နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာ

နို့တိုက်မိခင်တွေမှာ အထူးသဖြင့် သားဦးကလေးတွေမှာ နို့ခဲခြင်းနဲ့ နို့ပြည်တည်နာရောဂါဟာ အင်မတန်အဖြစ်များပါတယ်။

နို့ခဲခြင်းကတော့ နို့ထွက်များတဲ့ မိခင်တွေ၊ ကလေးကို နည်းစနစ်တကျနို့မတိုက်တဲ့ မိခင်တွေ၊ နို့တိုက်နည်းတဲ့ မိခင်တွေမှာ နို့အုံထဲ နို့များနေပြီး နို့ချောင်းပိတ်ရာကနေ ဖြစ်ပါတယ်။

နို့ပြည်တည်နာ ကတော့ နို့ခဲတာကို သေချာဂရုမစိုက်ရာကနေ နို့သီးခေါင်းအကွဲရှိသူတွေ( crack nipple)မှာ ကလေးပါးစပ်တွင်းမှ ပိုးများ၀င်ရောက်ပြီး နို့ရောင်ခြင်း( mastitis) ဖြစ်ပွားပြီး၊ ထို့နောက်တွင်မှ နို့ပြည်တည်နာအဖြစ်ကူးပြောင်းသွားခြင်းဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များသလဲ

ဘယ်လိုမိခင်တွေမှာ အဖြစ်များလဲဆိုတာကတော့ အပေါ်မှာဆွေးနွေးခဲ့သလို နို့ထွက်များတဲ့ မိခင်တွေ၊ကလေးကို နည်းစနစ်တကျနို့မတိုက်တဲ့ မိခင်တွေ၊ နို့တိုက်နည်းတဲ့ မိခင်တွေမှာ အဖြစ်များပါတယ်။

နို့ခဲတာကို ဂရုတစိုက်သေချာမချေခဲ့ရင် ၊ ပိုး၀င်ရင် နို့ရောင်ပါတယ်။ နို့ရောင်တာကို ၄၈နာရီအတွင်းသေချာဂရုတစိုက်မကုသရင် နို့ပြည်တည်နာအဖြစ်ကူးပြောင်းနိုင်ပါတယ်။

ဘယ်လိုခံစားရသလဲ

ဘယ်လိုခံစားရလဲဆိုတာ့ နို့ခဲတာဆို ရင်သားကတင်းပြီးကြီးလာပါတယ်။ ကလေးကလည်း နို့စို့ရနည်းနည်းခက်လာပါတယ်။

နို့ရောင်ပြီဆိုရင်တော့ ခဲတဲတဲခံစားမိပြီး အပေါ်ယံအရေပြားက ရဲလာ၊ ပူလာ၊ နာလာပါတယ်။ ဖျားချင်သလို၊ မလှုပ်ချင်သလို၊ ကိုယ်လက်ကိုက်သလိုလည်း ခံစားရနိုင်ပါတယ်။

နိ့ပြည်တည်ပြီဆိုရင်တော့ အလုံးကိုသေချာစမ်းမိပြီး ပူတယ်၊ နီနေမယ်။ နာမယ်။ ကိုက်မယ်။ ရောင်လာပါတယ်။ ဖျားချင်သလို၊ မလှုပ်ချင်သလို၊ ကိုယ်လက်ကိုက်သလိုလည်း ခံစားရနိုင်ပါတယ်။

