Cardiomyopathy ဆိုတာ နှလုံးကြွက်သားအားနည်းတဲ့ရောဂါတွေဖြစ်ပြီး ဒီရောဂါတစ်ခုခု ရှိနေသူတွေမှာ နှလုံးကနေ ခန္ဓာကိုယ်အနှံ့ဆီသို့ သွေးတွေကို ညှစ်ထုတ်ပေးဖို့ ခက်ခဲစေပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့အဆိုအရ လူ ၅၀၀ မှာ ၁ ယောက်ဟာ cardiomyopathy ဖြစ်ပွားနိုင်ပေမယ့် ရောဂါနေရှိမှန်း မသိတတ်ကြပါဘူး။ Cardiomyopathy ရောဂါတွေဟာ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သလို၊ မွေးရာပါရောဂါအဖြစ်လည်း ရှိနေနိုင်ပါတယ်။

🫀ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရမလဲ

အပျော့စား cardiomyopathy တွေမှာတော့ ရောဂါလက္ခဏာတွေ မတွေ့ရတတ်ပါဘူး။ ပြင်းထန်လာရင်တော့ ပြင်းထန်မှုအဆင့်ပေါ် မူတည်ပြီး အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အသက်ရှူကျပ်ခြင်း
  • ခြေထောက်များ ဖောရောင်ခြင်း
  • နှလုံးတုန်ခြင်း
  • မူးဝေခြင်း
  • မူးမေ့ခြင်း

🫀ဘယ်လိုအကြောင်းရင်းတွေက cardiomyopathy ကို ပိုဖြစ်စေနိုင်လဲ

Cardiomyopathy ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိရပေမဲ့လည်း ပိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေတော့ ရှိပါတယ်။ ဥပမာအားဖြင့် နှလုံးရောင်ရမ်းတာ (သို့) နှလုံးထိခိုက်မှုဖြစ်တဲ့အခါ cardiomyopathy ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ နှလုံးဖောက်ပြန်ခြင်း သို့မဟုတ် အခြားအခြေအနေများကြောင့် ဖြစ်ပွားတဲ့ နှလုံးအားနည်းခြင်းတွေကလည်း cardiomyopathy ကို ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် အဖြစ်များစေနိုင်တဲ့ အချက်တွေကတော့…

  • မိသားစုထဲမှာ နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိခြင်း
  • သွေးတိုးရောဂါ
  • သွေးကြောကျဉ်းရောဂါ
  • ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ amyloidosis နဲ့ sarcoidosis လို ရောဂါများရှိနေခြင်း
  • နှလုံးပိုးဝင်ခြင်း
  • ဆီးချိုရောဂါ
  • အရက်သုံးစွဲခြင်း
  • ကိုယ်ဝန်ဆောင်များ
  • ကိုကင်းနှင့် အမ်ဖီတမင်း သုံးစွဲခြင်း
  • အဝလွန်ခြင်း
  • ဓာတုကုထုံး (chemotherapy) ယူနေရခြင်းတို့ ဖြစ်ပါတယ်။ 

🫀 Cardiomyopathy ရောဂါတွေမှာ ဘယ်လိုအမျိုးအစားတွေ ရှိသလဲ

(၁) Dilated cardiomyopathy ဟာ နှလုံးအခန်းတွေ ကျယ်လာတာဖြစ်ပြီး အဖြစ်အများဆုံး ဖြစ်ပါတယ်။ များသောအားဖြင့် အသက် ၅၀ နှစ်အောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရောဂါဟာ နှလုံးဘယ်ဖက်အခန်း (left ventricle) မှာ စဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ နှလုံးညာဖက်အခန်း (right ventricle) ကိုပါ ထိခိုက်စေနိုင်ပါတယ်။ နှလုံးအပေါ်ပိုင်းအခန်းတွေဖြစ်တဲ့ atria ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(၂) Hypertrophic cardiomyopathy ဟာ နှလုံးကြွက်သားမျှင်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားမှုဖြစ်လာကာ ထူလာစေတဲ့ မျိုးရိုးဗီဇရောဂါအခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားမျှင်တွေ ထူလာတဲ့အခါ နှလုံးအခန်းတွေကို တောင့်တင်းစေပြီး သွေးစီးဆင်းမှုကို နည်းသွားစေပါတယ်။ Arrhythmias လို့ခေါ်သော နှလုံးခုန်နှုန်းမမှန်ခြင်းကိုလည်း ဖြစ်နိုင်ခြေများစေပါတယ်။ Children’s Cardiomyopathy ဖောင်ဒေးရှင်းရဲ့အဆိုအရ Hypertrophic cardiomyopathy ဟာ ကလေးတွေမှာ ဒုတိယအဖြစ်အများဆုံး cardiomyopathy ရောဂါဖြစ်ပါတယ်။ ရောဂါရှိတဲ့ကလေးတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ အသက် ၁ နှစ်မတိုင်ခင် ရောဂါရှာဖွေတွေ့ရှိရတတ်ပါတယ်။ ပြင်းထန်တဲ့ အားကစားတစ်ခုခုလုပ်ရင်း ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးကြခြင်းအချို့ဟာ ဒီရောဂါရဲ့နမူနာပါ။

