မီနူး

Dealing with Child Behavior Problems ( ကလေးတွေ ငိုယိုသောင်းကျန်း၊ ဂျီကျချိန် ကိုင်တွယ်ဖြေရှင်းနည်း (၇) ချက် ( June, 2022 )

ကလေးတွေ ငိုယိုသောင်းကျန်း၊ ဂျီကျချိန် ကိုင်တွယ်ဖြေရှင်းနည်း (၇) ချက် ( June, 2022 )

=====================================

တစ်နေ့လုံး မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်စျေးဝယ်အပြီး အိမ်ပြန်မယ်ဆိုတဲ့အချိန် ကလေးက ဗြုန်းဆို စျေးဝယ်စင်တာကြမ်းပြင်ပေါ်လှဲချ၊ တဗြဲဗြဲအော်ငို ၊ ခေါ်မရ၊ ချော့မရ။ ပတ်ဝန်းကျင်ကလည်း ကွက်ကြည့်ကွက်ကြည့်၊ အဖေလုပ်သူက ဒေါသတွေထွက်၊ အမေက ရှက်လွန်းလို့ မျက်နှာကြီးနီရဲ။ ဒီလို ဆင်တူရိုးမှားအဖြစ်အပျက်တွေ မိဘလုပ်သူတွေတိုင်း အနည်းနဲ့အများကြုံဖူးကြမှာပါ။

ဒါမျိုးကိစ္စတွေက တစ်ခါတရံပဲဆိုရင် ကိစ္စမရှိပေမယ့် ခဏခဏဖြစ်လာရင်တော့ မိသားစုနဲ့ အတူအပြင်မသွားချင်တော့တာ၊ သားသမီးကိုအဆင်ပြေအောင် မထိန်းနိုင်ဘူးဆိုပြီး စိတ်ဓါတ်ကျလာတာမျိုးတွေကတစ်ဆင့် အိမ်တွင်းရေးပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေအထိ ဖြစ်လာတတ်ပါတယ်။

( ကလေးတွေ မကြာခဏ ငိုယိုသောင်းကျန်း၊ ဂျီကျတဲ့ အကြောင်းအရင်း (၄) ချက်ကို ဟိုအရင်post post မှာတင်ပေးထားပါတယ် )

ဒီတစ်ပတ်မှာတော့ ဒါမျိုးဖြစ်လာခဲ့ရင် ကိုင်တွယ်ဖြေရှင်းနည်း ( ၇) ချက်ကို ပြောပြပါ့မယ်။

(၁) သင်ကိုယ်တိုင် စိတ်အေးအေးထားပါ

“ဒါမိဘတိုင်းကြုံရတဲ့ကိစ္စ၊ ခဏနေပြီးသွားမှာ” ဆိုပြီး ကိုယ့်ကိုယ်ကို အရင်ဆုံးသတိပေးပါ။ လူအများကြီးရဲ့ မျက်လုံးတွေအောက် ဘာမှမလုပ်တတ်တော့သလို ခံစားရနိုင်ပါတယ်။ အားလုံးကို လျစ်လျူရှူပါ။ မိဘလုပ်သူက စိတ်ကို အေးအေးဆေးဆေးထားလိုက်ရင် ကလေးမှာလည်း မိဘဆီက အေးဆေးမှုကို ခံစားလာပါတယ်။ မိဘက ဝုန်းဒိုင်းကြဲရင် ကလေးကလဲ ပိုပြီးအာခေါင်ခြစ်အော်တာ၊ အနားကပစ္စည်းတွေ ဖျက်ဆီးတာ လွှင့်ပစ်တာတွေ လုပ်လာတတ်ပါတယ်။

(၂) ကလေးနဲ့ စကားပြောပါ

ကလေးရဲ့ ခံစားချက်ကို နားလည်ကြောင်းပြပါ။ ဒါပေမယ့် သူမလုပ်ချင်တာကို ဘာကြောင့်လုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြပါ။ ဆီမန်းမန်းသလို တတွတ်တွတ်နဲ့ ပြောနေတာမျိုးကို ရှောင်ပါ။

ဥပမာ….

“စျေးဝယ်စင်တာ မပြန်ချင်သေးတာ မေမေနားလည်တယ်။ ဒါပေမယ့်ပြန်ရမယ့်အချိန်ရောက်ပြီ “ လိုမျိုး။

(၃) စိတ်ရှုပ်စရာ အခြေအနေကို အကျိုးရှိအောင် အသုံးချပါ

“သားသား စိတ်ဆိုးနေတာ မေမေသိတယ်။ ဘယ်လောက်ကြီး စိတ်ဆိုးနေတာလဲ မေမေကို လက် ၂ ဘက်နဲ့ အဝိုင်းကြီး ဝိုင်းပြ၊ စာရွက်ပေါ်မှာ အဝိုင်းကြီးဝိုင်းပြ”ဆိုတာမျိုးမေးပါ။

အဲဒီ့အချိန် ကလေးက သူဘယ်လောက်လောက် အဝိုင်းဝိုင်းပြရမလဲဆိုတဲ့ဆီ စိတ်ရောက်သွားတဲ့အတွက် မသိမသာနဲ့ အာရုံလွှဲပြီးသားဖြစ်သွားသလို သူ့ ဒေါသကလဲ လျော့သွားပါမယ်။

