မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ ( July, 2022 )
လူသားတစ်ဦးအတွက် မိခင်ဝမ်းမှထွက်ပြီး ပထမဦးဆုံးစားသုံးရသောအရာမှာ မိခင်နို့ပင်ဖြစ်ပေသည်။ မိခင်နို့ရည်သည် ကလေးဘဝကျန်းမာရေး အတွက်အတွက်သာမက ၊ ကလေးအရွယ်ရောက်ချိန်အထိ ကျန်းမာရေးအတွက်အရေးကြီးပါသည်။
မိခင်နို့ တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးက ဘာတွေဖြစ်မလဲ ?
မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက်ရော မိခင်အတွက်သာမက မိသားစုအတွက် ၊ နိုင်ငံ့အတွက်ပါ အကျိုးကျေးဇူးများစွာပေးပါတယ်။
ကလေးအတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ –
(၁) မိခင်နို့ရည်ဟာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားခြင်းသာမက ဇီဝကမ္မဖြစ်စဉ်ဖွံဖြိုးခြင်းတို့အတွက် အရေးကြီးပါတယ်
(၂) မိခင်နို့ရည်ဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်
(၃) ၅ နှစ်အောက်ကလေးများ အဓိကသေဆုံးရခြင်းရဲ့အကြောင်းအရင်းဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောခြင်းတို့ကို မိခင်နို့ရည်က ကာကွယ်ပေးပါတယ်
(၄) မိခင်နိုရည် တိုက်ကျွေးခြင်းအားဖြင့် အာဟာရချို့တဲ့သည့်ရောဂါ ၊ တစ်နှစ်အောက်ကလေးတွင်ဖြစ်ပေါ်လေ့ရှိတဲ့ ဓါတ်မတည့်မှု (Allergy)တို့ကို ကာကွယ်ပေးပါတယ်
(၅) မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေး ရင်းနှီးမှုကိုပိုတိုးစေပါတယ်
မိခင်အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ –
(၁) ကလေးမွေးဖွားပြီးနောက်သွေးသွန်ခြင်း ၊ မိခင် သွေးအားနည်းခြင်းတို့ကို ကာကွယ်ပေးပါတယ်
(၂) မိခင်နို့ရည်ဟာ သဘာဝအလျောက်ရရှိတဲ့အတွက် ငွေရေးကြေးရေးပြဿနာများကိုပူစရာမလိုပါဘူး
(၃) အမေရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါတယ်
(၄) မိခင်နို့တိုက်ကျွေးခြင်းဟာ သဘာဝအလျောက်ကိုယ်ဝန်တားစေတဲ့အရာ ဖြစ်ပါတယ်
(၅) သွေးချိုရောဂါအခံရှိတဲ့ မိခင်တွေအတွက်လည်း insulin (အင်ဆူလင်) လိုအပ်မှုကိုလျော့ချပေးပါတယ်
(၆) ရင်သားကင်ဆာ ၊ သားဥအိမ်ကင်ဆာနဲ့ အရိုးပွ အရိုးကြွပ်ဆတ် ရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်
ကိုယ့်မိသားစုအတွက် အကျိုးတွေက ဘာတွေရမလဲဆိုတော့ –
(၁) မိခင်နို့ရည်ဟာ သဘာဝကရရှိတဲ့အတွက် ငွေကုန်ကြေးကျများမှုကို လျော့ချပေးပါတယ်
(၂) ကလေးအတွက်လည်း အချိန်ပိုပေးဖြစ်တာကြောင့် မိသားစုဆက်ဆံရေးကို ပိုပြီးတိုးပွားစေပါတယ်
နိုင်ငံအတွက် ဘာတွေ အကျိုးပြုမလဲ ဆိုတော့ –
(၁) နိုင်ငံတစ်နိုင်ငံရဲ့ ၅ နှစ်အောက်ကလေးသေနှုန်း ကိုလျော့ချပေးပါတယ်
(၂) အနာဂတ်အတွက် ကျန်းမာတဲ့ နိုင်ငံ့အကျိုးပြုသားလောင်းများကို မွေးထုတ်ပေးစေပါတယ်
မိခင်နို့ရည်မှာ အာဟာရတွေအပြင် တခြားဘာတွေပါသေးလဲ
မိခင်နို့ရည်မှာ ကလေးရဲ့ ခုခံအားစနစ်အတွက်လိုအပ်တဲ့ခုခံအားများ ( Immunoglobulin ) နဲ့ ရောဂါပိုးများကိုတိုက်ထုတ်ပေးတဲ့ သွေးဖြူဥ များစွာပါရှိပါတယ်
မိခင်နို့ရည်ကို ဘယ်အချိန် ကနေ ဘယ်အချိန်ထိ တိုက်သင့်သလဲ ?