ဘယ်လို ဂရုစိုက်ကာကွယ်ရမလဲ

ဘယ်ကစ ဂရုပြုရမလဲဆိုတော့ နို့မခဲဖို့က စသတိထားရပါမယ်။

????နို့မခဲစေဖို့ဆိုရင်-

  • ဆာတိုင်းတိုက်၊ တောင်းတိုင်းတိုက်ပါ။
  • ကလေးအိပ်နေခဲ့ရင်လည်း (၄)နာရီကြာလာရင် နှိုးပြီးတိုက်ပါ။
  • နို့တင်းလာရင်လည်း တိုက်ပါ။
  • တစ်ခါတိုက်ရင် နို့တစ်ဘက်ကို အ၀တိုက်ပါ။ နောက်တစ်ခေါက်တိုက်မှ နောက်တစ်ဘက်ပြောင်းပါ။
  • နို့မတိုက်ခင်နဲ့ နို့တိုက်အပြီး နို့သီးခေါင်းသန့်ရှင်းရေးလုပ်ပေးပါ။
  • နို့မတိုက်ခင် နို့ကို ရေနွေးအိတ်လေး (သို့) ရေနွေးဖတ်လေး ကပ်ပေးပါ။ နွေးနွေးသာဖြစ်ရပါမယ်။ မပူရပါ။ ၅မိနစ်လောက်သာ ကပ်ပေးပါ။ နို့ထွက်ကောင်းစေပါတယ်။
  • နို့မတိုက်ခင် နို့အနည်းငယ် အရင်ညှစ်ထုတ်ပြီးမှတိုက်ပါ။
  • ကလေးပါးစပ်ထဲ နို့သီးခေါင်းတင်မက areolaခေါ် အဝိုင်းကွင်းတခုလုံး ၀င်ပါစေ။
  • ရင်သားမှာ ခဲတဲတဲ နေရာလေးတွေရှိနေရင် နို့တိုက်နေစဉ်အတွင်း နို့သီးခေါင်းဘက်ကို ဖြည်းဖြည်းချင်း လှိမ့်ပြီး ပို့ပေးပါ။
  • နို့တိုက်ပြီးရင် နို့ပေါ်ရေ၀တ်ဖတ်လေး တင်ပေးပါ။ ရေခဲဖတ်လေး တင်ထားလို့ရပါတယ်။ ၅မိနစ်လောက်ပါပဲ။
  • ဘော်လီမာတာ ကြပ်တာ မ၀တ်ပါနဲ့။
  • မိခင်ကိုယ်တိုင်လည်း နို့မလောက်မှာ၊ နို့မထွက်မှာ စတဲ့စိတ်ဖိစီးမှုမရှိနေရပါ။ စိတ်လျော့ပြီးမှ နို့တိုက်ပါ။ အားရှိအောင်စားပါ။ အိပ်ရေး၀အောင်အိပ်ပါ။

????နို့ရောင်နေပါက-

  • ၄၈နာရီ အတွင်း စောစောသိပြီး ဆရာ၀န်နဲ့ပြသကုသမှုခံယူပါက ပြည်မတည်တော့ပဲ အရောင်ကျပြီး ပြန်လည်ပျောက်ကင်းလွယ်ပါတယ်။
    ထိုသို့မဟုတ်ပါက နို့ပြည်တည်နာဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ခုခေတ်မှာ အပ်နဲ့စုပ်ပြီး ပိုးသတ်ဆေးတိုက်လို့ပျောက်ကင်းတာများပါတယ်။ အရမ်းကြီးရင်တော့ ခွဲကောင်း ခွဲရနိုင်ပါတယ်။

❗နို့ပြည်တည်နာပဲ ဖြစ်ဖြစ်၊ နို့ရောင်တာပဲ ဖြစ်ဖြစ်၊ နို့ခဲတာပဲ ဖြစ်ဖြစ် ဖြစ်တဲ့ဘက်ကို နို့ပိုဖိတိုက်ပေးရပါမယ်။ ဖြစ်တဲ့ဘက်ကို မတိုက်တာမျိုး မလုပ်ရပါ။

အပေါ်မှာ ဆွေးနွေးခဲ့တဲ့ အချက်ကလေးတွေကို ဂရုပြုလိုက်နာခြင်းဖြင့် နို့တိုက်မိခင်များတွင်ဖြစ်လေ့ဖြစ်ထရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာရောဂါမှ ကင်းဝေးပြီး မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် ❤️

Reference : Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.5,7

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.