မိုးလေးက ညိုညို၊ တုပ်ကွေးလေးက တကြိုကြို ဖြစ်တဲ့ရာသီ ရောက်လာပါတော့မယ်နော်….

မိုးဦးပေါက်ပြီဆိုတာနဲ့ တုပ်ကွေးလေးတွေ စလာကြပါပြီ။ တို့မြန်မာပြည်လို အပူပိုင်းသမဇုန်ထဲကျနေတဲ့ နိုင်ငံအဖို့တော့ ခြင်တွေက ပေါတယ်လေနော်။ ဒီတော့ ခြင်ကကူးတဲ့ တုပ်ကွေးကို မမေ့စေလိုပါဘူး။ အဲဒါကတော့ သွေးလွန်တုပ်ကွေးပေါ့…

တစ်နှစ်တစ်နှစ် တို့ရင်သွေးနုနုလေးတွေကို ဇီ၀ိန်ခြွေတဲ့အထိဆိုးနိုင်တဲ့ သွေးလွန်တုပ်ကွေးအကြောင်းကို အထူးတလည်တော့ မရှင်းတော့ပါဘူး…မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အဲဒါကလည်း ခြင်မပေါက်အောင်လုပ်မှ အကိုက်မခံရအောင်လုပ်မှ ဖြစ်မှာနော်။

ပူကလည်း ပူ၊ မိုးကလည်း ညိုနဲ့ ခြင်မတော်တဆကိုက်သွားလို့ သွေးလွန်တုပ်ကွေး ဖြစ်သွားပြီဆိုရင်တောင် အဆိုးရွားကြီးမဖြစ်အောင် ဘယ်လိုစားသောက်နေထိုင် ပြုမူသင့်တယ်ဆိုတာလေး ပြောပြပေးသွားမှာပါ။

..

..

အရေးကြီးတဲ့ သိသင့်တဲ့အချက်လေးတွေကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးဟာ USA နဲ့ ဆက်စပ်နေရာအချို့မှာသာ ထိုးလို့ရနိုင်ပါတယ်။ နေရာတော်တော်များများအတွက်တော့ ထိုးဖို့မလွယ်သေးပါဘူး…ခြင်မကိုက်အောင်သာ ဂရုစိုက်ရမှာပါ။ ကလေးတွေမှာအဖြစ်များပေမယ့် လသားအရွယ်ကအစ ဘိုးဘိုးဘွားဘွား လူတိုင်းဖြစ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးလို့ သံသယရှိရင် ပါရာစီတမောကလွဲပြီး အခြားအကိုက်အခဲပျောက်ဆေးတွေ ထိုးတာ/သောက်တာတွေကို ရှောင်ရပါမယ်…ပြီးတော့ အရည်များများသောက်ပေးရပါမယ်။ အရည်ဆိုတဲ့နေရာမှာ အများစုက BPI ဓာတ်ဆားရည်ကိုသာ မြင်ယောင်တတ်ကြပါတယ်။ တကယ်တော့ အရသာရှိတဲ့အရည်တွေ အစားထိုးသောက်လည်း ရပါတယ် (အရက်ဘီယာ၊ ကော်ဖီ၊ လက်ဖက်ရည်တော့သောက်လို့မရပါဘူးနော်)

အရသာရှိပြီး မိမိနှစ်သက်တဲ့၊ မိမိကလေး ကြိုက်တဲ့ အရည်တွေလို့ ဆိုရာမှာ သိီးစုံဓာတ်ဆား၊ အသီး ဖျော်ရည် (juice) ၊ ဖျော်ရည်အဆီနဲ့ ဖျော်ထားတာတွေ၊ ဂတ်စ်ပါတဲ့ အအေးတွေ၊ အချိုရည်တွေ အကုန်အကျုံး၀င်ပါတယ်နော်။ နောက်ပြီး အရည်ဓာတ်နဲ့ ဆားဓာတ်ကို ရရှိနိုင်တဲ့အရာတွေဖြစ်တဲ့ စွတ်ပြုတ်တ်ို့၊ ဟင်းချိုတို့၊ သောက်စမ်းတို့…..ဒါ့အပြင် အရည်များများပါတဲ့ဟင်းကို ဟင်းရည်ရွှဲရွှဲနဲ့ ကျွေးတာမျိုး၊ ကြာဇံပြုတ် အရည်သောက်နဲ့ စားတာမျိုး၊ ကြေးအိုးစားတာတို့ကအစ လုပ်နိုင်ပါတယ်။ လူနာကြိုက်နှစ်သက်ပြီး အစား၀င်ဖို့၊ အရည်များများသောက်နိုင်ဖို့က အရေးကြီးဆုံးပါ။

