ကျောက်ကပ်ဆေးခြင်း ( Dialysis )
နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်စီးတဲ့လူနာတွေမှာ ရွေးချယ်စရာကုသစရာအနေနဲ့ အဓိကအားဖြင့် ၃ မျိုးရှိပါတယ်။
(၁) ကျောက်ကပ်ဆေးခြင်း (သို့) သွေးသန့်စင်ခြင်း
– ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်း
(၂) ကျောက်ကပ်အစားထိုးကုသခြင်း
(၃) လက္ခဏာဝေဒနာများကိုသာ ကုသပေးခြင်း
ဒီအထဲကမှ ကျောက်ကပ်ဆေးခြင်း (သွေးသန့်စင်ခြင်း)ဟာ အသုံးများပြီး တွင်တွင်ကျယ်ကျယ်လည်း ကုသမှုခံယူနေကြတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။
..
..
ကျောက်ကပ်ရောဂါဖြစ်ရင် ဘာကြောင့် သွေးသန့်စင်ရသလဲ ?
ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေ ၊ ပိုလျှံနေတဲ့ ဓာတ်ပစ္စည်းတွေ အရည်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ် အလွန်ပျက်စီးတဲ့အခါ အဲဒါတွေကို မဖယ်ရှားနိုင်တော့တာမို့ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဒီအခါမှာ ကျောက်ကပ်တုပါဝင်တဲ့စက်နဲ့ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို တာဝန်ယူဆောင်ရွက်ပေး ပြီး ခန္ဓာကိုယ်တွင်းက သွေးတွေကိုသန့်စင်ပေးပါတယ်။
..
သွေးသန့်စင်ခြင်းအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?
အဓိကအားဖြင့် သွေးကြောမှ သွေးသန့်စင်ခြင်းနဲ့ ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်းတို့ ရှိပါတယ်။
– သွေးကြောမှ သွေးသန့်စင်ခြင်းဟာ သွေးကြောအတွင်းကသွေးကို ကျောက်ကပ်အတုမှာ သန့်စင်ပြီး ၊ သန့်စင်ထားတဲ့သွေးကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ပေးပို့ခြင်း ဖြစ်ပါတယ်။
ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်းဟာ ဝမ်းဗိုက်အတွင်းကို ဆေးရည်ထည့်ပြီး သွေးကိုသန့်စင်ပေးခြင်း ဖြစ်ပါတယ်။
..
သွေးသန့်စင်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ ?
သွေးကြောမှတစ်ဆင့် သွေးသန့်စင်ဖို့အတွက် သွေးကြောမွေးဖို့ လိုအပ်ပါတယ်။ သွေးကြောမွေးဖို့ အချိန် ၃ လခန့် ယူရတတ်ပါတယ်။ ဒါမှမဟုတ် သွေးကြောမကြီးထဲကို ပြွန်ထည့်ပြီး သွေးသန့်စင်ခြင်းလည်း ပြုလုပ်လို့ရပါတယ်။ သွေးကြောပြွန်ဟာ ရောဂါပိုးဝင်နိုင်ခြေများတဲ့အတွက် တတ်နိုင်သမျှတော့ ရှောင်ရှားသင့်ပါတယ်။
..
သွေးသန့်စင်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ ?
အကြမ်းဖျဉ်းအားဖြင့် သွေးသန့်စင်ခန်းမှာ သွေးသန့်စင်ဖို့ တစ်ကြိမ်ကို ၄ နာရီခန့် ကြာမြင့်ပြီး တစ်ပတ်ကို ၂-၃ ကြိမ်ခန့် သန့်စင်ဖို့လိုပါတယ်။ တစ်ကြိမ် ၄ နာရီ တစ်ပတ် ၃ ကြိမ် သွေးသန့်စင်ခြင်းဟာ ပုံမှန် အလုပ်လုပ်နေတဲ့ကျောက်ကပ်ရဲ့ ၁၀-၁၅% သာ သန့်စင်မှု ပြုလုပ်နိုင်ပါတယ်။
..
ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ?
သွေးသန့်စင်ရာမှာ အသုံးပြုတဲ့ သွေးကြော ၊ ပြွန်တို့ ပိတ်တတ်ပါတယ်။ အဲ့လိုပိတ်ရင် သွေးကြောဖွင့်ခြင်း၊ ပြွန်လဲလှယ်ခြင်းတို့ ပြုလုပ်ရတတ်ပါတယ်။ သွေးသန့်စင်နေချိန် သွေးပေါင်ကျခြင်း ၊ နှလုံးခုန် မမှန်ခြင်း ၊ ကြွက်တက်ခြင်း ၊ ပျို့အန်ခြင်း ၊ မူးဝေခြင်း ၊ သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
..
ကျောက်ကပ်ဆေးတဲ့အပြင် ဘာလုပ်ရဦးမလဲ ?
ခန္ဓာကိုယ်က ခံနိုင်တာထက် အရည်ကိုပိုထုတ်မိရင် အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အလွန်များနေရင်လည်း ဓာတ်ပစ္စည်း အပြောင်းအလဲကြောင့် နှလုံးပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်သွေးသန့်စင်ဖို့ လိုအပ်သူများဟာ အစားအသောက်ဆင်ခြင်ဖို့ ၊ အရည်လျှော့သောက်ဖို့နဲ့ လိုအပ်သလို ပုံမှန်သွေးသန့်စင်ဖို့ လိုအပ်ပါတယ်။
ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီးလမ်းညွှန်ချက်များကို လိုက်နာသင့်ပါတယ်။ အစားအသောက်ကိုလည်း ဆားဓာတ်များသော ၊ ပိုတက်ဆီယမ်မြင့်သော၊ ဖော့စ်ဖရက်စ်ဓာတ်မြင့်သော အစားအစာတွေကို လျှော့ပြီး စားသုံးရပါမယ်။ အသားဓာတ်များတဲ့ အစားအစာတွေကို ပိုပြီး စားသုံးနိုင်ပါတယ် ။
…
…
” ကျောက်ကပ်ပျက်စီးသောလူနာများ စနစ်တကျကုသမှုခံယူပြီး ကျန်းမာသောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ “
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
Ministry of Health,
National Unity Government.
Published on: 28 December 2022
Last Updated: 28 December 2022