အူမကြီးကင်ဆာ

အီအီးပါတဲ့အခါ စအိုကနေ ပါလို့မရဘဲ ၊ ဗိုက်မှာ အပေါက်ဖောက်ပြီး အဲ့ဒီ့အပေါက်ကနေတစ်ဆင့် မစင်တွေကို စွန့်ထုတ်နေရတဲ့လူနာတွေကို တွေ့ဖူးကြပါသလား ?

အကြောင်းတစ်ခုခုကြောင့် အူပိတ်ပြီး ၊ ခွဲစိတ်ကုသပြီး ပြန်ဆက်ပေးဖို့လည်း မလွယ်တဲ့အခြေအနေတစ်ချို့မှာ အခုလိုပဲ ဗိုက်မှာအပေါက်ဖောက်ပြီး အူတွေကို ယာယီ (သို့) အမြဲတမ်းဖွင့်ထားရတာမျိုး ရှိတတ်ပါတယ်။

အူပိတ်စေတဲ့အကြောင်းခြင်းရာ အများကြီးရှိတဲ့အနက် အူမကြီးကင်ဆာဟာ တစ်ခုအပါအဝင်ဖြစ်သလို….အခုနောက်ပိုင်း အဖြစ်များလာတဲ့ရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်း တစ်ခုအပါအဝင်ပေါ့။

ဒါ့ကြောင့် သတိဆိုတာ ပိုတယ်မရှိရလေအောင် အူမကြီးကင်ဆာအကြောင်း အခြေခံသိသင့်တာလေးတွေနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

❓အူမကြီးကင်ဆာကို ဘယ်လိုတွေ ခံစားရရင် သတိထားရမလဲ?

– ၀မ်းချုပ်တယ်။ ၀မ်းနှုတ်ဆေးကို ပုံမှန်ထက် တိုးစားလာရတယ် ( ဥပမာ- တစ်နေ့ ၂ပြားကနေ ၄-၅ပြားတိုးစားရတယ် (သို့) တစ်ပါတ်နှစ်ကြိမ်စားရာကနေ ရက်တိုးပြီးစားလာရတယ်)
– လူက ဖြူလာတယ်။ လှုပ်ရှားရင်မောတယ်။ နုံးတယ်။
– ၀မ်းသွားရင် သွေးတွေချွဲတွေပါတယ်။ တစ်ခါတစ်ခါ ၀မ်းသွားမယ်ထင်တာ သွေးတွေချွဲတွေပဲသွားတယ်။
– လူကပိန်လာတယ်။
– ဗိုက်ထိုးထိုးပြီးအောင့်တာ ဆေးတွေသောက်လည်း ‌မပျောက်ဘူးအစရှိတာတွေ ခံစားရရင် သတိထားတာ မမှားပါဘူး။ ဒါပေမယ့် တခြားအကြောင်းရင်းလည်း ဖြစ်နိုင်သေးတာမို့ ဆရာ၀န်နဲ့တိုင်ပင်လိုက်တာ အကောင်းဆုံးပါ။

❓ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ?

(၁) အများအားဖြင့်တော့ အသက်၄၀နောက်ပိုင်းမှာ ဖြစ်တာများပေးမယ့် မိသားစုမျိုးရိုးထဲမှာ အူမကြီးကင်ဆာ ဖြစ်ဖူးတဲ့သူရှိရင် ( Family history- may be HNPCC) (သို့) အူရောင် အူနာရောဂါရှိရင် ( inflammatory bowel disease) (သို့) အူမကြီးမှာ အသားပိုအလုံးတွေ အများကြီး (ရာချီ) ရှိနေရင်တော့ ( Familial adenopolyposis coli, FAP) ငယ်ငယ်ရွယ်ရွယ်မှာလည်း ဖြစ်နိုင်ပါတယ်။

(၂) အူမကြီးမှာ နောင်အခါ ကင်ဆာပြောင်းနိုင်သောအသားပိုလုံးရှိတာ ( ‌adenomatous polyp)
(၃) ကိုယ်လက်လှုပ်ရှားမှုနည်းရင်
(၄) ကိုယ်အလေးချိန်များရင်
(၅) အဆီများတာတွေစားရင် (အထူးသဖြင့် animal fat)
(၆) အသီးအရွက်အစားနည်းရင်၊ အမျှင်ဓာတ်ပါတာ အစားနည်းရင်( ဆိုလိုတာက ဒါတွေအစားနည်းရင် ၀မ်းချုပ်တဲ့အတွက် စားလိုက်တဲ့အစာထဲ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါရင် အူမကြီးနဲ့ ကြာကြာထိနေတာမို့ မကောင်းပါဘူး)
(၇) ဆေးလိပ်၊အရက်သောက်ရင် ဖြစ်နိုင်ချေပိုများပါတယ်။

❓မဖြစ်အောင် ဘယ်လိုဆင်ခြင်ရမလဲ?