မိုင်လိုတို့၊ ချောကလက်ရည်တို့ သောက်ဖို့ကိုတော့ တားလေ့ရှိကြပါတယ်။ တကယ်တော့ မတည့်တာမဟုတ်ပါဘူး…အန်ရင် မည်းမည်းတွေပါတဲ့အခါ မိုင်လိုလား/သွေးလား ခွဲဖို့ခက်နိုင်စေလို့ အိုဗာတင်းအဖြူသောက်ဖို့ ပြောကြတာပါ။

..

..

အဖျားတွေရဲ့သဘောသဘာ၀က ညနေစောင်းဆို နုံးလာပြီး ပြန်အဖျားတက်တတ်ပါတယ်။ ဒါဟာ အဖျားတော်တော်များများရဲ့ သဘာ၀ပါ။ နေ့လည်ထမင်းစားလို့ အဖျားတက်တာမဟုတ်ပါဘူး….ထမင်းလည်း စားလို့ရပါတယ်။ ထမင်းတောင်းတဲ့ ကလေးဆို ထမင်းကျွေးပါ….ထမင်းမစားချင်တဲ့ ကလေးဆို ခေါက်ဆွဲတို့၊ ကြာဇံတို့၊ ကြေးအိုးတို့ကို ကျွေးပါ။

သွေးလွန်တုပ်ကွေးဖြစ်ရင် ဗိုက်နာတာ၊ အသည်းရောင်တာ၊ အစာ ကောင်းကောင်းမခြေနိုင်တာတွေဖြစ်ပြီး အစာစားချင်စိတ် နည်းပါတယ်။ ကလေးက ဗိုက်နာတာ၊ အန်တာ မရှိဘဲ အစာကောင်းကောင်းစားနိုင်ရင်/စားချင်စိတ်ရှိရင် သွေးလွန်တုပ်ကွေးမှာ ကောင်းတဲ့လက္ခဏာပါ။ အဲဒါကို ဖျားလို့ဆိုပြီး အစာဖြတ်မထားဖို့ မှာချင်ပါတယ်။

မစားနိုင်တဲ့ကလေးဆိုရင် ချော့ပြီး ပူပူနွေးနွေးပျော့ပျော့​ပျောင်းပျောင်း အစာကိုကျွေးပါ။ အပူအစပ်တွေ ရှောင်ပါ။ တစ်ခါတည်း အများကြီးကျွေးတာထက် နည်းနည်းနဲ့ ခဏခဏကျွေးပေးတာက ပိုအဆင်ပြေပါတယ်။

ပြောရမယ်ဆိုရင် ကလေးက သွေးလွန်တုပ်ကွေးဖြစ်လို့ မတည့်တဲ့ အစားအစာဆိုတာ မရှိပါဘူး။ အကုန်တည့်၊ အကုန်စား၊ အကုန်သောက်ပါ။ အဓိကက လူနာ ဘာစားချင်လဲ/ဘာသောက်ချင်လဲပေါ်မူတည်ပြီး ကျွေးပါ။ များများစား၊ များများအရည်သောက်ရင် ဆေးရုံတက်ဖို့ လိုအပ်တာမျိုးအထိ အခြေအနေဆိုးတာကို လျှော့ချပေးနိုင်ပါတယ်။

တချို့ကလေးတွေ ရှော့ဖြစ်၊ သွေးသွင်းရတာထိ ဆိုးကြပါတယ်….ဆေးရုံတက်ကြရပါတယ်။ ဒီလိုအဆင့်ကိုမရောက်ဖို့ မိဘတွေအနေနဲ့ အချက် (၂) ချက် လုပ်နိုင်ပါတယ်။

