သတိထားစရာ ရင်သားကင်ဆာ ( Breast cancer )

ရင်သားကင်ဆာဟာ အသက် ၃၀ အောက်ဆိုရင် ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် အသက်ကြီးလာလေလေ ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးများလေ ဆိုတာတော့သတိပြုစေချင်ပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော်တွေမှာ အတွေ့များပါတယ် ။

ရင်သားကင်ဆာအများစုက ရင်သားအတွင်းရှိ နို့ ရည်လမ်းကြောင်းမှာ စတင်ပါတယ်။ ပြီးရင် ဘေးပတ်ဝန်ကျင်ကို တဖြည်းဖြည်းနယ်ချဲ့လာတယ်။ ဒီ့ထက်ဆိုးလာရင် သွေးကနေတစ်ဆင့် ကင်ဆာဆဲလ်တွေဟာ တခြားနေရာတွေ အထိပျံ့တတ်ပါတယ် ။ အမျိုးသားတွေမှာတော့ ရင်သားကင်ဆာ အဖြစ်နည်းပါတယ် ။

ဘယ်လိုတွေခံစားရမလဲ ?

များသောအားဖြင့်တော့ ရင်သားမှာ အလုံးဖြစ်နေတာကို သတိပြုမိကြပါတယ် ။ တခြားဟာတွေကတော့…

– အလုံးကိုစမ်းရင် မနာဘူး။ မာမာလေးနဲ့ မျက်နှာပြင်မှာ အဖုအဖုလေးတွေလိုစမ်းမိမယ်

– ရင်သားပုံစံက ဘေးက ပုံမှန်ရင်သားနဲ့ ယှဉ်ရင် ပုံစံအနေအထားကွာခြားနေမယ်

– ရင်သားအရေပြားမှာ ချိုင့်ခွက်လို အစက်လေးတွေ (လိမ္မော်သီးအခွံလို) ဖြစ်နေမယ်

– နို့သီးခေါင်းက အထဲကိုဝင်ရင်ဝင်နေမယ် ဒါမှ မဟုတ် အနာတွေဖြစ်ရင်ဖြစ်နေမယ်

အဲ့လိုဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သလိုညွှန်ကြားတဲ့အတိုင်း ရင်သားဓာတ်မှန်ရိုက်တာ ၊ ရင်သားအာထရာဆောင်းရိုက်တာ နဲ့ အသားစ(biopsy)အဖြေယူတာ အကောင်းဆုံးပါပဲ။

ဘယ်သူတွေဖြစ်နိုင်ချေရှိလဲ ?

– အသက် ၄၀ ကျော် သမားတွေ
– မျိုးရိုးရှိတဲ့သူတွေ
– အရင်တုန်းက ရင်သားကင်ဆာ တစ်ဖက်ဖြစ်ဖူးသူတွေ
– ဟော်မုန်းဆေး သောက်နေရသူတွေ
– သန္ဓေတားဆေး သုံးနေတဲ့သူတွေ
– အရက် အလွန်အကျွံသောက်သူတွေ
– အဝလွန်တဲ့သူတွေ
– ရာသီစတာ စောတဲ့ အမျိုးသမီးတွေ
– ရာသီသွေးဆုံး နောက်ကျတဲ့ အမျိုးသမီးတွေ
– ကလေးမရှိတဲ့ အမျိုးသမီးနဲ့ အသက်ကြီးမှ ကလေးရတဲ့ အမျိုးသမီးတွေ
– ဓာတ်ရောင်ခြည် ထိတွေဖူးတဲ့သူတွေ ကအဖြစ်များပါတယ်

ဘယ်လိုကုကြမလဲ ?

