Coeliac disease ဆိုတာ မျိုးရိုးလိုက်တဲ့ အူသိမ်ရောဂါတစ်မျိုးဖြစ်ပြီး အစားအသောက်မှာ ပါတဲ့ Gluten လို့ ခေါ်တဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုးပါ။

Gluten ပရိုတင်းဟာ အူသိမ်ရဲ့ အတွင်းမျက်နှာပြင်ကို ပျက်စီးစေပြီး ပုံမှန် အူသိမ်မျက်နှာပြင်ရဲ့ ကတ္တီပါလို အမွေးနုနုကို ‌ပြင်ညီပြောင်ချောအဖြစ်သို့ ပြောင်းလဲစေပါတယ်။ အဲ့အခါမှာ အစားအသောက်ကနေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အာဟာရတွေ – ကစီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို အူသိမ်က ပုံမှန်လို မစုပ်ယူနိုင်တော့ပဲ ရေရှည်မှာ အာဟာရဓာတ်ချို့တဲ့တဲ့ အခြေအနေကို ရောက်ကုန်ပါတယ်။

ဘာကြောင့် တချို့သူတွေမှာ သည် Gluten ပရိုတင်းနဲ့ မတည့်ပြီး Coeliac အူသိမ်ရောဂါကို ဖြစ်စေသလဲ ဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။

????Gluten ရဲ့အကြောင်း

ဆိုပြီးတဲ့အတိုင်း Gluten ဟာ ပရိုတင်းတစ်မျိုးဖြစ်ပြီး ဂျုံ စပါး မှာ ပါဝင်ပါတယ်။ ဂျုံကြမ်း၊ မုယောစပါး၊ အုတ်ဂျုံ တို့မှာ အတွေ့ရများပါတယ်။ ပေါင်မုန့်တို့ ၊ ဖျော်သောက်လေ့ရှိတဲ့ အုတ်ဂျုံတို့မှာ Gluten ပါဝင်တာမို့ မနက်စာအနေနဲ့ စားရလေ့ရှိတဲ့ ပရိုတင်းတစ်မျိုးလို့ ဆိုရမှာပါ။

????ဘယ်လိုလူတွေမှာ ဖြစ်‌လေ့ရှိလဲ ?

ဥရောပဘက်မှာ အဖြစ်များပါတယ်။ ပြီးတော့ ဒီရောဂါဟာ မျိုးရိုးလိုက်တာ ဖြစ်ပြီး လူ တစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်နိုင်ပါတယ်။ မွေးပြီးပြီးချင်း အသက် ကိုးလနဲ့ တစ်နှစ်ခွဲကြားမှာ ဒီရောဂါ စနိုင်ပါတယ်။ တချို့တွေမှာလည်း အတော်လေး အသက်ရမှ ရောဂါပေါ်တာမျိုး ဖြစ်နိုင်တဲ့အတွက် မည်သည့်အသက်အရွယ်မှာမဆို ဖြစ်နိုင်တဲ့ရောဂါလို့ ဆိုရမှာပါ။ ရောဂါလက္ခဏာများဟာလည်း ဖြည်းဖြည်းချင်းမှ ပေါ်လာတဲ့အတွက် ကနဦးအစမှာ ရောဂါအမည်တပ်ဖို့ ခဲယဉ်းတတ်ပါတယ်။

????Coeliac ရဲ့ ရောဂါလက္ခဏာများ

အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက

– မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း
– အားနည်းခြင်း
– ခန္ဓာကိုယ် အလေးချိန်ကျခြင်း
– ဝမ်းလျှောခြင်း
– ဝမ်းချုပ်ခြင်း
– ဝမ်းသွားတဲ့အခါလည်း အနံ့ပြင်းတဲ့ ဝမ်းမာမာတွေ သွားလေ့ရှိပြီး ရေဆွဲချရ ခက်လေ့ရှိတယ်။
– လေပွပြီး ဗိုက်မအီမသာဖြစ်ခြင်း
– ခံတွင်းပျက်ခြင်း၊ မူးဝေအော့အန်ခြင်း
– ဗိုက်သားကြွက်တက်ခြင်း

တချို့သူတွေမှာတော့ ရောဂါ လက္ခဏာ ကြီးကြီးမားမား မတွေ့ရတတ်ပါဘူး။ ဒါ့ကြောင့် လူအများစုဟာ သူတို့မှာ Coeliac အူသိမ်ရောဂါ ရှိနေတယ်ဆိုတာ သတိမပြုမိတတ်ကြပါဘူး။

????ဒီရောဂါဟာ စိုးရိမ်စရာလား ?

စောစောစီးစီး ရောဂါလက္ခဏာများကို သတိပြုမိပြီး Coeliac အူသိမ်ရောဂါရှိမှန်း ရှာဖွေနိုင်မယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အရိုးပွခြင်း၊ သန္ဓေမတည်နိုင်ခြင်း နဲ့စိတ်ဓာတ်ကျခြင်း စတဲ့ စိုးရိမ်စရာ အကျိုးဆက်များ ရှိနိုင်ပါတယ်။ ပြီးတော့ ကလေးရော လူကြီးမှာပါ သွေးအားနည်းရောဂါလည်း ကြုံနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးအားအတွက် အရေးကြီးတဲ့ ဗီတာမင်တွေကို အူသိမ်က မစုပ်ယူနိုင်တဲ့ အတွက်ပါ။

????ဘယ်လို ရောဂါကို ရှာဖွေရမလဲ ?

သွေးကနေ tTG-IgA ဆိုတဲ့ ပဋိပစ္စည်း (Antibody)ကို စစ်ပြီး ရောဂါကို ရှာဖွေလို့ ရပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ အူသိမ်အတွင်းမျက်နှာပြင်ကနေ အသားစယူ စစ်ဆေးခြင်းပါပဲ။ ဒီကနေ အူသိမ်မျက်နှာပြင် အနေအထားကို စစ်ကြည့်ပြီး ရောဂါကို အတည်ပြုပေးနိုင်ပါတယ်။

????ဘယ်လိုကုသနိုင်မလဲ ?

ပျောက်ကင်းအောင် ကုသနည်းတော့ မရှိပေမယ့် စားမယ့်အစာကနေ ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ဒီရောဂါအတွက် သီးသန့် စပယ်ရှယ် အနေနဲ့ ထုတ်ထားတဲ့ အစာတွေလည်း ရှိပါတယ်။ အဲ့ဒီမှာ Gluten မပါဝင်တဲ့အတွက် တဖြည်းဖြည်းနဲ့ အူအတွင်းပိုင်း မျက်နှာပြင်ဟာ သက်သာလာမှာ ဖြစ်ပါတယ်။ ကလေးတွေမှာဆို ပိုသိသိသာသာကို ကောင်းမွန်တဲ့ ရလဒ်ရနိုင်ပါတယ်။

ရှောင်ရမယ့် အစာတွေထဲမှာ ပေါင်မုန့်၊ ဂျုံ၊ ပါစတာ၊ ဘီစကစ်၊ ကိတ်မုန့် စသဖြင့် အများအပြား ပါဝင်ပါတယ်။ အကောင်းဆုံးကတော့ အာဟာရ ပညာရှင်ရဲ့ အကြံပြုချက်ယူပြီး ရှောင်ရန်/ ဆောင်ရန် တွေ လိုက်နာဖို့ပါပဲ။

Reference:???? Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 245

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.