မီနူး

နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး “ Chronic Fatigue Syndrome (CFS)/ Myalgic Encephalomyelitis” (April 2023)

“ နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး (သို့) Chronic Fatigue Syndrome (CFS) / Myalgic Encephalomyelitis”

CFS ဆိုတာ ရက်ရှည် ပင်ပန်းနွမ်းနယ်တဲ့ (ဒါမှမဟုတ်) အားအင်ကုန်ခမ်းသွားတဲ့ ခံစားချက် ဖြစ်ပြီး ဆက်တိုက်ဖြစ်နိုင်သလို၊ (၆) လကျော်ထိ ပြန်ပြန်ဖြစ်နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရှင်းဆုံးပြောရရင် အကြောင်းပြချက်မရှိဘဲ ပင်ပန်းနွမ်းနယ်နေတာပါ။

CFS မှာ လူကနုံးပြီး မလှုပ်ချင်ဖြစ်နေတာမို့ သွားလာလှုပ်ရှားမှုတွေဟာ အနည်းဆုံး (၅၀) ရာခိုင်နှုန်းအထိ လျော့နည်းသွားတတ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ရောဂါလက္ခဏာတွေလည်း မရှိတတ်ပါဘူး။

..

..

????CFS မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ ?

အောက်ပါရောဂါလက္ခဏာတွေ (၄) ချက်နဲ့အထက် ရှိနိုင်ပါတယ်။

– နည်းနည်းလေး အားစိုက်တာနဲ့ အလွန်အမင်း ပင်ပန်းသွားခြင်း

– ခေါင်းကိုက်ခြင်း (သို့မဟုတ်) ဇဝေဇဝါဖြစ်ခြင်း (ခေါင်းမကြည်ခြင်း)

– ကြွက်သားတွေနဲ့ ခြေထောက်တွေ နာကျင်ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်း လုပ်အပြီး)

– စိတ်အပြောင်းအလဲမြန်ခြင်း

– အာရုံစူးစိုက်မှု အားနည်းခြင်း

– မှတ်ဉာဏ် အားနည်းခြင်း

– အိပ်စက်ခြင်း ပြဿနာတွေ

(အထူးသဖြင့် အလွန်အကျွံ အိပ်ခြင်း)

– အိပ်ရာနိုးလည်း အိပ်ရေးမဝဘဲ ပင်ပန်းသလို ခံစားရခြင်း

– စိတ်ဓာတ်ကျသလို ဖြစ်ခြင်း

– အားစိုက်လုပ်ပြီးရင် အားအင်ကုန်ခမ်းပြီး နေထိုင်မကောင်းခြင်း

– အရိုးဆစ်တွေ နာကျင်ခြင်း

– လည်ချောင်းနာခြင်း

– ရင်တုန်ခြင်း

– ကိုယ်အပူချိန် ပုံမှန်ဖြစ်ပေမယ့် ဖျားနေသလို ခံစားရခြင်း

– လည်ပင်းမှ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းခြင်း

– တခြားရောဂါလက္ခဏာများ

(ဥပမာ – နားအူ နားဆူခြင်း)

– မတ်တတ်ရပ်တဲ့အခါ ရုတ်တရက် သွေးပေါင်ကျခြင်း (orthostatic hypotension)

..

..

????CFS ကို တခြားဘယ်နာမည်တွေနဲ့ ခေါ် သေးလဲ ?

CFS ကို myalgic encephalomyelitis(ME) လို့ ခေါ်ကြပါသေးတယ်။

ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ပြီးနောက် ခန္ဓာကိုယ်က တုံ့ပြန်ပြီး ညောင်းကိုက်နုံးချိမှုတွေ ခံစားရတာတွေနဲ့ တွဲတတ်လို့ (Chronic Epstein–Barr viral syndrome, Postviral syndrome) စသည်ဖြင့်လည်း ခေါ်တတ်ပါတယ်။ Epstein-Barr ဆိုတဲ့ အကျိတ်လေးတွေ ကြီးတတ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတယ်လို့လည်း ဆိုကြပါတယ်။

..

..

????CFS ဘာကြောင့် ဖြစ်လဲ ?

