ရေကျောက်ရောဂါဟာကူးစက်အရမ်းလွယ်ပြီး မပြင်းထန်တဲ့ရောဂါဖြစ်ပါတယ်။ ရေကျောက်ကအသက်(၁၀)နှစ်အောက်ကလေးတွေမှာ အဖြစ်များတတ်ပေမယ့် အရွယ်ရောက်ပြီးသားသူများလည်း ဖြစ်တတ်ပါတယ်။

ရေကျောက်ဘာလို့ဖြစ်တာလဲ

Varicella Zoster virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရလို့​ဖြစ်တာပါ။ ရေယုန်ဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့လည်း အတူတူပါပဲ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနှစ်ပတ်အကြာမှာ လက္ခဏာများစပြတတ်ပါတယ်။

လက္ခဏာတွေကတော့…

• ဖျားခြင်း (အဖျားမကြီးပေမယ့် အပူငွေ့ငွေ့တော့ရှိနေတတ်ပါတယ်)

• ခေါင်းကိုက်ခြင်း

• လည်ချောင်းနာခြင်း

• နှုန်းချိခြင်း

• ခန္ဓာကိုယ်အဖုများထွက်လာခြင်း

• အထက်ပါလက္ခဏာများပြပြီး ၃၊၄ ရက်အကြာမှာ အနီကွက်တွေ (သို့) အဖုသေးသေးလေးတွေ ထွက်လာပြီးအချိန်အနည်းငယ်အကြာမှာ အရည်ကြည်များကဲ့သို့ ဖြစ်လာတတ်ပါတယ်။

ထိုအဖုများက ပေါက်လွယ်ပြီး အနာအဖြစ်သို့ကူးပြောင်းသွားတတ်ကြပါတယ်။ အနာဖေးတတ်လာရင် မဲပြီးခြောက်လာပါတယ်။ ခန္ဓာကိုယ်မှာဆိုရင် အနီဖု၊ အရည်ကြည်ရှိနေသောအဖုလေးများ၊ အနာဖေးတတ်နေသောအဖုမဲလေးများ အစုံတွေ့ရတတ်ပါတယ်။

အဖုတွေရှိတဲ့နေရာက အလွန်အမင်းယားယံတတ်ပါတယ်။

အဖုတွေက ဘယ်နေရာတွေမှာ အဖြစ်များသလဲ

ရင်ဘတ်၊ နောက်ကျော၊ မျက်နှာ၊ လက်၊​ ခြေထောက်တွင် အဖုများ ပိုမိုတွေ့ရတတ်ပါတယ်။

ပြင်းထန်တဲ့ရေကျောက်ဆိုရင် ပါးစပ်၊ မျက်လုံး၊ စအိုနားတစ်ဝိုက်၊ လိင်အင်္ဂါနားပါ ပေါက်တတ်ပါတယ်။

ဘယ်လိုကူးစက်တတ်သလဲ

ရေကျောက်ရောဂါက နှာချေရင်းထွက်လာသောအကျိအချွဲများ အမှုန်စက်များနှင့်ထိတွေ့ခြင်း၊ တံတွေးဖြင့်ထိတွေ့ခြင်း၊ အနာမှအရည်များနှင့်ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါတယ်။ အဖု စမပေါက်ခင်တစ်ရက်နှစ်ရက်မှာ ပိုမိုကူးစက်နိုင်ပြီး အဖုတွေခြောက်ပြီးအရှင်းပျောက်မှ မကူးစက်တော့တာပါ။

ဘယ်သူတွေအဖြစ်များသလဲ

– အသက်၁၀နှစ်အောက်ကလေးများ(အသက်နှစ်နှစ်အောက်တွင်အများဆုံးဖြစ်)

– နဂိုရေကျောက်မဖြစ်ဖူးသူများ

– ကျောင်း(သို့)နေ့ကလေးထိန်းကျောင်းတွင်အလုပ်လုပ်သူများ

– ကလေးများနှင့်အတူနေရသူများ

*** ရေကျောက်က တစ်ခါကူးစက်ခံရပြီးရင် ခုခံအားထွက်ထားလို့ နောက်ပြန်​ဖြစ်ဖို့ရှားပါတယ်***

ဘာတွေသတိထားရမလဲ

ကလေးနဲ့လူကြီးယှဥ်ရင် လူကြီးတွေရေကျောက်ပေါက်တာပိုဆိုးပြီး နောက်ဆက်တွဲဆိုးကျိုးတွေပေါ်တတ်ပါတယ်။

