မသန်စွမ်းခြင်းဆိုတာဘာလဲ…….

မသန်စွမ်းခြင်းလို့ ပြောတဲ့အခါ လူအများစုက လမ်းကောင်းကောင်း မလျှောက်နိုင်တာတို့၊ လက်ကိုအသုံးမပြုနိုင်တာတို့၊ စကားမပြောနိုင်တာတို့ကို ပြေးမြင်မိကြမှာပါ။ မှန်တော့မှန်ပေမယ့် အပြည့်အဝမမှန်ပါဘူး။

ခုပြောခဲ့တာက သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ သိသာတဲ့ မသန်စွမ်းခြင်း (Visible disabilities) ဖြစ်ပါတယ်။ သာမန်အနေနဲ့ မမြင်နိုင်၊ မသိနိုင်တဲ့ မသန်စွမ်းခြင်း‌တွေကို‌တော့ (Invincible disabilities) လို့ ခေါ်ပြီး မသန်စွမ်းခြင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထိကို ရှိနိုင်ပါတယ်။

မသန်စွမ်းသူ‌ (Disabilities) တွေကို ကာကွယ်ပေးဖို့ ရေးဆွဲခဲ့တဲ့ သာတူညီမျှအက်ဥပဒေ Equality Act 2010 မှာတော့ လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ‌တွေရှိနေပြီး အဲဒါက ပုံမှန်နိစ္စဓူဝလုပ်ငန်းတွေကို မလုပ်နိုင်လောက်အောင် အချိန်ကြာကြာနဲ့ သိသိသာသာ သက်ရောက်နေစေမယ်ဆိုရင် အဲဒါကို မသန်စွမ်းခြင်း (Disability) လို့ မှတ်ယူရမယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

????မသန်စွမ်းမှု ပုံစံအမျိုးအစားများ

မသန်စွမ်းခြင်း (Disability) ကို အုပ်စုလေးခု ခွဲထားပါတယ်…….

????အမူအကျင့် ဒါမှမဟုတ် စိတ်ခံစားမှုနဲ့ ဆိုင်တာ (Behavioural or emotional disabilities) (ဥပမာ – ပုံမှန်အခြေအနေမှာတောင် စိုးရိမ်တာ၊ ကြောက်တာ စတဲ့ မသင့်တော်တဲ့ တုံ့ပြန်မှုတွေလုပ်တာ)

.

????အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံငါးပါးချို့ယွင်းတာ (Sensory impaired disorders)

.

????ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ (Physical disabilities)

(ဥပမာ – ပုံမှန်အတိုင်း သွားလာလှုပ်ရှားတာမျိုး မလုပ်နိုင်တာ၊ သက်လုံမကောင်းတာ)

.

????ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချို့ယွင်းတာ (Developmental disabilities) – ဒီချို့ယွင်းမှုကတော့ ကလေးငယ်ဘဝကနေ အသက် ၂၂ နှစ်လောက်ထိ တွေ့ရတတ်ပြီး ဒီထဲမှာမှ ဆက်လက်ပြီး ပုံစံ ၅ မျိုး ပါဝင်ပါတယ်။ ဘာတွေလဲဆိုတော့…

၁။ အာရုံစိုက်နိုင်အားချို့ယွင်းပြီး စိတ်ဂနာမငြိမ်ဖြစ်‌‌စေတဲ့စိတ်ရောဂါ (Attention deficit hyperactivity disorder – ADHD)

၂။ ဦးနှောက်အကြော‌သေရောဂါ (Cerebral palsy)

၃။ ဆက်ဆံရေးနဲ့ဖွံ့ဖြိုးမှုချို့ယွင်းတဲ့ရောဂါ (Autism spectrum disorder – ASD) (အော်တစ်ဇင်လို့ သိကြတဲ့ ကလေးငယ်လေးတွေဟာ ဒီရောဂါဖြစ်‌နေတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။)

၄။ အသိဉာဏ်အားနည်းချို့ယွင်းတာ (Intellectual disability)

၅။ သင်ယူရခက်ခဲတာ (Learning disability) စတာတွေ ဖြစ်ပါတယ်။

????မသန်စွမ်းခြင်း (Disability) ကို ဘာကြောင့် အာရုံစိုက်သင့်သလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၃ မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်လေးတွေကို ကြည့်လိုက်ကြရအောင်ပါ….

– ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းဟာ သိသာထင်ရှားတဲ့ မသန်စွမ်းခြင်း (Disability) ကို ခံစားနေကြရပြီး ဒါဟာ လူ ၆ ယောက်မှာ ၁ ယောက်က Disability ဖြစ်နေတယ် ဆိုတဲ့သဘောပါ။

– မသန်စွမ်းသူ (PWD – People with disabilities) တွေထဲကတချို့ဟာ ပုံမှန်လူတွေထက်စာရင် နှစ် ၂၀ လောက်ထိအောင်ကို စောပြီး အသက်ဆုံးရှုံးနေကြရပါတယ်။

– မသန်စွမ်းသူ (PWD – People with disabilities) တွေဟာ တချို့ရောဂါတွေ (ဥပမာ – စိတ်ဓာတ်ကျတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ ဆီးချိုဖြစ်တာ၊ လေဖြတ်တာ၊ အဝလွန်တာ ဒါမှမဟုတ် ခံတွင်းကျန်းမာရေးညံ့တာ စတာတွေ) မှာ ဖြစ်လာနိုင်ခြေ နှစ်ဆလောက် ပိုများပါတယ်။

– မသန်စွမ်းသူ (PWD – People with disabilities) တွေဟာ ကျန်းမာရေးမညီမျှမှု (Health inequities) တွေကို ကြုံတွေ့နေရပါတယ်။ (ဥပမာ – ကျန်းမာ‌ရေးစစ်တမ်းကောက်ယူတဲ့အခါ ကျန်နေခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပေမယ့် လက်လှမ်းမမီတာ၊ သွားရောက်ကုသမှုခံယူဖို့အတွက် ပုံမှန်ကျန်းမာသန်စွမ်းသူထက် ၁၅ ဆလောက် ခက်နေတာ စတာတွေပါ)

– ခွဲခြားဆက်ဆံခံရတာ၊ ပညာသင်တဲ့နေရာနဲ့ အလုပ်အကိုင်တွေမှာ ဖယ်ကြဉ်ထားခံရတာတွေကနေတစ်ဆင့် ဆင်းရဲမွဲတေတာတွေအထိ ဖြစ်လာနေကြရတယ်ဆိုပြီး မီးမောင်းထိုးပြထားပါတယ်။

ဒါတွေကို ဖြေရှင်းဖို့အတွက် မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ဆောင်ရွက်ဖို့ လိုပါတယ်။

????လူမှုနယ်ပယ်အတွင်း ပါဝင်‌လာအောင် ပြုလုပ်ခြင်း (Social Inclusion)

မသန်စွမ်းတဲ့သူကို လူမှုဆက်ဆံ‌ရေးနယ်ပယ်ကနေ ဖယ်ကြဥ်ထားတာကို (Social exclusion) လို့ခေါ်ပြီး အဲဒါရဲ့ပြောင်းပြန်ကတော့ လူမှုနယ်ပယ်အတွင်း ပါဝင်‌လာအောင်ပြုလုပ်ခြင်း (Social Inclusion) ဖြစ်ပါတယ်။

လူမှုနယ်ပယ်အတွင်း ပါဝင်‌လာအောင်ပြုလုပ်ခြင်း (Social Inclusion) က မသန်စွမ်းသူ (PWD – People with disabilities) တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။

▪️ဘာလို့လဲ……..

ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှား၊ စားသောက်နေတဲ့နေရာတွေ (ဥပမာ – အိမ်၊ ကျောင်း၊ အလုပ်၊ ဈေးဝယ်စင်တာ၊ အပန်းဖြေတဲ့နေရာတွေ) အားလုံးလိုလိုဟာ ကျန်းမာသန်စွမ်းသူတွေအတွက် အဆင်ပြေပေမယ့် မသန်စွမ်းသူတွေအနေနဲ့ကတော့ အခက်အခဲတွေမျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ်။

.