CFS ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါ။ လူနာ (၃) ယောက်မှာ (၂) ယောက်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ တုပ်ကွေးလက္ခဏာတွေ အရင်ဖြစ်လေ့ ရှိပါတယ်။ ဘယ်ဗိုင်းရပ်စ်ပိုးလဲ ဆိုတာကိုတော့ မသိရသေးပါ။ Epstein-Barr ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Glandular fever ဖြစ်အပြီးနောက် ရက်ရှည် ပင်ပန်းနွမ်းနယ်တာနဲ့တော့ ဆင်ပါတယ်။

တခြားလူနာတွေမှာ CFS ဟာ မမျှော်လင့်ဘဲ ဖြစ်တတ်ပြီး ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်တတ်ပါတယ်။

CFS ဆိုတာ ခန္ဓာကိုယ်မှာ တစ်ခုခုချို့ယွင်းလို့ မဟုတ်သလို စိတ်ကျရောဂါလည်း မဟုတ်ပါဘူး။ ရောဂါရှာရင် မယ်မယ်ရရ မတွေ့ပေမယ့် ဖြစ်တဲ့သူဟာ ဝေဒနာတွေကိုတော့ သေချာပေါက် ခံစားနေရတာပါ။

ကိုယ်နဲ့စိတ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်ဆောင်ခြင်းဆိုင်ရာမှာ ပြဿနာရှိနေတာမျိုး (Functional neurological disorder) လို့လည်း ပြောနိုင်ပါတယ်။

ရောဂါမယ်မယ်ရရ ရှာမတွေ့၊ စမ်းသပ်ရင်လည်း အကုန်ကောင်းနေတာကြောင့် ဆရာဝန်များနဲ့ မိသားစုဝင်တွေက ခံရသူကို ဟန်ဆောင်နေတာလို့ ထင်တတ်ကြပါတယ်။

..

..

????ဘယ်သူတွေမှာ CFS ဖြစ်တတ်လဲ ?

များသောအားဖြင့် အသက် (၂၀) နဲ့ (၄၀) ကြားမှာ စဖြစ်တတ်ပေမယ့် အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ လုပ်ငန်း အလုပ်အကိုင်မရွေး ဖြစ်နိုင်ပါတယ်။

..

..

????စမ်းသပ်မှုတွေက ဘာပြောလဲ ?

ဓာတ်ခွဲစစ်ဆေးမှုနဲ့ စမ်းသပ်မှုတွေလုပ်ရင် စမ်းသပ်မှုရလာဒ် အားလုံးက ပုံမှန်ဖြစ်ပါလိမ့်မယ်။ CFS အတွက် လုပ်တဲ့ စမ်းသပ်မှုဆိုပြီး မရှိပါ။ သွေးအားနည်းရောဂါလိုမျိုး တချို့ရောဂါတွေကို ပယ်ချန်ဘို့ စမ်းသပ်မှုတွေတော့ လုပ်ရပါတယ်။

ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ရခြင်းက အသွင်တူလက္ခဏာရှိတတ်တဲ့ တခြားရောဂါတွေ လွတ်သွားမှာစိုးလို့ လုပ်ရတာပါ။ ဥပမာ – CFS လို့ မပြောခင် သွေးအားနည်းရောဂါ၊ သိုင်းရိုက်ဟော်မုန်း အားနည်းတဲ့ရောဂါ၊ ဆီးချိုရောဂါ စတာတွေကို မဟုတ်ကြောင်း စစ်ဆေးထားရပါမယ်။

????CFS မှာ ဘယ်လို အန္တရာယ်တွေ ရှိလဲ ?

CFS ဟာ အသက်အန္တရာယ် မရှိနိုင်ပါ။ တဖြည်းဖြည်းနဲ့ သက်သာတတ်ပေမယ့် ပြန်လည်းဖြစ်တတ်ပါတယ်။ တချို့လူတွေမှာ တသက်လုံး ရှိနေနိုင်ပါတယ်။

လူနာဟာ ဝေဒနာတွေ ခံစားနေရတာ​အပြင် ရောဂါရှာမတွေ့လို့ စိတ်ပျက်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရင် သူ့ရဲ့နေ့စဥ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်း (Functional capacity) ပါ ပိုကျလာနိုင်ပါတယ်။

..