နောက်ဆက်တွဲတွေအနေနဲ့…

– အဖုပေါက်ပြီးအနာမှတစ်ဆင့်ပိုးဝင်ခြင်း

– ဦးနှောက်ရောင်ခြင်းနှင့်အဆုတ်ရောင်ခြင်း (ဖြစ်ခဲ)

– အမာရွတ်ကျန်ခဲ့ခြင်း(ပိုးဝင်ခြင်းနှင့်ယားသဖြင့်ပြင်းပြင်းထန်ထန်ကုတ်မိခြင်းမှ) တို့ ဖြစ်တတ်ပါတယ်။

ရေကျောက်ဖြစ်ပြီးရင် ဗိုင်းရပ်စ်ပိုးက လူတွေရဲ့အာရုံကြောဆဲလ်တွေထဲမှာ အချိန်အကြာကြီးပုန်းနေတတ်ပါတယ်။ နောက်ပြန်ပေါ်လာရင်တော့ ရေယုန်အကွက်များ(အရည်ကြည်အဖုများစုပြီးအကွက်လိုက်ဖြစ်နေခြင်း)ကဲ့သို့ ပြန်ပေါ်လာနိုင်ပါတယ်။

***ကိုယ်ခံအားနည်းသော (ဥပမာ- ကင်ဆာ၊အိတ်ချ်အိုင်ဗွီ HIV)ရောဂါရှိတဲ့သူတွေမှာလည်း ပိုသတိထားသင့်ပါတယ်***

***ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာကိုယ်ဝန်ဆောင်ချိန် ပထမအပတ်၂၀ (သို့) မွေးဖွားချိန်တွင်ရေကျောက်ပေါက်ပါက ကလေးမှာကူးနိုင်ချေရှိပါတယ်။ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်***

ဘယ်လိုကုသရမလဲ

ရေကျောက်က အများအားဖြင့်မပြင်းထန်ဘဲ သူ့ဘာသာပျောက်ပါတယ်။

လက္ခဏာတွေ သက်သာစေဖို့….

– အဖျားကျစေရန် အဖျားကျဆေး(ပါရာစီတမောလ်)သောက်လို့ရပါတယ်

(ကလေးများတွင် အက်စ်ပရင် Aspirin မတိုက်ရ)

– ယားယံခြင်းသက်သာစေဖို့ အဖု၊အနာတွေပေါ်မှာ ကယ်လ်လမင်း(ယားယံသက်သာစေသောလိမ်းဆေး)တစ်မျိုးလိမ်းရျ်ရပါတယ်။

– ယားယံသက်သာစေသေသောက်ဆေးဆေး (ဥပမာ-Cetirizine) သောက်လို့ရပါတယ်

– မကုတ်ရပါ။ ကလေးတွေမှာဖြစ်ရင် မကုတ်မိစေဖို့ ကော်တွန်ဂွမ်းစလေးတွေ အုပ်ထားနိုင်ပါတယ်။

– အင်္ကျီချောင်ချောင်ဝတ်ပါ။

– ချွေးထွက်ရင် ပိုယားယံနိုင်ပါတယ်။ အရမ်းယားယံတဲ့နေရာကို ရေပတ်ဝတ်အုပ်ပေးလို့ရပါတယ်။

– ရေများများသောက်ပါ။

– ရေချိုးလို့ရပါတယ်။

” ကာကွယ်ဆေးထိုးပေးခြင်း “

ရေကျောက်မဖြစ်ဖူးတဲ့ကလေးတွေမှာအသက်(၁၂)လနဲ့ (၁၅)လကြားတစ်ခါ၊ အသက်(၄)နှစ်နဲ့ (၆)နှစ်ကြားတစ်ခါ….နှစ်ကြိမ်

အသက် (၆)နှစ်ထက်ကြီးပြီး (၁၃)နှစ်အောက်ကလေးများက သုံးလစီခြားပြီး……နှစ်ကြိမ်

အသက် (၁၃)နှစ်နဲ့အထက်ဆိုရင် (၁)လ(သို့) (၂)လခြားပြီး…..နှစ်ကြိမ်ထိုးကြပါတယ်

Reference????

Murtagh,J,2016.Murtagh’s patient education.6th Ed.Australia:Mcgraw-Hill Australia,pp.22

https://kidhealth.org

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here