▪️ဒီလိုမဖြစ်အောင် ဘာတွေလုပ်ပေးလို့ ရမလဲ….

နည်းလမ်းတွေကတော့ မျိုးစုံရှိပါတယ်။ ဒါပေမယ့် လူအချင်းချင်း ဖေးမကူညီလို့ရနိုင်မယ့် နည်းလမ်းအချို့ကိုပဲ အကျဥ်းချုံး ပြောပြပေးပါရစေ။

မသန်စွမ်းခြင်း (Disability) မှာ အတွေ့ရအများဆုံးသူတွေကတော့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေ (People with physical disabilities) ဖြစ်ပါတယ်။ သူတို့ကို ဖေးမကူညီဖို့အတွက် ပြောဆိုဆက်ဆံတဲ့အခါမှာ အကူအညီလိုလား၊ မလိုလားဆိုတာကို အရင်မေးကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆို သူတို့ဟာ ပုံမှန်လူတစ်ယောက်လိုပဲ သဘောထားပြီး ပြောဆိုဆက်ဆံခံရတာကို သဘောကျကြတာမို့ပါ။ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းတိုင်း အသိဉာဏ်ပါ ချို့ယွင်းနေမယ်လို့ မယူဆသင့်ပါဘူးနော်။ တကယ်လို့များ မသန်စွမ်းသူဟာ လက်တွန်းလှည်းတို့၊ သွားလာဖို့ အကူပစ္စည်းတစ်ခုခုတို့ သုံးနေရတာမျိုးဆိုရင် ကူပြုမပေးခင်၊ သူတို့ပစ္စည်းကို ထိတာကိုင်တာမျိုးမလုပ်ခင် သေချာခွင့်တောင်းသင့်ပါတယ်။

အမြင်အာရုံ ချို့ယွင်းနေသူတွေနဲ့ဆိုရင် စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ။ ကိုယ်နဲ့အတူပါလာတဲ့သူတွေကိုလည်း မိတ်ဆက်ပေးပါ။ အကူအညီလိုသလား မေးပြီးရင် သူပြောပြတာကို နားထောင်ပြီး ဆောင်ရွက်ပေးလိုက်ပါ။ တစ်ခါတလေလည်း ကိုယ်ကူညီတာကို သူကငြင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်နေရာရာကို လိုက်ပို့ပေးရမယ်ဆိုရင် ကိုယ်က သူ့ကိုသွားမတွဲဘဲ ကိုယ့်လက်မောင်းကိုပဲ ပေးတွဲပါ။ လမ်းမှာရှိတဲ့ အတားအဆီး၊ အချိုးအကွေ့တွေကို သတိပေးပြီး ခြေဘယ်လိုလှမ်းသင့်လဲ ပြောပြပေးသင့်ပါတယ်။ တကယ်လို့ သူ့မှာ လမ်းပြခွေးလေးပါလာခဲ့ရင် သွားနှောင့်ယှက်တာမျိုး (ဥပမာ – ခွေးကိုအစာ‌ကျွေးတာ၊ စနောက်တာမျိုး၊ အာရုံလွဲအောင်လုပ်တာမျိုး) မလုပ်သင့်ပါဘူး။ တကယ်လို့ အလုပ်မှာဆိုရင်တော့ အမြင်အာရုံ ချို့ယွင်းနေတဲ့သူတွေ ရောက်လာတဲ့အခါ ဘယ်လိုနှုတ်ဆက်သင့်လဲ၊ ဘယ်လိုလုပ်ဆောင်ပေးသင့်လဲဆိုတာကို ပြင်ဆင်ထားသင့်ပါတယ်။