– အပေါ်ကအချက် (၃) ကနေ (၇)အထိရှောင်ကျဉ်ရင်တော့ ဖြစ်နိုင်ချေနည်းအောင် လျော့ချလို့ရပါတယ်။
– အချက် (၁)နဲ့ (၂)ကတော့ မဖြစ်ခင် စောစောစီးစီးသိရင်လည်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (သို့) စောစောသိတဲ့အတွက် စောစောကုသနိုင်ပြီး ရလဒ်ပိုကောင်းပါတယ်။

❓စောစောသိအောင် ဘယ်လိုလုပ်ရမလဲ?

– ပုံမှန်အားဖြင့်တော့ လူတိုင်း အသက် ၄၅နှစ်ကနေစပြီး screening test လုပ်သင့်ပါတယ်။ အူမကြီးကင်ဆာ (သို့) အူမကြီးကင်ဆာအဖြစ်ကို နောင်မှာပြောင်းလဲနိုင်တဲ့ အသားပိုရှိမရှိကိုသိနိုင်အောင်ပါ။
– မိသားစု မျိုးရိုးရှိတဲ့သူ၊ အူရောင်အူနာရောဂါရှိသူ၊အူမကြီးထဲ နောင်ကင်ဆာပြောင်းနိုင်တဲ့ အသားပိုရှိသူ ၊ အူမကြီးထဲ အသားပိုအလုံးတွေ ရာချီရှိတဲ့သူဆိုရင်တော့ အသက်၄၅နှစ် မတိုင်ခင်ကတည်းက စစ်သင့်ပါတယ်။ ဘယ်အချိန်စစ်ရမလဲကတော့ ဆရာ၀န်နဲ့တိုင်ပင်ပြီး စစ်သင့်ပါတယ်။

ဘယ်နှနှစ်တစ်ခါ ပုံမှန်လုပ်ဖို့လိုအပ်မလဲကတော့ စစ်ဆေးချက်အဖြေတွေပေါ်မူတည်ပါတယ်။ ဆရာ၀န်က ညွှန်ကြားပါလိမ့်မယ်။

❓Screening testက ဘာတွေလုပ်ရမှာလဲ? လုပ်တော့ရော အကျိုးရှိလား?

ဆရာ၀န်နဲ့တိုင်ပင်ပြီး စစ်ဆေးပါ။ ပုံမှန်ကတော့
– ၀မ်းထဲ သွေးပါမပါစစ်တာ ( Fecal occult blood test or Fecal immunochemical test) < တစ်နှစ်တစ်ခါ စစ်လေ့ရှိပါတယ်။
– အူမကြီးမှန်ပြောင်းကြည့်တာ ( flexible sigmoidoscope or colonoscope) < ၅နှစ်တစ်ခါ (သို့) ၁၀နှစ်တစ်ခါ စစ်လေ့ရှိပါတယ်။
-CT ရိုက်တာ ( virtual colonoscopy) < ၅နှစ်တစ်ခါ စစ်လေ့ရှိပါတယ်

လူနာရဲ့ ဖြစ်နိုင်ချေရှိမှု၊ အသက်အရွယ်၊ မျိုးရိုးရှိမရှိ၊ ခံစားနေရတဲ့ လက္ခဏာ ရှိမရှိပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

Screening test စစ်တော့အကျိုးရှိပါတယ်။ ကင်ဆာ မဖြစ်ခင် စောသိပြီး နောင်ကင်ဆာပြောင်းနိုင်တဲ့အသားပိုတွေကို ဖယ်ထုတ်လိုက်နိုင်လို့ ကင်ဆာဖြစ်နှုန်း၇၅% အထိလျော့ပေးနိုင်ပါတယ်။ အူမကြီးကင်ဆာကလည်း အစောပိုင်းဆို လက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာပြမှဆိုရင် ပျောက်ကင်းအောင် ကုနိုင်ချေက ၅၀% ပဲရှိတာပါ။ စောစောသိတဲ့အတွက် ပျောက်ကင်းအောင်ကုသနိုင်ချေဟာ ၉၀% အထိ တိုးလာပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်လို့ သတိဆိုတာ ပိုသည်မရှိသလို လုပ်စရာရှိတာလေးတွေ ပုံမှန်ဆောင်ရွက်ထားရင်လည်း တအားကြီး ကြောက်နေစရာမလိုကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

Reference:
https://www.cdc.gov/cancer/colorectal/basic_info/
https://fascrs.org/…/screening-and-surveillance-for..

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.