အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans)

အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။

အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။

အဲဒီယားနာလေးတွေက အရေပြားအောက်မှာ လျှောက်သွားနေတဲ့ သန်ချိတ်ကောင် သားလောင်းကလေးတွေကြောင့်ဖြစ်လို့ (Cutaneous Larva Migrans) လို့ ခေါ်ပါတယ်။

တကယ်တော့ အဲဒီသန်ကောင်ကလေးတွေက ကြောင်တို့ ခွေးတို့ရဲ့အူလမ်းကြောင်းမှာ ပျော်ကြသူတွေပါ။ သူတို့ရဲ့ဥတွေက ခွေး၊ ကြောင်တွေရဲ့ မစင်ထဲမှာပါလာပြီး စိုစွတ်တဲ့မြေကြီးထဲမှာ အကောင်ပေါက်ပါတယ်။ သေးငယ်တဲ့ သားလောင်းကလေးတွေဟာ သူတို့အနားရောက်လာတဲ့ သွေးနွေးသတ္တဝါရဲ့အရေပြားကို ဖောက်ပြီး အထဲကို ဝင်သွားပါတယ်။

ခွေးတို့ ကြောင်တို့မှာတော့ အရေပြားအောက်မှတစ်ဆင့် သွေးပြန်ကြော၊ သငံရည်ကြောတွေနောက်လိုက်ပြီး နောက်ဆုံး အူလမ်းကြောင်းထဲကိုရောက်ကာ ဆက်လက်ကြီးထွားပြီး မျိုးပြန်ပွားကြတာပါ။

တစ်ခါတလေတော့ အရွေးမှားပြီး လူ့ခန္ဓာထဲကို ရောက်လာပါတယ်။

အဲဒီသားလောင်းကလေးတွေ အရေပြားကိုဖောက်ဝင်တဲ့နေရာမှာ အလွန်ယားတဲ့ အဖုအနီလေး စဖြစ်ပြီး မကြာမီ သားလောင်းလေး အရေပြားအောက်မှာ လျှောက်သွားတဲ့အခါ သူသွားရာလမ်းတစ်လျှောက် ယားယံတဲ့ အနီရောင်လမ်းကြောင်း ကွေ့ကွေ့ကောက်ကောက်လေး ဖြစ်လာပါတယ်။ တစ်နေ့ကို လက်မဝက်သာသာလောက်ပဲ ရွေ့ပါတယ်။

မြေကြီးကနေ ဝင်ကြတာများလို့ ခြေထောက်နဲ့ ကိုယ်အောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အကောင်ရှိတဲ့လမ်းကြောင်းထိပ်မှာ ပိုနီ၊ ပိုယားပြီး ကျန်ခဲ့တဲ့ လမ်းကြောင်းက ညှိုးပြီးခြောက်သွားလို့ ညိုပြီးကျန်ပါတယ်။

လူ့ခန္ဓာထဲကို အရွေးမှားပြီး ရောက်လာတဲ့ အကောင်လေးဟာ ခွေးတွေကြောင်တွေထဲမှာလို သူတို့နေထိုင်ကြီးထွားဖို့ အူထဲကိုသွားတဲ့လမ်းကို မဖောက်နိုင်ဘဲ အချိန်ကာလတစ်ခုမှာ အလိုလို သေသွားကြပေမယ့် မသေခင် လပေါင်းအတော်ကြာတဲ့အထိ လူကို ဒုက္ခပေးတတ်ပါတယ်။

သူ့ကိုသေအောင် ဆေးပေးလို့ရပါတယ်။ Thiabendazole 10% ဆေးရည် သို့မဟုတ် 15% ointment ကို တစ်နေ့ နှစ်ကြိမ်သုံးကြိမ် ၅ ရက်ကနေ ၁၀ ရက်အထိ လူးပေးရင် ပျောက်ပါတယ်။ ဒါမှမဟုတ် သောက်ဆေးသောက်လို့လည်း ရပါတယ်။

ရှေးက တရုတ်လူမျိုးတွေကတော့ အကောင်ရဲ့ခေါင်းကို မီးနဲ့ထိုးတယ်ဆိုပြီး လမ်းကြောင်းထိပ်က နီနေတဲ့ (သန်ကောင် သားလောင်းရှိတဲ့) နေရာကို အမွှေးတိုင်မီးနဲ့ တို့ပြီးကုတယ်လို့ ကြားဖူးပါတယ်။

တစ်ခါတလေ အကောင်လေးက တစ်နေရာတည်းပတ်ချာလည်သွားနေလို့ သူ့လမ်းကြောင်းကို ပွေးကွက်နဲ့မှားတတ်ပါတယ်။ ယားနာက တာရှည်လာတဲ့အခါ လမ်းကြောင်းတွေထပ်၊ ကုတ်ထားတဲ့ အရာတွေနဲ့ရောပြီး ဝဲ၊ ဝဲနှင်းခူတွေနဲ့ပါ မှားတတ်ပါတယ်။

တစ်ခါတလေ လမ်းမှားပြီး အရေပြားအောက်ရောက်လာတဲ့ သန်လုံးကောင်တွေကြောင့်လည်း အဲဒီလို ယားနာလမ်းကြောင်းတွေ (larva currens) တွေ့နိုင်ပေမယ့် သန်လုံးကောင်က သွားတာမြန်ပါတယ်။ တစ်နာရီကို ၄ လက်မလောက် ခရီးပေါက်ပါတယ်။

ဒီလိုရောဂါမဖြစ်အောင် ခွေးတွေကြောင်တွေပေါတဲ့နေရာတွေမှာ မြေကြီးပေါ် ဖိနပ်မပါဘဲ လျှောက်သွားတာမျိုးကို ဆင်ခြင်သင့်ပါတယ်။

ဒီရောဂါက မကုလည်း သူ့ဘာသာပျောက်တတ်ပေမယ့် မပျောက်မီ လအတော်ကြာ ယားယံပြီး အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုဖြစ်တတ်လို့ အကယ်၍ မိမိမှာ အဲဒီလိုရွေ့လျားနေတဲ့ ယားနာလမ်းကြောင်းလေးရှိနေပြီဆို နားလည်တတ်ကျွမ်းတဲ့ ဆေးပညာရှင်များနဲ့ ပြသကုသမှု ခံယူသင့်ပါတယ်။

Reference : ????

https:// www. ncbi. nlm. nih. gov /books/NBK507706/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here