အကြားအာရုံ ယုတ်လျော့ချို့ယွင်းနေသူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ သူနဲ့အဖော်ပါလာတဲ့သူတွေ၊ ကြားထဲကနေ ပြန်ပြောပေးမယ့်သူတွေနဲ့ တစ်ဆင့်ပြောဆိုရုံတင်မကဘဲ တိုက်ရိုက်ပြောဆိုသင့်ပါတယ်။ တိုက်ရိုက်ပြောဆိုတဲ့အခါ ကြည်ကြည်လင်လင် ပီပီသသနဲ့ ပုံမှန်အသံအတိုင်း ပြောဆိုပေးပြီး လိုအပ်မှသာ အသံမြှင့်ပြောဆိုပေးပါ။ တစ်ဖက်သူက ပြောပြတာကို နားမလည်ရင် ပြန်ပြောပြဖို့ တောင်းဆိုလို့ရသလို စာရွက်နဲ့ ဘောပင်ပေးပြီး ရေးပြစေဖို့လည်း လိုပါတယ်။ အလုပ်မှာဆိုရင်လည်း အကြားအာရုံချို့ယွင်းနေတဲ့သူတွေ လာရောက်တဲ့အခါ ဘယ်လိုနှုတ်ဆက်မလဲ၊ ဘယ်လိုဝန်ဆောင်မှုပေးမလဲ ပြင်ဆင်ထားသင့်သလို လုပ်ငန်းခွင်ကို ဆူညံမှုအနည်းဆုံးဖြစ်တဲ့နေရာ၊ ဝင်လာသမျှသူကို ကောင်းကောင်းမြင်နိုင်တဲ့နေရာမှာ ထားထားတာ အကောင်းဆုံးပါပဲ။

စိတ်ကျန်းမာရေး ယုတ်လျော့ချို့ယွင်းနေတဲ့သူတွေနဲ့ဆိုရင်တော့ တအားစိတ်ဖိစီးတာမျိုး မဖြစ်လာအောင် ပြောဆိုဆက်ဆံပေးပါ။ သူတို့နဲ့ အလုပ်တူတူလုပ်တဲ့အခါ သေသေချာချာရှင်းပြပေး၊ ညွှန်ကြားပေးဖို့ အရေးကြီးပြီး လိုတယ်ထင်ရင် စာနဲ့ပါ ရေးပေးတာကောင်းပါတယ်။ သတင်းအချက်အလက်တွေကိုလည်း ဘယ်နည်းနဲ့ ရယူချင်လဲဆိုတာကို မေးသင့်ပါတယ်။ သူတို့နဲ့ဆက်ဆံတာ၊ လေ့ကျင့်ပေးတဲ့‌နေရာမှာ ပုံမှန်လူတွေထက် အချိန်ပိုယူပြီး လိုက်လျောညီထွေ လုပ်ပေးရမှာပါ။

ဆက်ဆံရေးနဲ့ဖွံ့ဖြိုးမှုချို့ယွင်းတဲ့ရောဂါ (Autism spectrum disorder – ASD) ရှိနေတဲ့သူနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာတော့ လုပ်ထုံးလုပ်နည်းတွေကို သေချာရှင်းပြထားတာနဲ့ ခန့်မှန်းရလွယ်ကူတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားပေးဖို့ လိုပါတယ်။ တစ်ခုခု ဖြစ်မလာခင်တိုင်းမှာ ကြိုပြီးပြောပြထားဖို့ကတော့ အရေးအကြီးဆုံးပါ။

အချုပ်ဆိုရရင်…

မသန်စွမ်းသူတွေ (People with disabilities – PWD) ကို လူမှုနယ်ပယ်အတွင်း ပါဝင်နိုင်အောင် ပြုလုပ်ခြင်း (Social inclusion) ဟာ တကယ်ကို လိုအပ်ပါတယ်။

ကျွန်တော်တို့ဟာ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal health coverage) ကို ရောက်အောင်/ရရှိနိုင်အောင် သွားဖို့ဆိုရင် လူသားအားလုံး/နိုင်ငံသားအားလုံး ကျန်းမာမှဖြစ်မှာမို့ မသန်စွမ်းသူတွေ (People with disabilities – PWD) ကိုပါ စိတ်ရောကိုယ်ပါ ကျန်းမာအောင်ကူညီကြဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါကြောင်း အသိပေးပြောပြရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ….။

Dr Frodo

တယ်လီကျန်းမာ

References : ????

https:// www. who. int /news-room/fact-sheets/detail/disability-and-health

https:// disabilitysandinclusion. home. blog /2018/10/22/the-journey-begins/

https:// services. anu. edu. au /human-resources/respect-inclusion/different-types-of-disabilities

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here