“ စိတ်ကျရောဂါ ဂရုစိုက်ပါ”

လက်ရှိခေတ်ရဲ့ အနေအထားအရ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ စိတ်ကျရောဂါခံစားရသူ ဦးရေဟာ များပြားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီတော်လှန်ရေးကာလမှာ ဖြစ်ပွားမှုနှုန်း ပိုများလာပါတယ်။ ကမ္ဘာမှာ အမျိုးသမီး ၄ ယောက်မှာ တစ်ယောက်/ အမျိုးသား ၆ ယောက်မှာ တစ်ယောက်ဟာ သူ့သက်တမ်းမှာ စိတ်ကျရောဂါခံစားရနိုင်ခြေရှိတာကို တွေ့ရှိရပါတယ်။

ဒါကြောင့် ‌အဖြစ်များလာတဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြလိုက်ရပါတယ်။

????စိတ်ကျရောဂါဆိုတာ ဘာလဲ?

လူအများစု နိစ္စဓူဝကြုံတွေ့နေရတဲ့ ခဏတစ်ဖြုတ် ၀မ်းနည်းတာ၊ မပျော်တာ၊ စိတ်ဓါတ်ကျတာဟာ စိတ်ကျရောဂါနဲ့ မတူပါဘူး။ အဲတာကိုလည်း စိတ်ကျရောဂါလို့ မခေါ်ပါဘူး။

စိတ်ကျရောဂါဆိုတာဟာ အမှန်တကယ်ကို ရောဂါအမျိုးအစားတစ်ခုပါ။ စိတ်ရော၊ ခန္ဓာကိုယ်ပါ ထိခိုက်စေပါတယ်။ အဲဒီ့ စိတ်ကျရောဂါကြောင့် အလုပ်လုပ်ဖို့ စွမ်းအင်တွေ လျော့နည်းလာမယ်၊ အဖော်နဲ့ ဆက်ဆံချင်စိတ်/ လိင်စိတ်နည်းလာမယ်၊ အိပ်မပျော်တော့ဘူး၊ စားချင်သောက်ချင်စိတ်တွေလည်း နည်းလာမယ်၊ ဘ၀ကို ရင်ဆိုင်ဖြေရှင်းချင်စိတ်၊ အသက်ရှင်လိုစိတ် နည်းလာမယ်။ ဒါတွေအပြင် အခက်အခဲတွေ၊ ပူဆွေးမှုတွေထဲကလည်း ရုန်းမထွက်နိုင်တော့ပါဘူး။

အဲလိုအခြေအနေများမှာ “ မေ့လိုက်ပါကွာ” တို့ ၊ “ အဲ့ပူဆွေးမှုတွေထဲက ထွက်ခဲ့ပြီး လက်ရှိအချိန်ကိုပဲ ကြည့်ပါ” တို့ ဆိုတဲ့စကားတွေ၊ အကြံပေးမှုတွေက သူတို့အတွက် အထောက်အကူမဖြစ်စေပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အဲဒီစိတ်နဲ့ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိလို့ပါပဲ။

????ဒါဆို ဘယ်အခါကျရင် စိတ်ကျရောဂါရှိပြီလို့ ပြောနိုင်ပါသလဲ?

လက္ခဏာတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေထဲက ၅ ချက်နဲ့အထက်ကို (၂) ပတ်ကျော်လောက် ဆက်တိုက်ခံစားနေရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ကျရောဂါရှိနေသလားဆိုတာ သံသယ၀င် သတိထားမိပြီး ဆရာ၀န်နဲ့ စနစ်တကျ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၁) မျှော်လင့်ချက်မဲ့တယ် အကူအညီမဲ့တယ်လို့ ခံစားနေရတာ (hopeless, helplessness)
(၂) နေ့စဉ်နုံးပြီး မလှုပ်ချင်မကိုင်ချင် အလုပ်လုပ်ဖို့ ခွန်အားပျောက်ဆုံးနေတာ၊ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတာ၊ အလုပ်တာဝန်တွေ ပျက်ကွက်လာတာ
(၃) အိပ်စက်ခြင်းပြဿနာ (ပုံမှန်နဲ့မတူ အစောကြီးနိုး သို့မဟုတ် နောက်ကျမှနိုးတာ)
(၄) အစားအသောက်ပြဿနာ ( စားချင်သောက်ချင်စိတ်မရှိတာ သို့မဟုတ် အလွန်အမင်းစားနေတာ)
(၅) တစ်ခုခုကို စိတ်၀င်စားမှုကင်းမဲ့တာ (ဥပမာ- လိင်ဆက်ဆံလိုစိတ်မရှိတာ)
(၆) ပုံမှန်ပျော်ရွှင်စရာကြုံလာရင်တောင် မပျော်ပိုက်တော့တာ
(၇) စိတ်ထဲ မွန်းကျပ်နေ၊ စိတ်ပူပန်နေတာ
(၈) စိတ်တို စိတ်ဆတ်တာ၊ ဒေါသဖြစ်လွယ်တာ သို့မဟုတ် တစ်ခုခုကို စိုးရိမ်သောက ရောက်နေတာ
(၉) အပြစ်ရှိတယ်လို့ ခံစားနေရတာ၊ တန်ဖိုးမဲ့သလို ခံစားနေရတာ၊ ကိုယ့်ကို ဘယ်သူမှ အလိုမရှိဘူး အသုံးမ၀င်ဘူးလို့ ‌ခံစားနေရတာ
(၁၀) အာရုံစူးစိုက်လို့ မရတော့တာ၊ ဆုံးဖြတ်ချက် မချနိုင်တော့ဘူးဖြစ်တာ
(၁၁) ခေါင်းကိုက်မယ်၊ ၀မ်းချုပ်မယ်၊ အစာမကြေသလိုဖြစ်မယ်
(၁၂) လတ်တလောမှာ မကြာခဏဆိုသလို သေခြင်းတရားကို တွေးနေတာ၊ မိမိကိုယ်ကို သေကြောင်းကြံဖို့ စိတ်ကူးတာ အားထုတ်တာတို့ပဲဖြစ်ပါတယ်။