တစ်ချိန်ထဲမှာပဲ သူ့ရဲ့ ခံစားချက်အတိုင်းအတာကို သူများကိုနားလည်အောင် ဘယ်လိုပြောပြရမလဲဆိုတာ သင်ပေးပြီးသားလည်း ဖြစ်စေပါတယ်။

(၄) ချစ်ကြောင်းပြပါ

“အဲလောက်ဆိုးနေရင် မချစ်တော့ဘူး၊ အဲဒီ့မှာပဲ နေခဲ့လိုက်တော့” စတဲ့ စကားတွေက အခြေအနေကိုပိုဆိုးစေပါတယ်။

ကလေးတစ်ယောက် အော်ဟစ်၊ ငိုယို၊ သောင်းကျန်းတာဟာ တကယ်တော့ ပြဿနာလုပ်ချင်လို့မဟုတ်ဘဲ သူ့စိတ်မကျေနပ်တာ၊ သူလိုချင်တာရဖို့အတွက် တောင်းဆိုတဲ့ လမ်းနည်းတွေကို ရှာဖွေစမ်းသပ်နေတာပါ။ ကလေးကိုယ်တိုင် အဲလိုအချိန်မှာ ဘယ်လိုအပြုအမူကကောင်းတယ်၊ ဆိုးတယ်ဆိုတာကို မြေစမ်းခရမ်းပျိုးရှာဖွေနေရတဲ့အချိန် သူ့စိတ်တွေက ရှုပ်ထွေးနေတာပါ။ လူကြီးတွေရဲ့ မချစ်တော့ဘူးဆိုတဲ့ စကားလုံးက ကလေးတွေကို စိတ်ထိခိုက်နာကျင်စေပါတယ်။

“စျေးဝယ်စင်တာ မပြန်ချင်သေးလို့ ငိုနေတာ မေမေနားလည်တယ်။ ဒါပေမယ့်ပြန်ရမယ့်အချိန်ရောက်ပြီ။ အခု မေမေခဏ ဖက်ပေးထားရမလား”

ကလေးအများစုက ဘယ်လောက်ပဲ သောင်းကျန်းနေပစေ မိဘတွေဆီက ဒီလိုမျိုး နူးနူးညံ့ညံ့ဆက်ဆံတာခံရရင် (ဆက်ပြီးငိုနေနိုင်ပေမယ့်) ငိုသံရော ဒေါသပါလျော့လာတတ်ပါတယ်။

တချို့ (၇)နှစ် (၈)နှစ်အရွယ် ကလေးတွေကျတော့ လူရှေ့မှာ အဖက်ခံရတာ ရှက်တာ၊ မကြိုက်တာမျိုးရှိလို့ ငြင်းဆန်ရင်….

“စျေးဝယ်စင်တာ မပြန်ချင်သေးလို့ ငိုနေတာ မေမေနားလည်တယ်။ ဒါပေမယ့်ပြန်ရမယ့်အချိန်ရောက်ပြီ။ သမီးလေး ငိုချင်ရင် မေမေအနားမှာ ခဏစောင့်ပေးမယ်။ သမီးအကူအညီတခုခုလိုရင် မေမေ့ကိုပြောပြ။ သမီးငိုနေပေမယ့် မေမေက ချစ်တယ်နော်” ဆိုတဲ့စကားမျိုးပြောပြပေးရင် ကလေးစိတ်ထဲမှာ “ငါ့မိဘက ငါ့ကိုချစ်တယ်”ဆိုတဲ့ ကျေနပ်မှု၊ ယုံကြည်မှုရလာပါလိမ့်မယ်။

(၅) စိတ်ထွက်ပေါက်အတွက် အစားထိုး တစ်ခုခုပေးပါ

လူကြီးတွေအတွက်သာမက ကလေးတွေမှာလည်း စိတ်ထွက်ပေါက်လိုပါတယ်။ တချို့ကလေးတွေက ဒေါသအရမ်းကြီးလာတဲ့အခါ အမေ/ တခြားကလေးတွေကိုရိုက်တာ၊ အနားမှာရှိတဲ့ ပစ္စည်းတွေလွှင့်ပစ်တာ၊ ဖျက်ဆီးတာမျိုးတွေလုပ်တတ်ပါတယ်။

“မေမေ့( ကိုကို၊ မမ) ကိုရိုက်ခွင့်မရှိဘူး၊ ပစ္စည်းတွေကို လွင့်ပစ်ခွင့်မရှိဘူး၊ သားသားလုပ်ချင်တယ်ဆိုရင် ဒီခေါင်းအုံးကိုရိုက်” ဆိုပြီး ခေါင်းအုံး/ အမွှေးပွ အရုပ်တခုပေးထားပါ။ ကိုယ်ဒေါသထွက်ရင် တခြားသူတွေကို ရိုက်တာ၊ ပစ္စည်းတွေဖျက်ဆီးတာကို လုံးဝခွင့်မပြုပါနဲ့။ ( မိဘတွေကိုယ်တိုင်ကလဲ ဒီလိုအပြုအမူမျိုးကိုရှောင်ပါ)

