အသည်းကွဲတယ်ဆိုတဲ့ စကားလုံးလေးကတော့ နေရာတိုင်းမှာ ခဏခဏကြားဖူးကြမှာပါ။ အဲဒီလိုပဲ နှလုံးကွဲတယ်ဆိုတာလည်း တကယ်ရှိပါတယ်။

သဘောတရားကတော့ အတူတူပါပဲ။ နှလုံးကွဲတယ် မြန်မာလိုဆိုရင်တော့ ရင်ကွဲနာကျတယ်လို့ ခေါ်ဆိုနိုင်တဲ့ broken heart syndrome ဟာ စိတ်ခံစားမှုတစ်ခုခု၊ စိတ်ဖိစီးမှု ပြင်းထန်တဲ့အခြေအနေတွေမှာ ဖြစ်တတ်လေ့ရှိပါတယ်။

ဒါ့အပြင် တခြား ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်၊ ခွဲစိတ်မှုတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နှလုံးကြွက်သားအချို့ ခဏတာ အားနည်းသွားပြီး တခြားကောင်းနေတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ပေးရပါတော့တယ်။ 

နှလုံးကြွက်သားတွေ အားနည်းသွားတဲ့အတွက်ကြောင့် သွေးကောင်းကောင်းမညှစ်ပေးနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေဟာ သွေးကနေတစ်ဆင့် သယ်ဆောင်လာတဲ့ အောက်ဆီဂျင်မရတော့တာကြောင့် ဒုက္ခရောက်ပါတော့တယ်။ 
.

ရင်ကွဲနာလို့ခေါ်ကြတဲ့ broken heart syndrome မှာ တခြားသောနာမည်တွေ ရှိပါသေးတယ်။ ဒါတွေကတော့…

  • Takotsubo cardiomyopathy
  • Apical ballooning cardiomyopathy
  • Stress cardiomyopathy
  • Gebrochenes-Herz cardiomyopathy ဆိုတဲ့ တခြားသောအမည်နာမတွေ ဖြစ်ပါတယ်။

🔺ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာတတ်လဲ

  • ရင်ဘတ်အောင့်တာ
  • မောတာ 
  • နှလုံးခုန်မမှန်တာ
  • သွေးပေါင်ကျတာ
  • သတိမေ့တာ အစရှိတဲ့ နှလုံးရောဂါလက္ခဏာတွေနဲ့ လာတတ်တာ များပါတယ်။ 

🔺ဘာတွေကြောင့် broken heart syndrome ဖြစ်ရလဲ

  • ဝမ်းနည်းပူဆွေးတာ၊ ကြောက်ရွံ့တာ၊ အလွန်အမင်း ဒေါသထွက်တာ၊ အံ့သြတာ အစရှိတဲ့ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေ ခံစားရတဲ့အခါ
  • အဖျားကြီးတာ၊ လေဖြတ်တာ
  • သွေးထွက်လွန်တာ
  • အသက်ရှူရခက်ခဲတာ (ဥပမာ- ပန်းနာရင်ကျပ်ရောဂါ)
  • သကြားဓာတ်နည်းတာ အစရှိတဲ့ အကြောင်းအရာများစွာကြောင့် ဖြစ်တတ်ပါတယ်။

🤔 ဘာကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ broken heart syndrome ဖြစ်ရသလဲ

ပုံမှန်အားဖြင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်ကနေ အဲဒီစိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိဖို့အတွက် adrenaline, noradrenaline အစရှိတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေ ပမာဏအများကြီး ထုတ်တဲ့အခါမှာ သွေးကြောတွေကျဥ်းလာပြီးတော့ နှလုံးကို သွေးကောင်းကောင်းမရောက်တော့တာတွေ ဖြစ်လာပါတယ်။ နောက်တစ်ချက်ကတော့ အဲဒီဟော်မုန်းတွေက နှလုံးဆဲလ်တွေနဲ့ တိုက်ရိုက်ပေါင်းသွားပြီးတော့ နှလုံးထဲကို ကယ်လ်စီယမ်တွေ ပိုမိုပေးဝင်စေပါတယ်။ ကယ်လ်စီယမ်တွေ အများကြီးဝင်လာတာကြောင့် နှလုံးခုန်တာ စည်းချက်မမှန်တာတွေ ဖြစ်လာပါတော့တယ်။ 

🔺Broken heart syndrome ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာလဲ

  • သွေးကောင်းကောင်းမညှစ်နိုင်တာကြောင့် အဆုတ်မှာသွေးပုံပြီး အဆုတ်ဖောရောင်တာ
  • နှလုံးရဲ့ သွေးညှစ်ပေးတဲ့ ဘယ်ဖက်သွေးလွှတ်ခန်းပျက်စီးတာ
  • ဘယ်ဖက်သွေးလွှတ်ခန်းမှာ သွေးခဲနဲ့ပိတ်နေတာ
  • သွေးပေါင်ကျတာ
  • နှလုံးခုန်မမှန်တာ
  • နှလုံးရှော့ခ်ရတာ အစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ 

Broken heart syndrome ဟာ အသက် (၅၀) ကျော် အမျိုးသမီးတွေမှာ ဖြစ်တတ်လေ့ရှိပြီးတော့ စိတ်လှုပ်ရှားလွယ်တာ၊ စိတ်ဓာတ်ကျလွယ်တဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်ကနေဟော်မုန်းတချို့ထွက်ပါတယ်။ အဲဒီဟော်မုန်းတွေကနေ နှလုံးကို အန္တရာယ်မပေးနိုင်အောင် estrogen ဟော်မုန်းက ကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အမျှ estrogen ဟော်မုန်းတွေလည်း လျော့နည်းလာတဲ့အတွက်ကြောင့် stress ဖြစ်လာတာနဲ့အမျှ နှလုံးကိုထိခိုက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ 

🔹Broken heart syndrome မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

  • ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်မယ်
  • စိတ်မလှုပ်ရှားဘဲ စိတ်တည်ငြိမ်အောင် ကြိုးစားနေထိုင်မယ်
  • အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသောက်မယ်
  • အိပ်ရေးဝအောင် အိပ်မယ်
  • ပုံမှန်သောက်သုံးနေကျဆေးတွေကို မပျက်မကွက်သောက်သုံးမယ်၊ ဆရာဝန်နဲ့ ပုံမှန်ပြသတိုင်ပင်မယ်
  • ဆေးလိပ်၊ အရက် ‌ရှောင်ကြဥ်မယ်… စတာတွေ ပြုလုပ်ပေးရပါမယ်။

Broken heart syndrome ရဲ့လက္ခဏာတွေက အများအားဖြင့် နှလုံးရောဂါနဲ့တူတာကြောင့် နှလုံးရောဂါလက္ခဏာတွေခံစားရလို့ ဆေးရုံ၊ ဆေးခန်းရောက်လာတဲ့အချိန်မှသာ broken heart syndrome ရှိတာကို စမ်းသပ်သိရှိတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အထက်မှာဖော်ပြထားခဲ့တဲ့ လက္ခဏာတွေ ခံစားခဲ့ရရင် လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို မှန်မှန်သောက်သုံးဖို့လိုသလို လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရနိုင်ပါတယ်။

References: 📚
https:// www. mayoclinic. org / diseases-conditions/broken-heart-syndrome/symptoms-causes/syc-20354617

https:// my. clevelandclinic. org / health/diseases/17857-broken-heart-syndrome

https:// www. hopkinsmedicine. org / health/conditions-and-diseases/broken-heart-syndrome

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here