..

????CFS ကို ဆေးကုဖို့ လိုသလား ?

ကုဖို့ လိုပါတယ်။

ပျင်းလို့ အလုပ်မလုပ်ချင်လို့ နေမကောင်းချင်သယောင် ဟန်ဆောင်နေတာမျိုး မဟုတ်ဘဲ လူနာဟာ ဝေဒနာတွေ တကယ်ခံစားနေရတာပါ။ ကုသဖို့က သောက်ဆေး/ထိုးဆေးတွေနဲ့ ကုသရမှာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးကူညီပေးရမှာ ဖြစ်ပါတယ်။

CFS ဟာ သဘာဝအလျောက် ပြန်ကောင်းသွားတတ်ပါတယ်။ ရောဂါပျောက်ကင်းဖို့ တချို့မှာ (၂) နှစ်လောက် ကြာနိုင်ပြီး တချို့မှာတော့ (၁၀) နှစ်နဲ့ အထက် ကြာနိုင်ပါတယ်။

လူနာကိုယ်တိုင် မိမိမှာ ဘာဖြစ်နေတယ်ဆိုတာ သဘောပေါက်ရပါမယ်။ အဲ့လိုလက်ခံနိုင်အောင်လည်း ဆရာဝန်နဲ့ အိမ်သားတွေက နားလည်အောင် ရှင်းပြရပါမယ်။

လူနာကိုယ်တိုင်လုပ်နိုင်တာတွေ အနေနဲ့ကတော့…

အနားယူခြင်းက အကောင်းဆုံးနည်းလမ်းလို့ ထင်ရပေမယ့် ရောဂါမပျောက်ကင်းပါဘူး။

–နာကျင်မှုအတွက် aspirin လိုမျိုး အကိုက်အခဲ ပျောက်ဆေး သောက်လို့ရပါတယ်။

–အလုပ်ကို မနိုင်မနင်း မလုပ်ပါနဲ့။ အချိန်ရရင် အနားယူပါ။

–မောပန်းနွမ်းနယ်မှုကို ပိုဆိုးစေတဲ့ စိတ်ဖိစီးမှုလိုမျိုးကို ရှောင်ပါ။

–ဖြစ်နိုင်ရင် ခရီးရှည်သွားလာမှုကို ရှောင်ကျဉ်ပါ။

–ကောင်းမွန်တဲ့ rel​ationship တွေက အထောက်အကူဖြစ်လို့ အရေးကြီးပါတယ်။

–တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်းကလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။

ကိုယ်နဲ့စိတ် ဆက်နွယ်နေတဲ့ ပြဿနာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေယူရင်တော့ ကုသမှုက အထိရောက်ဆုံး ဖြစ်ပါတယ်။ Cognitive Behavioural therapy, Energy management စတဲ့ ကိုယ်နဲ့စိတ် သဟဇာတဖြစ်အောင် ပြုလုပ်ပေးတဲ့ ကုသနည်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူလုပ်ဆောင်နိုင်ပါတယ်။

..

..

????ဆေးဝါးနဲ့ ကုသမှု

ယေဘုယျအားဖြင့် ဆေးတွေက ကူညီရာ မရောက်ပါဘူး။ ​ဆေးပေးပြီး စောင့်ကြည့်ရတာမျိုး ဖြစ်ပါတယ်။ တချို့လူတွေမှာ တချို့ဆေးတွေ (စိတ်ကျရောဂါမှာ သုံးတဲ့ဆေးတွေ၊ evening primrose oil (သို့) Vitamin B12 ထိုးဆေး) လိုဟာမျိုးနဲ့ သက်သာတတ်ပြီး တချို့လူတွေမှာတော့ အကျိုးအမြတ်ရှိပုံ မရပါ။ လိုအပ်ရင်တော့ ဆရာဝန်က လမ်းညွှန်​ပေးနိုင်ပါတယ်။

..

..