ခွဲစိတ်ကုသတာဟာ တခုတည်းသော ပျောက်ကင်းအောင်ကုသနည်းဖြစ်ပါတယ်။ ဒါပေမယ့် နောင်ပြန်မဖြစ်ဖို့အတွက်ကတော့ ခွဲတာတခုတည်းနဲ့မရပါဘူး။ ကုထုံးတွေစုပေါင်းမှ ထိရောက်မှုပိုရှိပါတယ်။

ကုသနည်းကတော့ ခွဲတာရယ် ၊ ဟော်မုန်းဆေးပေးတာရယ်၊ ဓာတ်ကင်တာရယ်၊ ကင်ဆာဆေးပေးတာရယ်တွေ ရှိပါတယ်။

ဒါပေမယ့် ဘယ်နည်းသုံးမယ်ဆိုတာက လူနာရဲ့ အသက်၊ ရောဂါအခြေအနေ၊ လူနာခံနိုင်ရည် ရှိမရှိ ပေါ်မူတည်ပြီး ဆရာဝန်တွေက ကုသနည်းကို ချပြပါလိမ့်မယ်။

လူနာကလည်း ခွဲစိတ်မှုကို ခံနိုင်ရည်ရှိမယ် ၊ အကျိတ်ကလည်း ခွဲလို့ရတဲ့အနေအထားဆိုရင်တော့ အဆင်ပြေတယ် ဆိုရင်တော့ ရင်သားကိုထုတ်လိုက်တာက အကောင်းဆုံးပါပဲ။

ခွဲပြီးရင်လည်း နောင်ပြန်မဖြစ်ဖို့အတွက် လိုအပ်ရင်ဓာတ်ကင်တာတို့ ကင်ဆာဆေးသွင်းတာတို့တွေ လုပ်ရတတ်ပါတယ်။

အချို့လူနာတွေမှာတော့ ရောဂါကို စောစီးစွားမသိတဲ့အတွက် အကျိတ်အနေအထားက အရင်ခွဲစိတ်လို့ မဖြစ်နိုင်တဲ့အခါ ဆေးသွင်းတာ၊ ဓါတ်ကင်တာ အရင်လုပ်ပြီးမှ ခွဲရတတ်ပါတယ်။

ဒီနေရာမှာ အထူးဂရုပြုမှာချင်တာကတော့ ဆေးသွင်း၊ ဓာတ်ကင်ရတယ်ဆိုတိုင်း ရောဂါအဆင့်မြင့်နေလို့မဟုတ်ပါဘူး။ ခွဲစိတ်ပြီးမှ ဆေးသွင်း၊ ဓါတ်ကင်ခြင်းဟာ နောက်ပြန်မဖြစ်ဖို့အတွက်ရည်ရွယ်ပါတယ်။ ရောဂါနောက်ကျလို့မဟုတ်ပါဘူး။

ခုခေတ်ပေါ် ကင်ဆာဆေးတွေကလည်း ပိုကောင်းလာတာကြောင့် ဆေးသွင်းလို့ လူနာ ဒုက္ခရောက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကင်ဆာဆေးမသွင်းခင်လည်း လူမာခံနိုင်ရည် ရှိမရှိ စစ်ဆေးပြီးမှ သွင်းတာပါ။ ဒါကြောင့် ဆေးသွင်းဖို့၊ ဓါတ်ကင်ဖို့ပြောတိုင်း ကြောက်စရာမလိုပါဘူး။

ရောဂါအဆင့်မြင့်တဲ့သူတွေမှာကျတော့ ဆေးသွင်း၊ဓါတ်ကင်လို့ လူနာဒုက္ခရောက်တာ မဟုတ်ပါဘူး။ ရောဂါအသိနောက်ကျလို့သာ ရလဒ်မကောင်းတာပါ။

ဒါကြောင့် ရင်သားကင်ဆာမှာ စောစီးစွာ သိရှိဖို့ အရေးကြီးပါတယ်။ စောစောသိရင် အခြားကင်ဆာများနဲ့မတူ ခွဲစိတ်ကုသပြီး လိုအပ်တဲ့ကုထုံးတွေပေါင်းစပ်ရင် ရလဒ်အင်မတန်ကောင်းပါတယ်။ ‌စောလျဉ်စွာသိရှိနိုင်ဖို့ကတော့ မိမိရင်သားကို တပါတ်တခါ ပုံမှန်စမ်းကြပါ။ ထူးခြားတာရှိရင်ဆရာ၀န်နဲ့တိုင်ပင်ပါလို့ ပြောကြားရင်း…

ကျန်းမာပါစေကြောင်းဆုတောင်းလျက်…..

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page76 )

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.