ပထမအချက်ကတော့ သွေးလွန်တုပ်ကွေး အရမ်းဆိုးတဲ့အထိဖြစ်ကြတာကို ပြန်ဆန်းစစ်လိုက်ရင် အလွန်ပိန်တဲ့ကလေးတွေနဲ့ အလွန်၀တဲ့ ကလေးတွေပါ။ ဒါ့ကြောင့် မိမိတို့ရဲ့ကလေးဟာ သာမန်လား၊ ပိန်နေလား၊ ၀နေလားကို ကလေးကြိီးထွားမှုဇယားကနေတစ်ဆင့် သိရှိပြီး ကြိုတင်သတိထား ဆင်ခြင်ဂရုစိုက်သင့်ပါတယ်။

(ကိုယ့်ကလေးဟာ ပိန်တဲ့ထဲပါလား/ဝတဲ့ထဲပါလား/ပုံမှန်ပဲလားဆိုတာ မသိသေးရင်တော့ တယ်လီကျန်းမာကိုသာ လာခဲ့ပါ….ကလေးရဲ့ လိင်၊ အသက်၊ အရပ်၊ ကိုယ်အလေးချိန်ကိုသိရင် ဘယ်ထဲကျရောက်နေတယ်ဆိုတာ ပြောပြပေးလို့ရပါတယ်)

ဒုတိယအချက်ကတော့ စဖျားပြီဆိုတာနဲ့ အရည်များများသောက်ဖို့၊ နေမကောင်းလို့ မစားနိုင်ပေမယ့်လည်း ကလေးကို ကြိုးစားပြီး စားဖို့သောက်ဖို့ အားပေးပါ။ ဒါမှ အပ်နဲ့မထိုးရမှာ၊ ဆေးမသွင်းရမှာလို့ ရှင်းပြပေးပါ။ ဂျီးများပြီး မိဘကိုနိုင်စားတဲ့ ကလေးတွေက အရည်လုံး၀မ၀င်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ သွေးပေါင်ကျပြီး ဆေးရုံတက်ရနိုင်ပါတယ်နော်။

ဆေးရုံမှာတောင် အရည်များများ၀င်တဲ့ ကလေးက မြန်မြန်ဆင်းရပါတယ်။ သွေးသွင်းရတဲ့အထိ မဆိုးတော့ဘဲ စောင့်ကြည့်အခြေအနေကနေ ပြန်ကောင်းသွားပြီး အိမ်ပြန်ရပါတယ်။ အရည်၀င်ဖို့ အင်မတန်အရေးကြီးပါတယ်။

ကလေးအဖျားကြီးရင် ရေချိုးချပေးပါ။ နောက်ပြီး အထက်မှာပြောခဲ့သလို ပါရာစီတမောကလွဲလို့ အခြားအကိုက်အခဲပျောက်ဆေးတွေ ထိုးလို့/သောက်လို့ မရပါဘူး ။

“ အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုတဲ့အတိုင်းသွေးလွန်တုပ်ကွေးအတွက် အထူးတလည်စားသောက်သင့်တာလေးတွေပြောရရင်ဖြင့်….

သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးကြာပေါက်လွယ်ပါတယ်။ မပေါက်လွယ်အောင် ဗီတာမင်စီ (vitamin C) က လုပ်ဆောင်ပေးပါတယ်။ ကလေးကို အားဆေးတွေ တိုက်တာထက် ဆန်းကစ်သီးကျွေးတာ၊ လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီ စတဲ့ ရနိုင်တဲ့အသီးအနှံလေးတွေ ကျွေးတာက ဗီတာမင်စီလည်းရ၊ အရည်ဓာတ်လည်းရ​၊ အာဟာရလည်းပိုဖြစ်စေလို့ အသီးကျွေးဖို့ကို ပိုတိုက်တွန်းလိုပါတယ်။

နေပြန်ကောင်းတဲ့အခါလည်း နောက် ၂ ပတ်ကြာတဲ့အထိ ခါတိုင်းစားတာထက် ၂ နပ် ပိုတိုးကျွေးပါ။ မဟုတ်ရင် ပိန်ပြီး ကျန်ခဲ့လိမ့်ပါမယ်။

အားလုံးပဲ သွေးလွန်တုပ်ကွေးအန္တရာယ်မှ ဘေးကင်းလုံခြုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်…..။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference: BMJ dengue fever

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here