ကလေးတီဘီရောဂါ (Childhood TB)
လွန်ခဲ့တဲ့ ၂ ပတ်လောက်က တယ်လီကျန်းမာ ကလေးအထူးကုဆေးခန်းကို လာပြတဲ့ ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။
ကလေးမိဘများက အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ ၅ နှစ်အရွယ် ကလေးလေးက မကြာမကြာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဆေးခန်းသွားပြရင် ချောင်းဆိုးပျောက်ဆေးတွေ ပိုးသတ်ဆေးတွေ ပေးလိုက်ရင် သက်သာသွားပြန်ရော… နောက် ၂ ပတ် ၃ ပတ်နေရင် တစ်ခါပြန်ဖြစ်နဲ့ လုံးလည်လိုက်နေတာ ၁ နှစ်နီးပါး ရှိပါပြီတဲ့။
ကိုယ်အလေးချိန် မေးကြည့်တော့လည်း သိပ်အဆိုးကြီးမဟုတ်ပေမယ့် သူ့အသက်နဲ့ယှဉ်ရင် ရှိသင့်တာထက်တော့ နည်းနေပါတယ်။ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ သွေးစစ်ဆေးမှုတချို့နဲ့ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီးတဲ့အခါမှာတော့ တရားခံကို တွေ့ရပါပြီ။ ရန်သူတော်ဟောင်းကြီး တီဘီရောဂါပါ။ တီဘီ (Tuberculosis) ဆိုတဲ့နာမည်ကို ကြားတာနဲ့ ကျွန်မကို မေးခွန်းတွေ တသီကြီး မေးပါတော့တယ်။ ဒါ့ကြောင့် အားလုံးသိရအောင် မျှဝေပေးလိုက်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်နိုင်တဲ့ အခုလိုကာလမှာ ကူးစက်ရောဂါတွေ ခေါင်းထောင်လာတဲ့အထဲ တီဘီရောဂါလည်း အပါအဝင်ပါပဲ။ ကိုယ်ခံအားနည်းကြတဲ့ ကလေးတွေမှာ တီဘီရောဂါကူးစက်ခံရဖို့ အခွင့်အလမ်းက များပြားလှပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ တီဘီရောဂါဟာ လူကြီးတွေနဲ့ယှဉ်ရင် စမ်းသပ်ရ၊ ရောဂါအမည်တပ်ရ ခက်ခဲပါတယ်။ ရောဂါသိရလို့ ဆေးကုရတော့မယ့်အချိန်မှာလည်း မိဘတွေအတွက် တွေးပူစရာတွေ စိတ်ထဲစနှောင့်စနင်းဖြစ်စရာတွေ များလှပါတယ်။
…
…
တီဘီရောဂါ ဘယ်လို ကူးစက်လဲ
အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပါတယ်။
…
…
ကူးစက်ခံရတဲ့သူတိုင်း ရောဂါဖြစ်သလား၊ ဖြစ်ရင် အချိန်ဘယ်လောက်အကြာမှာ ရောဂါလက္ခဏာတွေ ပြတတ်လဲ
တီဘီရောဂါပိုးက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်တယ်ဆိုပေမယ့် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ ရောဂါပိုးကို ပြန်တိုက်ထုတ်လိုက်နိုင်တာမို့ ရောဂါကူးစက်မခံရပါဘူး။
တချို့သော ကလေးတွေမှာ ရောဂါပိုးကို အပြီးအပြတ်မတိုက်ထုတ်လိုက်နိုင်ပေမယ့် ပြန်ရည်ကျိတ်လေးတွေထဲမှာ ဖမ်းထိန်းထားလိုက်နိုင်ပါတယ်။ ဒီလိုကလေးတွေမှာတော့ ခန္ဓာကိုယ်ထဲမှာ တီဘီပိုးက ရှိနေပေမယ့် ရောဂါမဖြစ်တဲ့အတွက် ရောဂါလက္ခဏာမပြပါဘူး။
တီဘီပိုးကလည်း ဒီအချိန်ထတိုက်ရင် ကိုယ်ခံအားစနစ်ကို သူမနိုင်ဘူးဆိုတာသိလို့ ပြန်ရည်ကျိတ်တွေထဲမှာ ငြိမ်ငြိမ်လေးပဲ နေနေပါတယ်။ တကယ်ကတော့ သူကလည်း အလစ်ချောင်းနေတာပါ။ အကြောင်းကြောင်းကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကျသွားတဲ့အချိန်မှာ ရောဂါပိုးက ပြန်ထကြွလာပြီး ရောဂါဖြစ်စေမှာပါ။ Latent TB လို့ ခေါ်ပါတယ်။
ကိုယ်ခံအားနည်းသူတွေမှာတော့ ရောဂါကူးစက်ခံလိုက်ရပြီး ၂ ပတ်ကနေ ၁၂ ပတ်လောက်အကြာမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။
…
…
ဘယ်လိုကလေးတွေက တီဘီရောဂါ ကူးစက်ခံရနိုင်လဲ