နိဂုံးချုပ်အနေနဲ့ ပြောရရင်…

CFS ဟာ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု ခံစားရတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုနဲ့ စိတ်ရောဂါဖြစ်မှုတွေကြောင့် ဖြစ်ရတာ မဟုတ်ပါ။

CFS လို့ မသတ်မှတ်မီ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး တခြားရောဂါတွေမဟုတ်ကြောင်း သိရှိအောင် လုပ်ထားရပါမယ်။ ဆရာဝန်စမ်းသပ်မှုနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ မလုပ်ဘဲ မိမိကိုယ်မိမိ CFS လို့ သတ်မှတ်လို့ မရပါ။

ကုသမှုအနေနဲ့ စိတ်နှင့်နှီးနွယ်သော လေ့ကျင့်ခန်းများ၊ အပြုအမူပြောင်းလဲမှုဆိုင်ရာ ကုသမှုများနှင့် ကိုယ်လက်လှုပ်ရှားခြင်းများကို သက်ဆိုင်ရာ စိတ်ပညာရှင်များနဲ့ တိုင်ပင်ပြီး စနစ်တကျ ပြုလုပ်ရပါမယ်။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.241

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#chronic_fatigue_syndrome

Ministry of Health,

National Unity Government.

Published on: 9 April 2023

Last updated: 9 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း Traumatic Mutism

ငလျင်ကြီးလိုမျိုး အပြင်းအထန် တုန်လှုပ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကလေးငယ်တွေ စကားမပြောနိုင်တော့တာက တကယ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါပဲဒါကို "စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)" လို့ ခေါ်ကြပါတယ်။အခုကတော့ ငလျင်ပြီးနောက်ဖြစ်တာမို့ "Post-earthquake Mutism " လို့ သတ်မှတ်ပါတယ် ။ ဒီ Topic ဟာ ကျွန်မ...

ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်

"ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်" စိတ်မချမ်းမြေ့စရာ ငလျင်သတင်းတွေနဲ့ အတူ ကျွန်မတို့ဟာ မိနစ်တိုင်းစက္ကန့်တိုင်းနီးပါး စိတ်မသက်မသာဖြစ်မှုကို ခံစားနေကြရပါတယ်။ ရှင်သန်သူတွေမှာလည်း ရှင်သန်သူအလျောက် ၊ ငလျင်ဒဏ်မခံလိုက်ရပေမယ့် တက်လာတဲ့သတင်းတွေဖတ်ပြီး ကိုယ်သာ အဲ့နေရာမှာဆိုရင်စတဲ့ ကိုယ်ချင်းစာစိတ်တွေကြောင့် ရင်မောနေသူတွေဟာလည်း ဒီနိုင်ငံမှာ လူလာဖြစ်ရတာ ကံဆိုးလှချည်ရဲ့လို့ပင် မငြီးငြူနိုင်တော့လောက်အောင် ဝေဒနာမီးဟာ ကူးစက်မြန်ပါတယ် ။ ပြိုကျသွားတဲ့...

ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt 

ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလွန်ကိုမှ ပင်ပန်းခက်ခဲလှတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။  တကယ်တော့ ငလျင်ကပ်ဘေးရယ်လို့မှ မဟုတ်ပါဘူး ကျွန်မတို့တစ်နိုင်လုံးအတိုင်းအတာနဲ့ကတော့ အကြမ်းဖက်မှုတွေ ၊ စစ်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ စတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ရှင်ကျန်ခဲ့ရသူတွေမှာလည်း ဒီ survivor guilt ကို...

ငလျင်နောက်ဆက်တွဲ မူးဝေခြင်း Earthquake Drunk

ဒီနေ့ဆိုရင် ငလျင်ကြီးပြီး ၅ ရက် မြောက်ပါ။ ၇.၇ အားနဲ့ ငလျင်ကြီးကတော့ လှုပ်လို့ပြီးသွားပေမယ့် ကျွန်မတို့အများစုကတော့ ကိုယ်ရော စိတ်ပါ ရိုက်ခတ်မှုတွေ ရှိနေတုန်း ဖြစ်နေကြမှာပါ။ တယ်လီကျန်းမာမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း ငလျင်နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ပြဿနာတွေ ကုသ တိုင်ပင်ပေးဖို့...