(၃) Restrictive cardiomyopathy ကတော့ နှလုံးအခန်း (ventricles) တွေရဲ့ ကြွက်သားမျှင်တွေ တောင့်တင်းလာပြီး သွေးလုံလောက်အောင် မဖြည့်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးမှာ နှလုံးအလုပ်မလုပ်တော့တဲ့ထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ပိုအဖြစ်များပြီး ကိုယ်တွင်းတစ်သျှူးတွေမှာ ပုံမှန်မဟုတ်တဲ့အရာများ စုပုံခြင်းကို ဖြစ်စေနိုင်တဲ့ amyloidosis ရောဂါကနေလည်း ဖြစ်နိုင်ပါတယ်။

(၄) Arrhythmogenic cardiomyopathy ကတော့ နှလုံးညာဖက်အခန်း (right ventricle) ရဲ့ကျန်းမာတဲ့တစ်သျှူးတွေကို အမျှင်နဲ့အဆီများတဲ့ တစ်သျှူးတွေနဲ့ အစားထိုးစေပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေတာပါ။ အချို့မှာ နှလုံးဘယ်ဖက်အခန်း (left ventricle) မှာလည်း ဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ arrhythmogenic cardiomyopathy ဟာ အထူးသဖြင့် လူငယ်များနဲ့ အားကစားသမားတွေမှာ ရုတ်တရက် နှလုံးသေဆုံးနိုင်ခြေကို တိုးမြင့်စေပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါအမျိုးအစားလည်း ဖြစ်ပါတယ်။

🫀 Cardiomyopathy ကို ဘယ်လို စမ်းသပ်အတည်ပြုမလဲ

▪️ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း –  အချို့သောကျန်းမာရေးအခြေအနေ လက္ခဏာတွေဖြစ်တဲ့ နှလုံးကြီးခြင်း ရှိ/မရှိကို သိနိုင်ပါတယ်။

▪️Electrocardiogram (ECG) – ECG ကတော့ နှလုံးခုန်နှုန်း မှန်/မမှန်ကို သိနိုင်ပါတယ်။ 

▪️Echocardiogram – နှလုံးရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစား၊ လုပ်ဆောင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို သိနိုင်ပါတယ်။ 

▪️Cardiac catheterization – နှလုံးသွေးကြောတွင်း သွေးစီးဆင်းမှုကို သိနိုင်ပါတယ်။ 

▪️နှလုံး MRI ရိုက်ခြင်း – နှလုံးရဲ့ အသေးစိတ်ပုံများကိုရရှိနိုင်ပါတယ်။ 

▪️မျိုးရိုးဗီဇစစ်ဆေးခြင်း – မျိုးရိုးဗီဇစစ်ဆေးမှုဟာ နှလုံးရောဂါကဲ့သို့ မျိုးရိုးလိုက်ရောဂါများကို အတည်ပြုနိုင်ပါတယ်။ 

🫀 Cardiomyopathy ကို ဘယ်လို ကုသကြမလဲ

ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ရန်၊ ရောဂါအခြေအနေဆိုးလာနှုန်းကို နှေးစေရန်နဲ့ ရုတ်တရက် နှလုံးဖောက်ခြင်းတို့ကို ကာကွယ်ရန်ဖြစ်ပါတယ်။ ကုသမှုမှာ များသောအားဖြင့် အောက်ပါအချက်တွေ ပါဝင်ပါတယ်။ 

🔹လူနေမှုပုံစံပြောင်းလဲခြင်း — လူနေမှုပုံစံပြောင်းလဲခြင်းဟာ cardiomyopathy ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေတွေနဲ့ ရောဂါပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ ရောဂါဆိုးလာနိုင်ခြေကိုလည်း နှေးစေပါတယ်။ ပြည့်ဝဆီ၊ သကြားနဲ့ ဆား စားသုံးမှုကို ကန့်သတ်တာအပြင် မျှတတဲ့အစားအသောက်ကို စားပေးရပါမယ်။ စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ကိုလည်း လုပ်ဆောင်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမစခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လည်း အရေးကြီးပါတယ်။
.

