“ လည်ပင်းကျီးပေါင်း (Cervical Spondylosis)”

လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။

.

???? ရောဂါဖြစ်ပေါ်လာပုံ

အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့ ကူရှင်သဘောမျိုး ချပ်ပြားအဝိုင်းလေးဟာ ခြောက်သွေ့မာကျောလာပြီး အက်ကွဲမှုတချို့ ဖြစ်လာပါတယ်။ ဒါ့အပြင် အဆစ်တွေဘေးမှာရှိတဲ့ အရွတ်တွေလည်း မာကျောတောင့်တင်းလာပြီး တဖြည်းဖြည်းနဲ့ ကျောရိုးအဆစ်တွေဟာ လှုပ်ရှားမှု သိပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ အရိုးတွေပါ ထိခိုက်လာတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

တကယ်လို့ ကျောရိုးအဆစ်တွေကြားက (intervertebral disc) ဟာ အနောက်ဘက်ကို အနည်းငယ်ကျွံထွက်ပြီး အာရုံကြောမကြီးကို သွားဖိမိတဲ့အခါ (ဒါမှမဟုတ်) အရိုးအဆစ်ပြောင်းလဲမှုတွေကြောင့် အာရုံကြောမကြီးကနေ အာရုံကြောငယ်တွေထွက်တဲ့ အပေါက်လေး (foramina) အနည်းငယ် ကျဥ်းမြောင်းသွားတဲ့အခါမှာတော့ လူနာဟာ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ အာရုံကြောနဲ့သက်ဆိုင်တဲ့ လက္ခဏာတွေ ခံစားရပါတော့တယ်။

..

..

???? ဘယ်လိုလူတွေမှာ အဖြစ်များလဲ

အသက်အရွယ်အရ ဖြစ်လာတဲ့ အခြေအနေတစ်ရပ်ဖြစ်တာကြောင့် ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဦးခေါင်းပေါ် အလေးအပင် မတဲ့သူ/ရွက်ထားရသူ (ဥပမာ။ ခေါင်းရွက်ဈေးသည်လိုမျိုး) တွေမှာတော့ ပိုပြီး အဖြစ်များပါတယ်။

သုတေသနတွေအရ အမျိုးသားနဲ့ အမျိုးသမီး ဖြစ်ပွားနှုန်း အတူတူပဲလို့ ဆိုပေမယ့် ၉၀% သော အမျိုးသားတွေဟာ အသက် (၅၀) ကျော်လောက်မှာ အဖြစ်များပြီး၊ အမျိုးသမီးတွေရဲ့ ၉၀% ကတော့ အသက် (၆၀) ကျော်မှ ဖြစ်ပွားကြတာကို လေ့လာတွေ့ရှိထားရပါတယ်။

လည်ပင်းကျီးပေါင်းကို အစောဆုံးအနေနဲ့ အသက် (၃၀) အရွယ်လောက်မှာ စတင်ဖြစ်ပွားနိုင်တယ် ဆိုပေမယ့် အင်မတန် ရှားပါတယ်။ အများစုက အသက် (၄၀) နဲ့ (၆၀) ကြားမှာ အဖြစ်များတာပါ။ အများစုက ရောဂါလက္ခဏာပြလေ့ မရှိတတ်ကြပါဘူး။

???? ဘယ်လိုလက္ခဏာတွေ ခံစားရလေ့ ရှိသလဲ

လည်ပင်းကျီးပေါင်း (Spondylosis) ဖြစ်သူတိုင်း ဝေဒနာခံစားရလေ့တော့ မရှိပါဘူး။

ဒီအထဲကမှ ကျီးပေါင်းအခြေအနေ အနည်းငယ်ဆိုးတဲ့ ဝေဒနာခံစားရသူ အများစုဟာ လည်ပင်းနားတစ်ဝိုက် နာကျင်ပြီး တောင့်တင်းတာကို အဓိကအနေနဲ့ ခံစားရလေ့ ရှိပါတယ်။ ဦးခေါင်းအနောက်ဘက်ခြမ်းမှာ ခေါင်းကိုက်တာ၊ နာကျင်တာ၊ ဇက်လေးတာအပြင် ပုခုံးနေရာတွေနဲ့ လက်မောင်းတွေလည်း နာကျင်တောင့်တင်းမှု ခံစားရနိုင်ပါတယ်။

တကယ်လို့ ကျီးပေါင်းကြောင့် အာရုံကြောတွေကို ဖိမိထား/ထိခိုက်ထားရင်တော့ သက်ဆိုင်ရာအာရုံကြောတွေက အာရုံခံထောက်ပံ့ပေးထားတဲ့ နေရာတွေမှာ ထုံတာ၊ ကျဥ်တာ၊ အထိအတွေ့ကို မသိတာတွေအပြင် ကြွက်သားအားနည်းတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

လည်ပင်းကျောရိုးဆစ်တွေအနက် ငါးခုမြောက်နဲ့ ခြောက်ခုမြောက်အဆစ်တွေဟာ ကျီးပေါင်းအခြေအနေဆိုးတတ်ပြီး သူတို့ဆီကနေ ထွက်လာတဲ့ (C6 nerve) လို့ခေါ်တဲ့ အာရုံကြောဟာ အဓိကထိခိုက်ခံရတာမို့ လက်ဖျံအပြင်ပိုင်းနဲ့ လက်မတွေမှာ ဝေဒနာတွေ ခံစားရလေ့ ရှိပါတယ်။ တခြားသော (C5 နဲ့ C7 nerve) တွေ ထိခိုက်ခံရမှုဟာလည်း အဖြစ်များပြီး သူတို့ထိခိုက်မိရင်တော့ ကျန်လက်ချောင်းလေးတွေအပြင် လက်ဖျံအတွင်းပိုင်းမှာပါ ဝေဒနာခံစားရလေ့ ရှိပါတယ်။

