အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver)

(အသည်းအကြောင်း သိကောင်းစရာ-၃)

အသည်းနဲ့ ပတ်သက်ပြီး အသည်းကင်ဆာအကြောင်း၊ အသည်းကင်ဆာရဲ့ အဓိက‌အကြောင်းရင်းဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးတို့အကြောင်း တစေ့တစောင်းရေးသားတင်ပြပြီး ဖြစ်ပါတယ်။ ဒီတခါမှာတော့ သူတို့နှစ်ခု အခြေအနေကြားထဲက ရောဂါအခြေအနေတစ်ခုဖြစ်တဲ့ အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver)အကြောင်းကို အတန်ငယ် ဆွေးနွေးတင်ပြလိုပါတယ်။

အသည်းခြောက်ခြင်း/အသည်းကြွပ်ခြင်း (Cirrhosis of liver- COL) ဆိုတာ ဘာဖြစ်တာပါလဲ?ဘယ်လိုဖြစ်သွားတာပါလဲ

အသည်းခြောက်ခြင်းဆိုတာ အသည်းရောင်ခြင်း ( မြန်မာနိုင်ငံမှာတော့ ဘီပိုး၊ စီပိုးကြောင့်၊ အနောက်နိုင်ငံတွေမှာတော့ အသည်း အဆီဖုံးခြင်းကြောင့်) နဲ့ အရက်သေစာသောက်စားခြင်းတို့ကြောင့် အသည်းကအမာရွတ်တွေနဲ့ ကျုံ့သွားတာကို ခေါ်တာပါ။

အသည်းကို ထိခိုက်စေတဲ့ ပိုးတွေ၊ အရက်တွေနဲ့ တခြားအကြောင်းရင်းတွေကြောင့် အသည်းထိခိုက်တိုင်း အသည်းက သူ့ကိုယ်သူ ပြန်ပြင်ပါတယ်။ ဒီလိုပြင်ရင်းပြင်ရင်းနဲ့ ခဏခဏဖြစ်လာတာ ကြာတဲ့အခါမှာတော့ အမာရွတ်ဖြစ်လာပါတယ်။

အသည်းဆဲလ်လေးတွေနေရာမှာ အမာရွတ်တွေပိုပိုများလာတဲ့အခါ အသည်းက သူ့လုပ်ငန်းဆောင်တာတွေလုပ်ဖို့ ခက်လာပါတယ်။ မလုပ်နိုင်ဖြစ်လာပါတယ် (decompensated cirrhosis)။ အဲလို တစ်နေ့တာ လုပ်ငန်းတွေကို လုံလောက်အောင်မလုပ်နိုင်လာရင်တော့ အသက်အန္တရာယ်ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ အသည်းက ခန္ဓာကိုယ်အတွက်မရှိမဖြစ် အရေးပါလို့ပါ။

အသည်းက ကြွပ်သွား/ခြောက်သွားပြီဆိုရင် ပြန်ကောင်းအောင်လုပ်လို့မရတော့ပါဘူး။ အသည်းခြောက်တာကိုစောစောသိရင်တော့ ဖြစ်စေတဲ့အကြောင်းရင်းတွေကို သေချာကုရင် ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။ ခြောက်ပြီးသားအသည်းကတော့ နဂိုအသည်း ပြန်မဖြစ်နိုင်တော့ပါဘူး။

အသည်းခြောက်ရင် ဘယ်လို လက္ခဏာတွေ ခံစားရပါလဲ

အသည်းခြောက်တာဟာ အသည်းတော်တော် မပျက်စီးမချင်း လက္ခဏာ မပြတတ်ပါဘူး။ ဖြစ်လာပြီဆိုရင်တော့

– နုံး/မလှုပ်ချင် မကိုင်ချင်ဘူး

– အစားအသောက်ပျက်

– ပျို့ချင်၊ အန်ချင်

– သွေးထွက်လွယ်တယ်၊ သွေးခြေဥလွယ်၊ အညိုအမည်းစွဲလွယ်

– အသားဝါမယ်/မျက်လုံးတွေဝါမယ်

– ခြေလက်တွေဖောရောင်မယ်

– ဗိုက်ဖောင်းမယ်/ရေဖျဉ်းစွဲမယ်

– ပိန်မယ်

– အသားတွေယားမယ်

– အရေပြားမှာသွေးကြောလေးတွေ ကွန်ယက်လို ပင့်ကူအိမ်လိုမျိုးလေးတွေပေါ်လာမယ်

– လက်ဖဝါးတွေရဲလာမယ်

– အမျိုးသမီးတွေဆို ရာသီထိန်မယ်

– အမျိုးသားတွေဆို ရင်သားကြီးလာမယ်၊ ငယ်ပါသေးသွားမယ်၊ လိင်စိတ်မရှိတော့ဘူး

– အရမ်းဆိုးရင် အသည်းပန်းလာပြီး မှိန်းလာမယ်၊ အာရုံတွေထွေပြားလာမယ်၊ စကားပြောရင် ဗလုံးဗထွေးတွေ ဖြစ်လာမယ် စသဖြင့် တွေ့ရတတ်ပါတယ်။

ဒါဆို ဒီလိုကြောက်စရာကောင်းတဲ့အသည်းခြောက်ရောဂါက ဘာလို့ဖြစ်တာပါလဲ

ဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးထဲက အဖြစ်များတာလေးတွေပြောရရင်

-အရက်စွဲသောက်လို့

-အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးရှိလို့

-အသည်းအဆီဖုံးလို့ ( Nonalcoholic fatty liver disease -NAFLD)

-အသည်းမှာ သံဓါတ်တွေပုံလာလို့ (hemochromatosis)

-အသည်းမှာ ကော့်ပါး(copper)တွေ ပုံလာလို့ (Wilson’s disease)