????စိတ်ကျရောဂါ ဘာလို့ဖြစ်တာလဲ?

သိပ္ပံနည်းအရကတော့ ထူးတော့ ထူးဆန်းပါတယ်။ အာရုံကြောစနစ်မှာ အရေးကြီးတဲ့ Neurotransmitter လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တချို့ အားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြင်သာအောင်ပြောရရင်တော့

  • ကြီးမားတဲ့ဆုံးရှုံးမှုတွေ (ဥပမာ- ချစ်ခင်ရတဲ့ မိဘဆွေမျိုးသားချင်းတွေ ဆုံးရှုံးရတဲ့အခါ)
  • အိမ်ထောင်ရေး ပျက်ပြားသွားတဲ့အခါ
  • ငွေကြေးဆုံးရှုံးသွားတဲ့အခါတွေမှာ အများအားဖြင့် စိတ်ကျရာဂါဖြစ်တတ်ပါတယ်။
  • တစ်ခါတစ်ရံလည်း အကြောင်းရင်း မယ်မယ်ရရမရှိဘဲ ဖြစ်တတ်ပါတယ်။

????ဘယ်အရွယ်တွေမှာ ဖြစ်နိုင်ပါသလဲ?

အသက်အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ အများစုကတော့ အပျိုဖော်/ လူပျိုဖော်၀င်နှောင်းပိုင်း၊ သက်လတ်ပိုင်း၊ အလုပ်မှ အနားယူတဲ့ အသက်အရွယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်တာများပါတယ်။ ယောင်္ကျာာ/မိန်းမ မရွေးလည်း ဖြစ်နိုင်ပါတယ်။

????စိတ်ကျရောဂါက နောက်ဆက်တွဲ ဘာတွေဖြစ်စေနိုင်ပါသလဲ?

စိတ်ကျရောဂါဖြစ်ပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ ဖြစ်စဉ်တွေမှာ ၇၀% က စိတ်ကျရောဂါနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ သေကြောင်းကြံနိုင်သလို အိမ်ထောင်ရေး (သို့မဟုတ်) ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ပျက်စီးစေနိုင်ပါတယ်။

အထူးသဖြင့် အတူနေမိသားစုဝင်တွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေက သူတို့ ခံစားချက်တွေကို နားလည်မှု မပေးနိုင်ရင် ဒါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေက စိတ်ကျရောဂါကို ဖြစ်စေတယ်ဆိုတာသိပြီး ဆရာ၀န်နဲ့ ဆောလျင်စွာ တိုင်ပင်ပြီး ကုသမှုခံယူမယ်ဆိုရင် ရှောင်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။ လူနာက မပြချင်ရင်တောင် သူငယ်ချင်းနဲ့ မိသားစု၀င်တွေက နားလည်အောင် သိမ်းသွင်းပြီး ကုသမှု ခံယူစေသင့်ပါတယ်။

❗ အချုပ်ဆိုရရင်တော့

???? စိတ်ကျရောဂါဟာ ကုသလို့ ရတဲ့ရောဂါပါ။ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။
???? သေချာမကုရင် အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။
???? တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေ ပျက်စီးနိုင်ပါတယ်။
???? စောစောစီးစီး သေချာကုသမှုခံယူရင် ရှေ့အနာဂတ်ကို သင့်လက်ထဲမှာ ပြန်လည်ဆုပ်ကိုင်လာနိုင်မှာ ဖြစ်ပါတယ်လို့ ပြောကြားရင်း တယ်လီကျန်းမာရဲ့ စိတ်ကျန်းမာရေးအထူးကုဆရာ၀န်ကြီးများနဲ့လည်း လာရောက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သတင်းကောင်း ပါးပါရစေရှင်။

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.