တကယ်လို့ ကျောရိုးအတွင်းမှာရှိတဲ့ အာရုံကြောမကြီးကိုပါ သွားပြီး ဖိမိ/ထိခိုက်မိရင်တော့ အဲဒါကို (Cervical Myelopathy) လို့ခေါ်ပြီး ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ အဖိခံထားရတဲ့ အခြေအနေပေါ်မူတည်ပြီး လည်ပင်းအောက် ခန္ဓာကိုယ်တစ်ခုလုံးမှာ အာရုံကြောနဲ့ဆိုင်တဲ့ ပြဿနာတွေ မျိုးစုံဖြစ်နိုင်ပြီး အဆုံးဝါးဆုံးအနေနဲ့ ခြေလက် လေးဖက်စလုံး အားနည်းသွားပြီး မလှုပ်နိုင်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အသက်ကောင်းကောင်းမရှုနိုင်တာ၊ ဆီး/ဝမ်း မထိန်းနိုင်တော့တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဆိုးဝါးတဲ့ နောက်ဆက်တွဲတွေဟာ အလွန်ဖြစ်ခဲပြီး အင်မတန်မှလည်း ရှားပါးပါတယ်။

..

..

???? ရောဂါရှာဖွေခြင်း

ကျီးပေါင်းတက်ခြင်း (Spondylosis) ရဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ တခြားရောဂါတွေ အများအပြားရှိတာကြောင့် လူနာရဲ့ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လူနာကို ဆရာဝန်က အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းတွေဟာ အင်မတန် အရေးကြီးပါတယ်။ ဒါတွေကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကနဦးစစ်ဆေးစမ်းသပ်ရမှာ ဖြစ်ပြီး…

ဒီနောက်မှာတော့ ရိုးရိုးဓာတ်မှန်ရိုက်ခြင်း (X Ray) ၊ ကွန်ပြူတာဓာတ်မှန် (CT scan) ၊ သံလိုက်စက်ကွင်း ဓာတ်မှန် (MRI) စတာတွေ ပြုလုပ်ပြီး ရောဂါကို အတည်ပြုနိုင်ပါတယ်။

..

..

???? ကုသမှု

သိပ်ပြီး မပြင်းထန်တဲ့ သာမန်ကျီးပေါင်းအခြေအနေဟာ အထက်မှာဆိုခဲ့သလို ရောဂါလက္ခဏာ မပြတတ်သလို၊ အကယ်၍ ရောဂါလက္ခဏာ ပေါ်ပေါက်လာခဲ့ရင်လည်း အများစုဟာ အချိန်ကာလတစ်ခုအကြာမှာ သူ့အလိုအလျောက် လျော့ပါးသက်သာ သွားတတ်ပါတယ်။

ဝေဒနာခံစားနေရချိန်အတွင်းမှာတော့ လည်ပင်းကို လှုပ်ရှားမှု သိပ်မပြုလုပ်စေဘဲ အနားပေးထားတာ (ဥပမာ။ လည်ပင်းစွပ် Cervical collar တပ်ထားတာမျိုး) ဟာ အာရုံကြောတွေကို ပွတ်တိုက်မှု လျော့ပါးစေတာကြောင့် မြန်မြန်သက်သာစေပြီး၊ သင့်လျော်တဲ့ လည်ပင်းလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဟာလည်း အများကြီး အကျိုးရှိစေကြောင်း သုတေသနရလဒ်များက ဖော်ပြနေပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းအတွက်ကိုတော့ အရိုးအကြောကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပြီးမှ မိမိအတွက် သင့်တော်မှန်ကန်တဲ့ လေ့ကျင့်ခန်းမျိုးကို စနစ်တကျ ပြုလုပ်ရပါမယ်။ ဒါ့အပြင် ပြန်လည်သန်စွမ်းရေးပညာရှင်ရဲ့အကူအညီနဲ့ လည်ပင်းအနီးတစ်ဝိုက်ကို အပူပေးတာ၊ နှိပ်နယ်တာမျိုးတွေလည်း ပြုလုပ်နိုင်ပါသေးတယ်။

လည်ပင်းကို ဆွဲဆန့်ထားစေတဲ့ (Mechanical traction) ကုထုံးဟာလည်း ကျီးပေါင်းဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။ ဒါပေမယ့် နာကျင်မှုရှိနေချိန်မှာတော့ အခုလိုဆွဲဆန့်ထားခြင်းဟာ အကျိုးမရှိဘူးလို့ သုတေသနများက ဆိုပါတယ်။

သောက်ဆေးတွေအနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး စတာတွေကို ဆရာဝန်က လိုအပ်သလို ညွှန်ကြားပေးပါလိမ့်မယ်။ ကျီးပေါင်းဖြစ်နေတဲ့ အဆစ်နားအနီးတစ်ဝိုက်နဲ့ အာရုံကြောတွေထဲကို ထိုးဆေးထိုးပေးတဲ့ ကုထုံးတွေလည်း ရှိပါတယ်။

အထက်ပါ ကုသမှုတွေနဲ့ မသက်သာဘဲ ကျီးပေါင်းအခြေအနေ ပိုဆိုးလာပြီး နောက်ဆက်တွဲ အရေးကြီးပြဿနာတွေလည်း ပေါ်ပေါက်လာခဲ့ရင်တော့ ခွဲစိတ်ကုသမှု လိုအပ်ပါလိမ့်မယ်။

Reference : ????

https:// emedicine. medscape. com /article/306036-medication#5

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here