– တီဘီရောဂါရှိတဲ့ လူကြီးတွေနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ ကလေးတွေ (တီဘီရောဂါဖြစ်တဲ့ ကလေးတွေကနေ အခြားသူကို ပြန်ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ ဒါ့ကြောင့် တီဘီဆေးသောက်နေရတဲ့ ကလေးတွေ ကျောင်းတက်လို့ရပါတယ်)
– ကိုယ်ခံအားနည်းတဲ့ ကလေးတွေ (အာဟာရချို့တဲ့သော ကလေးများ၊ HIV ပိုးကူးစက်ခံရသော ကလေးများ)
– လူနေထူထပ်ပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ကလေးတွေ စတဲ့ကလေးတွေမှာ တီဘီပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။
…
…
ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရင် တီဘီကို သံသယဖြစ်ရမလဲ
တီဘီလို့ပြောလိုက်ရင် အဆုတ်တီဘီကိုပဲ အများစုက ပြေးမြင်ကြပါတယ်။ တကယ်တမ်းက တီဘီကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြန်ရည်ကျိတ်တီဘီ၊ အရိုးတီဘီ၊ အူတီဘီ၊ သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတဲ့အခါ disseminated TB စသဖြင့် အမျိုးအစားတွေအများကြီး ရှိပါတယ်။
ယေဘုယျအားဖြင့် ပြောရရင်တော့ တီဘီရောဂါဖြစ်တဲ့ကလေးတွေမှာ…
• မကြာမကြာ ဖျားမယ် (သို့) ၂ ပတ်ကျော်ကြာအောင် ဖျားမယ်။ အများအားဖြင့် အပူမကြီးတတ်ဘဲ ညနေဘက်တွေမှာ ငွေ့ငွေ့ဖျားတတ်ပါတယ်။ မကြာမကြာဖျားတယ်ဆိုတဲ့နေရာမှာ ၅ နှစ်အောက် ကလေးအများစုဟာ တစ်နှစ်မှာ နှာစေး၊ ချောင်းဆိုး၊ ဖျားတာမျိုး ၆-၈ ကြိမ်လောက်တော့ ဖြစ်တတ်ကြပါတယ်။ ဒါက စိတ်ပူစရာ မလိုပါဘူး၊ ဒီထက်ပိုပြီး အကြိမ်ရေစိပ်လာမယ်၊ တစ်လထဲမှာ ၂ ခါပြန်လောက် ဖျားနေပြီဆိုရင်တော့ သေချာစစ်ဆေးကြည့်ဖို့ လိုလာပါပြီ။
• ၃ ပတ်ကျော်ကြာအောင် ချောင်းဆိုးမယ်
• ကိုယ်အလေးချိန် ကျလာမယ် (သို့) ကိုယ်အလေးချိန်က ၂ လ/ ၃ လဆက်တိုက် မတက်ဘဲ ဖြစ်နေမယ်
• အစားအသောက်ပျက်လာမယ်
• ညဘက် ခေါင်းချွေးတွေ ထွက်မယ်…
ဒါတွေက အဖြစ်များတဲ့ တီဘီရောဂါလက္ခဏာတွေပါ။
ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ရင် ဖျားပြီးတက်တာ၊ သတိလစ်တာ စတဲ့ တီဘီရောဂါအမျိုးအစားအလိုက် ဖြစ်တတ်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။
…
…
တီဘီရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ
ရောဂါရာဇဝင် မေးမြန်းခြင်း၊ ကလေးကို စမ်းသပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ လိုအပ်သော အချို့ သွေးစစ်ဆေးမှုများ ပြုလုပ်ခြင်းနဲ့ T.Test စတာတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်စစ်ဆေးမှု (test) တစ်ခုတည်းနဲ့မှတော့ တီဘီလို့ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ ကလေးရဲ့ရောဂါရာဇဝင်၊ ရောဂါလက္ခဏာတွေနဲ့ ပေါင်းစပ်စဉ်းစားပြီး ဆုံးဖြတ်ရမှာပါ။
…
…
တီဘီဆေးက ဘယ်လိုသောက်ရမှာလဲ၊ ဘယ်လောက်ကြာအောင် သောက်ရမှာလဲ
တီဘီဆေးက အစာနဲ့ ၁ နာရီခွဲ ၂ နာရီလောက် ခွာပြီး သောက်ရမှာပါ။ ဘယ်လောက်ကြာအောင် သောက်ရမလဲကတော့ တီဘီရောဂါ အမျိုးအစားပေါ် မူတည်ပါတယ်။ အများစုက ၆ လ သောက်ရပါတယ်။ ၆ လလုံး တစ်ရက်မပျက် သောက်ရမှာပါ။ အရေးကြီးပါတယ်။ တီဘီဆေးကို သေချာမသောက်ရင် ရောဂါကအမြစ်ပြတ် မပျောက်တဲ့အပြင် ရောဂါပိုးက ဆေးကို ယဉ်ပါးသွားတတ်ပါတယ်။ ဆေးယဉ်ပါးတီဘီဟာ အင်မတန်ကြောက်စရာကောင်းတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ရောဂါပြင်းထန်တတ်တဲ့အပြင် သူကတစ်ဆင့် ပြန်ကူးစက်ခံရသူတွေမှာလည်း ဆေးယဉ်ပါးတီဘီ ဖြစ်စေပါတယ်။