(၆) ရိုက်တာ၊ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာမျိုး ရှောင်ပါ

ရိုက်လိုက်ရင် ကလေးငိုနေတာ ချက်ခြင်းရပ်သွားပါလိမ့်မယ်။ ဒါပေမယ့် ရိုက်တာ၊ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာမျိုးက လုပ်လို့ရတဲ့ကိစ္စလို့ ကလေးရဲ့စိတ်ထဲမှာ စွဲသွားပြီး တဖြည်းဖြည်းနဲ့ ကြမ်းတမ်းတဲ့ ကလေးတွေဖြစ်လာပါလိမ့်မယ်။

(၇) တစ်သမတ်တည်း ဖြစ်ပါစေ

ကလေးတွေနဲ့ဆက်ဆံရေးမှာ တစ်သမတ်တည်း ဖြစ်ဖို့ အရေးကြီးပါတယ်။ မိဘတွေရဲ့ စည်းမျဉ်းတွေက ဒီနေ့တစ်မျိုး နောက်နေ့တစ်မျိုးဆို ကလေးတွေအနေနဲ့ နားလည်နိုင်ဖို့ခက်ခဲပါတယ်။

No means No ပါ….

မိဘက မရဘူးဆိုရင် ဘယ်လိုပဲ ဂျီကျ၊ ငိုယိုသောင်းကျန်းလည်း မရဘူးဆိုတာ ကလေးအနေနဲ့ စွဲစွဲမြဲမြဲသိထားဖို့ လိုအပ်ပါတယ်။ ကလေးအငိုတိတ်ဖို့ ဒီတခါအလိုလိုက်ရင် နောက်တစ်ကြိမ်မှာ ဒီထက်ပိုပြီး အသံကျယ်ကျယ်နဲ့ အော်ငိုပါလိမ့်မယ်။

Reference: ????

NHS: Dealing with child behavior problems

Raising Children network: Tantrums; why they happen and how to respond

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိ ***

( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

Ministry of Health,

National Unity Government.

  Published on: 11 June 2022
Last Updated: 11 June 2022 

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း Traumatic Mutism

ငလျင်ကြီးလိုမျိုး အပြင်းအထန် တုန်လှုပ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကလေးငယ်တွေ စကားမပြောနိုင်တော့တာက တကယ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါပဲဒါကို "စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)" လို့ ခေါ်ကြပါတယ်။အခုကတော့ ငလျင်ပြီးနောက်ဖြစ်တာမို့ "Post-earthquake Mutism " လို့ သတ်မှတ်ပါတယ် ။ ဒီ Topic ဟာ ကျွန်မ...

ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်

"ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်" စိတ်မချမ်းမြေ့စရာ ငလျင်သတင်းတွေနဲ့ အတူ ကျွန်မတို့ဟာ မိနစ်တိုင်းစက္ကန့်တိုင်းနီးပါး စိတ်မသက်မသာဖြစ်မှုကို ခံစားနေကြရပါတယ်။ ရှင်သန်သူတွေမှာလည်း ရှင်သန်သူအလျောက် ၊ ငလျင်ဒဏ်မခံလိုက်ရပေမယ့် တက်လာတဲ့သတင်းတွေဖတ်ပြီး ကိုယ်သာ အဲ့နေရာမှာဆိုရင်စတဲ့ ကိုယ်ချင်းစာစိတ်တွေကြောင့် ရင်မောနေသူတွေဟာလည်း ဒီနိုင်ငံမှာ လူလာဖြစ်ရတာ ကံဆိုးလှချည်ရဲ့လို့ပင် မငြီးငြူနိုင်တော့လောက်အောင် ဝေဒနာမီးဟာ ကူးစက်မြန်ပါတယ် ။ ပြိုကျသွားတဲ့...

ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt 

ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလွန်ကိုမှ ပင်ပန်းခက်ခဲလှတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။  တကယ်တော့ ငလျင်ကပ်ဘေးရယ်လို့မှ မဟုတ်ပါဘူး ကျွန်မတို့တစ်နိုင်လုံးအတိုင်းအတာနဲ့ကတော့ အကြမ်းဖက်မှုတွေ ၊ စစ်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ စတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ရှင်ကျန်ခဲ့ရသူတွေမှာလည်း ဒီ survivor guilt ကို...

ငလျင်နောက်ဆက်တွဲ မူးဝေခြင်း Earthquake Drunk

ဒီနေ့ဆိုရင် ငလျင်ကြီးပြီး ၅ ရက် မြောက်ပါ။ ၇.၇ အားနဲ့ ငလျင်ကြီးကတော့ လှုပ်လို့ပြီးသွားပေမယ့် ကျွန်မတို့အများစုကတော့ ကိုယ်ရော စိတ်ပါ ရိုက်ခတ်မှုတွေ ရှိနေတုန်း ဖြစ်နေကြမှာပါ။ တယ်လီကျန်းမာမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း ငလျင်နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ပြဿနာတွေ ကုသ တိုင်ပင်ပေးဖို့...