“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း”
အသက် ၁ နှစ်အောက်ကလေးတွေမှာ ဖျားတာနဲ့အတူ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှူသံ တရွှီရွှီမြည်နေတယ်ဆိုရင် ဖြစ်နိုင်ခြေအမြင့်ဆုံးက လေပြွန်ရောင်တာပါ။
ကလေးငယ်တွေမှာ လေပြွန်ရောင်ခြင်းကို အဓိကဖြစ်စေတာကတော့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် (RSV – respiratory syncytial virus) ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုး၊ ဖုန်မှုန့်နဲ့ ဆေးလိပ်ငွေ့တွေကြောင့်လည်း တစ်ခါတစ်ရံ လေပြွန်ရောင်တတ်ပါတယ်။
…
???? လေပြွန်ရောင်တယ်ဆိုတာ ဘာလဲ…….
အဆုတ်ထဲကို အောက်ဆီဂျင်ရောက်အောင် လေပြွန်ကနေတစ်ဆင့် ပို့ဆောင်ပေးပါတယ်။ ဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုးကြောင့် လေပြွန်တစ်လျှောက် ရောင်ရမ်းလာတဲ့အခါ လေပြွန်လမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။ ဒီအခါမှာ အဆုတ်ထဲကို အောက်ဆီဂျင်အလုံအလောက် မရောက်တော့ဘဲ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်လာပါတော့တယ်။
…
…
???? လက္ခဏာတွေအနေနဲ့…….
– အဖျားငွေ့ငွေ့ရှိတာ
– နှာစေး၊ ချောင်းဆိုးတာ
– ချွဲကျပ်တာ
– အသက်ရှူသံ တရွှီရွှီမြည်တာ
– အသက်ရှူမြန်တာ စတာတွေဖြစ်နိုင်ပြီး…
• ပါးစပ်၊ နှုတ်ခမ်း၊ ခြေဖျား၊ လက်ဖျားတွေ ပြာလာရင်
• ကလေးမှိန်းနေရင်၊ တက်ရင်
• အစားမဝင်၊ နို့စို့နည်းနေရင်
• အသက်ရှူ ခဏရပ်သွားရင်
• အသက်ရှူရခက်ပြီး ဂဏာမငြိမ်ဖြစ်နေရင် ဆေးရုံတက်ပြီး ကုသမှုခံယူသင့်ပါတယ်။
…
…
???? လေပြွန်ရောင်တာ သက်သာစေဖို့ အိမ်တွင်းကုထုံးအနေနဲ့…
➤ အရည်များများတိုက်ပါ။
နို့၊ ဆန်ပြုတ်၊ စွပ်ပြုတ် စသဖြင့် အရည်များများတိုက်ပေးတာဟာ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ လေပြွန်ထဲက ချွဲသလိပ်တွေကိုလည်း ပျော်စေပြီး လေပြွန်ရောင်တာကို ကျစေပါတယ်။
.
➤ တတ်နိုင်သလောက် ကလေးကို မတ်မတ်ထားပါ။
ကလေးနိုးနေတဲ့အချိန်မှာ တည့်တည့်မတ်မတ် ထားပေးတာဟာ အသက်ရှူရလွယ်ကူစေပါတယ်။
.
➤ အဖျားကျဆေးတိုက်ပါ။
ကလေးက ငွေ့ငွေ့လေးဖျားနေတယ်ဆိုရင် ပါရာစီတမောလို အဖျားကျဆေးကို တိုက်ပေးလို့ရပါတယ်။ ကလေးကို နွေးနွေးထွေးထွေး ထားရပါမယ်။
.
➤ ကလေးငယ်အနားမှာ ဆေးလိပ်သောက်တာ ရှောင်ကြဉ်ပါ။
လေပြွန်ရောင်နေတဲ့ ကလေးငယ်အနားမှာ ဆေးလိပ်သောက်သုံးပါက ကလေးရဲ့ အဆုတ်ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ရောင်ရမ်းနေတဲ့ လေပြွန်နဲ့ အဆုတ်ကို ပိုဝန်ပိစေပြီး သက်သာဖို့အချိန် နှောင့်နှေးစေပါတယ်။
.
➤ ကလေးငယ်အနေနဲ့ အသက်ရှူပိုမြန်တာ၊ မှိန်းတာ၊ တက်တာ၊ နို့မစို့နိုင်ဘဲ ဆက်တိုက်အန်တာ၊ ညည်းသံထွက်တဲ့အခါမျိုးမှာ အချိန်မဆွဲဘဲ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသသင့်ပါတယ်။
…
…
????ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာတွေလုပ်လို့ရမလဲ…….
– ကလေးကို မကိုင်ခင်၊ မချီခင်မှာ လက်ကို သေချာဆေးပါ။
– ကလေးကို လူစုလူဝေးရှိတဲ့ဆီ ခေါ်သွားတာမျိုး ရှောင်ကြဉ်ပါ။ (အထူးသဖြင့် ဆောင်းတွင်းအချိန်ခါ)
– ကလေးငယ်အနားမှာ ဆေးလိပ်သောက်တာမျိုး ရှောင်ကြဉ်ပါ။
– မိခင်နို့ကို စနစ်တကျ တိုက်ကျွေးပါ။
– အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေကို အကြိမ်ပြည့်အောင် ထိုးနှံပါ။
– အအေးမိနေတဲ့သူ၊ ဖျားနေတဲ့သူနဲ့ ဆော့ကစားတာ၊ ကလေးနဲ့ ထိတွေ့တာမျိုးကို ရှောင်ကြဉ်ပါ။
???? Reference
https: // www . bliss. org . uk /parents/about-your-baby/medical-conditions/respiratory-conditions/bronchiolitis#:~:text=There%20is%20no%20medication%20to,their%20breathing%20and%20feeding%20easier
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.