီကနေ (၁၀) နာရီလောက် တစ်ချက်လေး ခဏလှဲရတယ်။ (၁၀) နာရီမှာ ပြန်စမ်းတော့ ဗိုက်တွေက 8cm စီ ဖြစ်နေရော၊ လုံးဝမတိုးတက်တာမျိုး မဟုတ်ဘဲ နည်းနည်းလေးတွေ နှေးသလိုဖြစ်တော့ လူက stress ပြန်တက်လာရပြန်ရော။
တစ်နေကုန်လည်း စိတ်ရောလူရော အရမ်းပင်ပန်းထားရတော့ အိပ်လည်းငိုက်၊ စိတ်ကလည်းပူ၊ လူက ထူထူကြီးဖြစ်နေတော့ အိပ်လို့လည်းမရတော့ဘူး။ ညဘက်တွေက တစ်ခုခုဆို လွှဲဖို့လည်းအဆင်မပြေတော့ ပိုဆိုးတယ်။
အဲ့လိုနဲ့ ည (၁၂) နာရီမှာ ပထမရေမွှာပေါက်ထားတဲ့တစ်ယောက်က သားအိမ်အပြည့်ပွင့်ပြီး ရိုးရိုးပဲမွေးသွားတယ်။
မနက် (၁) နာရီမှာ ကျန်တဲ့တစ်ယောက်ကို ပြန်စမ်းတော့ သားအိမ်အကျယ်က အပြည့်ပွင့်နေပြီး ကလေးခေါင်းက မြင့်နေပြန်ရော။ ရေမွှာလေးကလည်း နောက်လာတော့ ထပ်မစောင့်တော့ဘဲ လေစုပ်ဆွဲဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အကုန်မြန်မြန်မွေးပြီးမှပဲ၊ မဟုတ်ရင် လူလည်းစိတ်ပူရတာနဲ့ ရူးတော့မှာ…
လူနာကို မွေးခန်းကိုရွှေ့ပြီး လေစုပ်မွေးဖို့ ပြင်ရတယ်။ ခေါင်းမြင့်တော့ ခက်ခက်ခဲခဲနဲ့ လေစုပ်ခွက်ကို တပ်ရတယ်။ ပထမတစ်ကြိမ် ဆွဲတယ်၊ ခေါင်းက လုံးဝမဆင်းလာဘူး။ ဆွဲရင်းနဲ့ လေစုပ်ခွက်ပြုတ်ထွက်လာတယ်။ 1st pull က failed တယ်ပေါ့….
ခေါင်းကမဆင်းလာဘဲ ဦးရေပြားခွံပဲ ဖောင်းလာတယ်။ အဲ့လိုဖောင်းလာလေ လေစုပ်ဆွဲရ ခက်လေပါပဲ။ နောက်တစ်ကြိမ် ထပ်တပ်ပြီးဆွဲတယ်။ ကိုယ်လည်း မထွက်ရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး စိတ်က တော်တော်လေးပူနေပြီ။
ဒီတစ်ကြိမ်ကို တက်နိုင်သလောက် မပြုတ်ထွက်အောင် လက်နဲ့ထိန်းပြီး ဖြည်းဖြည်းချင်းလှည့်ပြီး ဆွဲရတယ်။ လူနာကိုလည်း ကြိုးစားပြီးညှစ်ဖို့ အားပေးရတယ်။ သူညှစ်တဲ့အချိန်မှ ဆွဲရတာကိုး။
(၁၀) မိနစ်လောက် ခက်ခက်ခဲခဲနဲ့ ဆွဲအပြီးမှာ ထွက်တယ်။ ရေမွှာကတော့ တော်တော်ကိုနောက်နေပြီ၊ ကလေးကတော့ကောင်းလို့ တော်ပါသေးတယ်။ မွေးလမ်းကြောင်းပြန်ချုပ် လုပ်စရာရှိတာတွေဆက်လုပ်ပြီး အကုန်ပြီးတော့ မနက် (၃) နာရီ ရှိနေပြီ။
မနက်အိပ်ရာနိုးကတည်းက စပြီးလောင်လိုက်ရတာ အခုမှပဲ ပြီးတော့တယ်။ လူလည်း ညစ်ပတ်နံစော်ပြီး လှုပ်တောင်မလှုပ်နိုင်တော့ဘူး။ ရာသီဥတုကြောင့် ချွေးပြန်တာရော၊ စိတ်ထဲကအပူကြောင့် ချွေးပြန်ရတာရော… ပင်ပန်းလွန်းလို့ လူကပျော့ဖလပ်နေပေမယ့် ဒီတစ်ရက်စာတော့ ငါလုပ်လိုက်နိုင်ပြန်ပြီဆိုပြီး ကျေနပ်နေရတာပဲ။
ရေမချိုးရင်လည်း ဘယ်လိုမှအိပ်မရတော့ ရေထချိုးပြီး အိပ်တဲ့အချိန်မှာ မနက် (၄) နာရီထိုးပြီ။ ခဏအိပ်ပြီးနိုးရင် လူနာအုပ်ကြီးကို တစ်ခါဖြိုရဦးမှာဆိုတော့ ဖုန်းလည်းမပွတ်နိုင်တော့ဘူး။
ဒါက ဒီကာလမှာ နေ့တိုင်းနီးပါး ကျွန်တော်ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝပါပဲ။ စိတ်ပူရတာ၊ ပင်ပန်းရတာ၊ မအိပ်ရတာတွေဟာ ကြာလာတော့ နေသားတောင်ကျနေပါပြီ။ နေ့တိုင်း အမြဲဒီလိုရှုပ်နေတာမျိုး မဟုတ်ပေမယ့် ဒီထက်စိတ်ပင်ပန်းရတဲ့နေ့တွေလည်း အများကြီးပါပဲ။ တချို့လူနာနည်းတဲ့ရက်မျိုး၊ မွေးလူနာမရှိတဲ့ရက်မျိုးဆို ကိုယ့်မှာကြိတ်ပျော်ရတယ်။
နေ့စဉ် ဒီလိုကြီးကို ဘယ်အချိန်အထိ ဖြတ်သန်းနေရမလဲမသိပေမယ့် အမြန်ဆုံးတော့ ပြီးချင်နေပါပြီ။ ဘဝက စိတ်ဓာတ်ကျလိုက်၊ အလုပ်လုပ်လိုက်၊ ငိုချင်စိတ်ပေါက်လာလိုက်၊ ကလေးတွေမွေးလိုက်နဲ့ လည်ပတ်နေတာပါပဲ။
ထုံစံအတိုင်း တရားခံကတော့ ကြင်စိုးပေါ့လေ…
ဒင်းတို့မရှိတော့မှ အကုန်လွတ်မြောက်ကြမှာ မဟုတ်လား။
(မအားတဲ့ကြားက အမြန်ရေးရတော့ စာမချောရင်လည်း သည်းခံဖတ်ပေးကြပါဦး)
Dr Harry
လွတ်မြောက်နယ်မြေတစ်နေရာ
Ministry of Health,
National Unity Government.