– ကလေးမွေးဖွားပြီးနာရီဝက်အတွင်း နို့ဦးရည်ကို စတိုက်သင့်ပါတယ်။ နို့ဦးရည်ဟာ ကလေးအတွက် ရောဂါကာကွယ်ပေးတဲ့ ခုခံအားစနစ်အများဆုံးပါတဲ့ အရည်ဖြစ်ပါတယ်။
– ကလေးအသက် ပထမဆုံးခြောက်လမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ ရေဆာတယ်ဆိုရင်တောင် ရိုးရိုးရေအစား မိခင်နို့သာတိုက်ကျွေးသင့်ပါတယ်။ ပထမခြောက်လမှာ မိခင်နို့တစ်မျိုးတည်းကလွဲပြီး ရိုးရိုးရေရော ဖြည့်စွက်စာတွေရော မတိုက်ကျွေးသင့်ပါဘူး။
– မိခင်နို့ရည်ကို နေ့ရောညရော ကလေးဆာတဲ့အခါတိုင်း တိုက်သင့်ပါတယ်။
– မိခင်နို့ရည်ကို ကလေးအသက် ၂ နှစ် အထိ တိုက်သင့်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ မိခင်နို့ကို လုံးဝရှောင်သင့်သလဲ ?
(၁) မိခင်ဟာ ရောဂါတစ်စုံတစ်ခုကြောင့် ဓာတ်ကင်နေရတဲ့အခြေအနေ
(၂) မိခင်ဟာ ကင်ဆာဆေးသောက်နေရချိန်
(၃) ကလေးကိုထိခိုက်စေနိုင်တဲ့ တခြားသော ဆေးဝါးများ သောက်သုံးနေရတဲ့အချိန်တွေမှာမတိုက်သင့်ပါ
( သတိပြုရန် ။ ။ မိခင်သည် အကြောင်းတစ်စုံတစ်ခုကြောင့် ဆေးရုံ ၊ ဆေးခန်း ပြသရသောအခါ ဆရာဝန်မှဆေးညွှန်ကြားခြင်းမပြုခင် မိခင်နို့တိုက်ကျွေးနေရကြောင်း ပြောပြရပါမယ်)
ဘယ်လိုအခြေအနေတွေမှာ သတိထားရမလဲ ?
(၁) မိခင်ဟာ HIV / AIDS ကူးစက်ခံထားရသူဖြစ်ပါက ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ နို့ရည်တိုက်ကျွေးသင့်ပါတယ်။
(၂) မိခင်ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာရရှိ (စိတ်ကျန်းမာရေး ချွတ်ယွင်းနေပါက) ဆရာဝန်နဲ့သေချာဆွေးနွေးပြီးမှသာ တိုက်ကျွေးရန်သင့်/မသင့်ကို ဆုံးဖြတ်သင့်ပါတယ်။
(၃) မိခင်ဟာ အိမ်နဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်နေရရင် အလုပ်မသွားခင် မိခင်နို့ရည်ကို ညှစ်ခဲ့ပေးရပါမယ်။ ညှစ်ပြီးသားနို့ရည်ကိုလည်း ၈ နာရီ အတွင်းသာ တိုက်သင့်ပါတယ် ။ တိုက်တဲ့အခါမှာလည်း လက်ဖက်ရည်ဇွန်း (သို့မဟုတ်) ဇွန်းအပျော့နှင့်သာ တိုက်ကျွေးသင့်ပါတယ်။
မိခင်နို့တိုက်ကျွေးရာတွင် ဘယ်လို ပုံစံအနေအထားနှင့် တိုက်ကျွေးသင့်ပါသလဲ ?
– နို့ရည်တိုက်ကျွေးတဲ့အခါ မိခင်ဟာ တစောင်းလဲလျောင်း၍သော်လည်းကောင်း ၊ ထိုင်၍သော်လည်းကောင်းတိုက်နိုင်ပါတယ်။
– ကလေးရဲ့ခေါင်းနဲ့ခန္ဓာကိုယ်ဟာ တပြေးတည်းရှိနေရပါမယ်။ ဒါမှသာ ကလေး နို့ရည်မျိုချတဲ့အခါ ရှောရှောရှူရှူဖြစ်ပါမယ်။
– အမေဟာကလေးနဲ့ ကပ်လျှက်နေပြီး လက်နှင့် ကလေးအနောက်မှ ပံ့ပိုးထားပေးရပါမယ်။
– မိခင်ရဲ့ နို့သီးခေါင်းသာမက နို့အဝိုင်းကွင်းပါ ကလေးပါးစပ်နဲ့ ငုံမိနေရပါမယ်။ ကလေးကို မိခင်နို့အုံဘက်ကို အတင်းကပ်ပြီးတိုက်ဖို့မလိုပါဘူး။ ( ကလေးဟာ မိခင်နို့အုံနဲ့ပိမိနေပြီး အသက်ရှူမရတဲ့အန္တရာယ် ကြုံလာနိုင်လို့ပါ )
မိခင်နို့ တိုက်ကျွေးခြင်းအားဖြင့် ကျန်းမာသော အနာဂတ် လူငယ်များကို မွေးထုတ်နိုင်ပါစေကြောင်းဆုတောင်းလျက် ….
Reference
-Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.
– ObstetricsTen Teachers 20th Edition
– Pediatric Management Guideline 3rd Edition
– Pediatric for Undergraduate 2nd Edition
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဉ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
Ministry of Health,
National Unity Government.
Published on: 26 July 2022
Last Updated: 26 July 2022