-ခုနောက်ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ သည်းခြေလမ်းကြောင်းကျောက်ကို ကုသမှုမခံယူလို့ အသည်းခြောက်တတ်

– cystic fibrosis ရောဂါ

– alpha 1 antitrypsin deficiency စသဖြင့် genetic disorderတွေ autoimmune diseaseတွေပဲ ဖြစ်ပါတယ်။

????အထူးသဖြင့်တော့- အရက်အလွန်အကျွံသောက်ရင်၊ ၀ရင်၊ အသည်းရောင်အသားဝါ ဘီပိုးစီပိုးရှိရင် ပိုအဖြစ်များပါတယ်။

ခုလို အသည်းခြောက်ရင် နောက်ဆက်တွဲ ဘာတွေ ခံစားရနိုင်ပါသလဲ

အသည်းခြောက် / အသည်းကြွပ်ရင် နောက်ဆက်တွဲအနေနဲ့

(၁) အမာရွတ်တွေနဲ့ သွေးကြောတွေကိုဖိမိ ညှစ်မိလို့ အူနဲ့ကလီစာတွေကနေလာတဲ့သွေးတွေက အသည်းတွင်းကနေ ကောင်းကောင်း ဖြတ်စီးလို့မရဖြစ်တတ်ပါတယ်(Portal hypertension)။ ဒါကြောင့် သွေးကြောတွေ နောက်ပြန်ဖောင်းပြီး အစာအိမ်နဲ့ အစာရေမျိုပြွန်မှာ သွေးကြောထုံးတွေဖြစ်ပြီး သွေးအန်မယ်၊ ၀မ်းမည်းမည်းတွေသွားမယ်၊ အဲလိုနဲ့ အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်။ လိပ်ခေါင်းဖြစ်ပြီး ၀မ်းသွားရင်သွေးပါမယ် စသဖြင့်လည်းဖြစ်တတ်ပါတယ်။

(၂) အသည်းက သူ့အလုပ်သူကောင်းကောင်းမလုပ်နိုင်လို့ အသားဓါတ် မထုတ်နိုင်တဲ့ အတွက်ရယ်၊ အပေါ်မှာ ပြောခဲ့တဲ့ Portal hypertensionကြောင့်ရယ် စသဖြင့်အကြောင်းရင်းများစွာစုပေါင်းပြီး ခြေလက်တွေဖောလာမယ်၊ ရေဖျဉ်းတွေ စွဲလာပါမယ်။

(၃) အသည်းဆီကို သွေးကောင်းကောင်းပြန်လို့မရတဲ့အတွက် ဗေလုံးကြီးလာမယ်။ သူကကြီးလာရင်အလုပ်ပိုလုပ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးဖြူဥ၊သွေးနီဥနဲ့ သွေးဥမွှားတွေကို အချိန်မတိုင်ခင်ဖျက်မယ်။ အဲတာဆို ပိုး၀င်လွယ်မယ်၊ သွေးထွက်လွယ်မယ်။

(၄) ခန္ဓာကိုယ်က မလိုတဲ့အဆိပ်အတောက်တွေကို ပုံမှန်ဆို အသည်းကဖျက်ပြီး ကျောက်ကပ်က အပြင်ကို စွန့်ထုတ်ပေးပါတယ်။ ခုအနေအထားရောက်လာရင်တော့ အသည်းက မဖျက်ပေးနိုင်လို့ သွေးကြောကနေတစ်ဆင့် ဦးနှောက်ဆီရောက်ပြီး သတိမလည်၊သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ် (Hepatic encephalopathy)။

(၅) အသည်းမကောင်းလို့ အဝါဓါတ်(bilirubin)တွေကိုကောင်းကောင်း မလည်ပတ်နိုင်လို့အသားဝါ၊ မျက်လုံးဝါ၊ ဆီးဝါတတ်ပါတယ်။

(၆)အသည်းကင်ဆာ ပြောင်းနိုင်ပါတယ်။

ဒါဆို အသည်းမခြောက် မကြွပ်အောင် ကာကွယ်လို့ရလား

  • အရက်မသောက်ပါနဲ့။ အထူးသဖြင့် အသည်းရောဂါရှိရင် မသောက်ပါနဲ့။
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပဲ စားပါ။ ဆီကြော်တွေ၊ အဆီများတဲ့ အစားအသောက်တွေရှောင်ပါ။
  • ခန္ဓာကိုယ်အလေးချိန်ကို မ၀အောင် သေချာထိန်းပါ။
  • အသည်းရောင်အသားဝါ ဘီပိုး စီပိုး မကူးစက်အောင် သတိပြုနေထိုင်ပါ။ ဘီပိုးကာကွယ်ဆေး မထိုးရသေးရင်ထိုးပါ။

ဘယ်အချိန်ကျ ဆရာ၀န်နဲ့ပြသင့်ပါသလဲ

အသည်းခြောက် အသည်းကြွပ်ရောဂါ လက္ခဏာတွေပြရင် (သို့) သူ့ကို ဖြစ်စေတဲ့အကြောင်းရင်းတစ်ခုခု ရှိနေရင် (သို့) သူ့ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေတစ်ခုခုပြနေရင် ပြသင့်ပါတယ်။

ဒါမှသာလျှင် မဖြစ်သေးသောသူ မဖြစ်အောင်၊ ဖြစ်နေသောသူ ပိုမဆိုးအောင်၊ နောက်ဆက်တွဲဆိုးကျိုးတွေကို ထိန်းထားနိုင်အောင် ကုသနိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်း အသည်းခြောက် အသည်းကြွပ်ရောဂါကို မပေါ့ဆကြဖို့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။

Reference ????

https://www.mayoclinic.org/…/symptoms-causes/syc-20351487

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.