🔹ဆေးဝါးများသောက်သုံးခြင်း — ဆရာဝန်အများစု ညွှန်ကြားတဲ့ ဆေးဝါးအမျိုးအစားတွေကတော့…

၁။ Beta-blockers အုပ်စုဝင် ဆေးဝါးများ— နှလုံးခုန်နှုန်းကို နှေးစေပြီး နှလုံးအလုပ်လုပ်နှုန်း နည်းစေပါတယ်။

၂။ သွေးကျဲဆေးများ — သွေးခဲများ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးပါတယ်။ 

၃။ ဆီးဆေးများ — နှလုံးက ကောင်းစွာအလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်မှာစုပုံလာတဲ့ ပိုလျှံနေတဲ့အရည်တွေကို ဖယ်ရှားပေးပါတယ်။

၄။ သွေးပေါင်ကျဆေးများ (ACEI, ARB အမျိုးအစားများ) — သွေးပေါင်ကျစေတဲ့အပြင် cardiomyopathy ရောဂါရှိသူတွေမှာ ဖြစ်တတ်တဲ့ stress receptors တွေကို တားဆီးပေးတာကြောင့် အခုလိုရောဂါရှိနေသူတွေအတွက် ပိုမိုသင့်လျော်ပါတယ်။

၅။ Antiarrhythmics — နှလုံးခုန်နှုန်း စည်းချက်ကို ထိန်းညှိပေးပါတယ်။ 
.

🔹နောက်ထပ် ကုသမှုနည်းလမ်းတစ်ခုအနေနဲ့ နှလုံးတွင်းထည့်ကိရိယာများကိုလည်း အသုံးပြုနိုင်ပါတယ်။ သူတို့ထဲမှာ ဘယ်လိုအမျိုးအစားတွေ ပါဝင်လဲဆိုတော့…

၁။ Pacemaker — နှလုံးစည်းချက်မှန်အောင် လျှပ်စစ်ဓာတ်လိုင်းများ လွှတ်ပေးနိုင်ပါတယ်။

၂။ Implantable cardioverter-defibrillator (ICD) — နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့အခါ နှလုံးဆီသို့ လျှပ်စစ်ရှော့ခ် လွှတ်ပေးနိုင်ပါတယ်။ အချို့သောလူနာတွေမှာ နှလုံးပြန်လည်ချိန်ညှိကုထုံး (CRT) လိုအပ်နိုင်ပါတယ်။ 
၃။ Left ventricle assist device (LVAD) —
နှလုံးကနေ ခန္ဓာကိုယ်အနှံ့ သွေးညှစ်ထုတ်ရာမှာ ကူညီပေးတဲ့ ကိရိယာပါ။ နှလုံးအစားထိုးကုသမှုကို စောင့်ဆိုင်းနေချိန်မှာ ဒီကိရိယာဟာ အထောက်အကူဖြစ်စေပါတယ်။ 
.

🔹နှလုံးခွဲစိတ်ကုသခြင်း — ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အခါ ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုမှာလည်း အမျိုးအစားတွေ ရှိပါသေးတယ်။ ဒါတွေကတော့…

၁။ Septal myectomy — သွေးစီးဆင်းမှုကို ဟန့်တားခြင်းဖြင့် hypertrophic cardiomyopathy အမျိုးအစား ရောဂါကို ကုသပေးနိုင်ပါတယ်။ နှလုံးဘယ်ဖက်အခန်းထဲကို ထွက်လာတဲ့အကန့်ရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။ ထူထဲနေတဲ့တစ်သျှူးတွေကို ဖယ်ရှားခြင်းဟာ နှလုံးသွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

၂။ နှလုံးအစားထိုးကုသခြင်း — ပြင်းထန်တဲ့ cardiomyopathy ရောဂါရှိသူတွေဟာ နှလုံးအစားထိုးကုသမှုလိုအပ်နိုင်ပါတယ်။ သို့သော် နှလုံးအစားထိုးကုသမှုဟာ လူတိုင်းလုပ်ဆောင်နိုင်ဖို့တော့ ခက်ခဲပါတယ်။ 


Reference 📚: 
https:// www. medicalnewstoday. com / articles/327456

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here