နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး Chronic Fatigue Syndrome (December,2023)

0
189

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး (Chronic Fatigue Syndrome)

Chronic Fatigue Syndrome (CFS) ဆိုတာ ခန္ဓာကိုယ်စနစ်များစွာကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Myalgic encephalomyelitis လို့လည်း ခေါ်ကြပါတယ်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါဟာ သင့်ရဲ့ပုံမှန်လုပ်ဆောင်မှုတွေကိုတောင် မလုပ်ဆောင်နိုင်တဲ့အထိ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံ အိပ်ရာကနေတောင် မထနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

????ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါ (CFS) ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရပါဘူး။ တစ်ခုထက်မကတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုတော့…

– လူတိုင်းဖြစ်နိုင်ပေမယ့် အသက် ၄၀ နဲ့ ၆၀ ကြားအရွယ်မှာ အဖြစ်များပါတယ်။

– အရွယ်ရောက်ပြီးအမျိုးသားတွေထက် အရွယ်ရောက်ပြီးအမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

– လူဖြူတွေမှာလည်း CFS ဖြစ်နိုင်ခြေ ပိုများပါတယ်။

????ရောဂါလက္ခဏာတွေက ဘာတွေလဲ

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

– အနားယူလိုက်ရုံနဲ့ ပြန်မကောင်းမွန်နိုင်တဲ့ ပြင်းထန်တဲ့ ပင်ပန်းနွမ်းနယ်မှု

– အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

– ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကိစ္စတစ်ခုခု လုပ်‌ဆောင်ပြီးနောက် ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း (Post-exerted malaise)

– တွေးခေါ်မှုနှင့် အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ

– နာကျင်ခြင်း

– မူးဝေခြင်းတို့ ဖြစ်ပါတယ်။

CFS ရောဂါကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ တစ်ခါတစ်ရံ ရောဂါလက္ခဏာတွေ ပေါ်လာပြီးတဲ့အခါ ပြန်ပြီးသက်သာသွားတာမျိုး ရှိနိုင်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲတာမျိုးလည်း ရှိပါတယ် (တစ်ခါတစ်ရံ ပိုကောင်းလာနိုင်ပြီး အခြားအချိန်တွေမှာ ပိုဆိုးနေနိုင်ပါတယ်)

????Chronic Fatigue Syndrome (CFS) ကို ဘယ်လိုစစ်ဆေးအတည်ပြုမလဲ

နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါဟာ ရှာဖွေသိရှိဖို့ ခက်ခဲနိုင်ပါတယ်။ သူ့အတွက် တိကျတဲ့ စစ်ဆေးမှုတော့ မရှိသလို အခြားရောဂါတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဆရာဝန်နဲ့ ပြသတဲ့အခါ သင့်ကျန်းမာရေးရာဇဝင်နဲ့ မိသားစုရဲ့ ရောဂါရာဇဝင်အချို့ကို မေးမြန်းပြီး ရောဂါလက္ခဏာတွေနဲ့ လက်ရှိရောဂါအကြောင်းကို မေးမြန်းနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးစမ်းသပ်မှုတွေ၊ သွေး၊ ဆီးနဲ့ အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

????ဘယ်လိုကုသနည်းတွေ ရှိလဲ

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါအတွက် အတည်ပြုထားတဲ့ ကုသမှုမျိုးတော့ မရှိသေးပေမယ့် ရောဂါလက္ခဏာတွေကိုတော့ ကုသနိုင်ပါတယ်။ ကုသတဲ့အခါမှာ သင်ကိုယ်တိုင်၊ သင့်မိသားစုနဲ့ ကြည့်ရှုကုသပေးနေတဲ့ ဆရာဝန်ပါ ပူးပေါင်းပါဝင်ရပါမယ်။

ဘယ်ရောဂါလက္ခဏာက ပြဿနာအများဆုံးဖြစ်စေတယ်ဆိုတာကို အဖြေရှာပြီး ပထမဆုံး ကုသသင့်ပါတယ်။ ဥပမာအနေနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေက သင့်အပေါ် အများဆုံး အကျိုးသက်ရောက်နေရင်တော့ ကောင်းမွန်တဲ့အိပ်စက်ခြင်း အလေ့အထတွေကို လုပ်ကြည့်ရပါမယ်။ အဲဒီလိုနည်းလမ်းတွေနဲ့ မသက်သာရင် ဆေးသောက်ဖို့နဲ့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်ထံမှာ ပြသဖို့ လိုအပ်နိုင်ပါတယ်။

မိမိရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ နည်းလမ်းအသစ်တွေ သင်ယူကျင့်သုံးခြင်းကလည်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါအတွက် ကုသခြင်းမှာ အထောက်အကူဖြစ်‌စေနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ အတင်းတွန်းအားပေး မလုပ်မိဖို့လည်း လိုပါတယ်။ အလွန်အကျွံလုပ်မိတဲ့အခါ ရောဂါ လက္ခဏာတွေ ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါ ကုသတဲ့အခါမှာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးကူညီမှုကလည်း အရေးကြီးပါတယ်။ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကုသမှုအသစ်တွေကို မစမ်းကြည့်သင့်ပါဘူး။ အချို့ကုထုံးတွေက ငွေကုန်ကြေးကျများပြီး အန္တရာယ်ရှိနိုင်ပါတယ်။

Reference: ????

https:// medlineplus. gov /chronicfatiguesyndrome.html

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here