…
…
တီဘီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ
ကလေးအများစုမှာ ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။
တီဘီဆေးတစ်မျိုးကြောင့် ဆေးသောက်ပြီးခါစမှာ ဆီးသွားတဲ့အခါ လိမ္မော်ရောင်တွေ ဖြစ်နေတတ်တာကတော့ စိုးရိမ်ဖို့ မလိုပါဘူး။
တီဘီဆေးသောက်တဲ့ ကလေးအားလုံးရဲ့ ၂% လောက်မှာတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်တတ်ပါတယ်။
အချို့သော ကလေးတွေမှာ တီဘီဆေးနဲ့ ဓာတ်မတည့်မှုကြောင့် ဆေးသောက်ပြီးပြီးချင်း အရေပြားမှာ ယားယံတာ၊ အဖုအပိန့်တွေထွက်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဆရာဝန်နဲ့ ပြန်ပြဖို့လိုပါတယ်။
တီဘီဆေးကြောင့် အသည်းကို ထိခိုက်တတ်ပါတယ်။ ဒါကလည်း သိသိချင်း ဆေးကုရင် ပျောက်ကင်းနိုင်ပါတယ်။ သူကလည်း ဆေးသောက်ပြီး ၂ ပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ အသားဝါတာ ဗိုက်နာတာတွေ ရှိလာရင် ဆရာဝန်ကို ချက်ချင်းပြန်ပြရပါမယ်။
…
…
တီဘီရောဂါနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ
❌တီဘီဆေးတွေက ပြင်းလို့ ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မခံစားရရင် မတိုက်သင့်ဘူး။
ကလေးတွေကို တီဘီဆေးတိုက်တဲ့အခါ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ တွက်ချက်ပြီးမှ တိုက်တာမို့ မခံနိုင်စရာအကြောင်း မရှိပါဘူး။
❌တီဘီဆေးတွေကြောင့် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်သွားနိုင်တယ်။
တီဘီရောဂါကသာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတာပါ။
❌ငယ်ငယ်က ထိုးတဲ့ တီဘီကာကွယ်ဆေး BCG က တီဘီရောဂါကို တကယ်မကာကွယ်နိုင်ဘူးလား။
ဒါက မိဘတွေ အနည်းငယ်နားလည်မှု လွဲနေတဲ့အချက်ပါ။ ကလေးငယ်များကို ထိုးပေးတဲ့ BCG ကာကွယ်ဆေးက အဆုတ်တီဘီရောဂါ မဖြစ်အောင် မကာကွယ်နိုင်ပေမယ့် ပြင်းထန်တီဘီရောဂါတွေဖြစ်တဲ့ dissiminated TB နဲ့ တီဘီဦးနှောက်အမြှေးရောင်ရောဂါတို့ကို ကာကွယ်နိုင်ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို တီဘီရောဂါအဖြစ်များတဲ့နိုင်ငံက ကလေးများကို မဖြစ်မနေထိုးပေးသင့်ပါတယ်။
…
…
တီဘီရောဂါဖြစ်နေတာကို ဆေးမကုဘဲထားရင် ဘာဖြစ်နိုင်လဲ
ခန္ဓာကိုယ်တွင်း တိတ်တိတ်လေး ခိုအောင်းနေတဲ့ Latent TB ကိုမကုရင် တစ်ချိန်မှာ တီဘီရောဂါဖြစ်လာနိုင်ပါတယ်။
တီဘီရောဂါဖြစ်နေတဲ့ ကလေးကို ဆေးမကုရင် တီဘီရောဂါပိုးက သွေးကြောထဲကနေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဦးနှောက်အမြှေးရောင်ခြင်း၊ သွေးဆိပ်တက်ခြင်း စတဲ့ ပြင်းထန်တီဘီရောဂါတွေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
ဒါ့ကြောင့် ကလေးတွေမှာ တီဘီလို့ သံသယဖြစ်စရာ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး သေချာစမ်းသပ်စစ်ဆေး ကုသဖို့ လိုအပ်ပါတယ်။ ကြောက်စရာကောင်းတာမှန်ပေမယ့် သေချာကုသရင် အမြစ်ပြတ်ပျောက်ကင်းတဲ့ ရောဂါဖြစ်တာမို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အချိန်မီဆေးကုသမှု ခံယူစေချင်ပါတယ်။
.
ကလေးများအားလုံး ကျန်းမာပျော်ရွှင်ပြီး လုံခြုံဘေးကင်းကြပါစေ….????
ချစ်တဲ့…
ကလေးအထူးကု ဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.