Bell’s Palsy (မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း)

Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး

အဲဒီ့အစား…ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။ Bell’s Palsy ဟာ အဖြစ်များပြီး အများအားဖြင့် သူ့အလိုလို ပြန်လည် သက်သာပျောက်ကင်းလေ့ ရှိပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ

ဦးနှောက်ကထွက်တဲ့ အာရုံကြောလေးတွေထဲကမှ မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို အထောက်အပံ့ပေးတဲ့ (၇)ခုမြောက် အာရုံကြော ( 7th facial nerve)မှာ ပြဿနာဖြစ်တဲ့အတွက် ဒီရောဂါ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

အကြောင်းရင်း အတိအကျ‌တော့ ပြောလို့မရပေမယ့် များသောအားဖြင့် ရေယုန်ရောဂါ ဖြစ်ပြီးနောက်ပိုင်း facial nerve ရောင်ရမ်းတာ ဖြစ်တဲ့အတွက် bell’s palsy အဖြစ်များကြောင်း တွေ့ရှိရပါတယ်။ တခြား Virus ရောဂါပိုးအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သလို ခုခံအားစနစ် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာလည်း တွေ့ရတတ်ပါတယ်။

အခုနောက်ပိုင်းမှာဆို ကိုဗစ်လူနာတွေ ၊ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူတွေမှာလည်း သာမာန်လူတွေထက်စာရင် အဖြစ်များလာတာကို လေ့လာတွေ့ရှိရပါသတဲ့။

အဓိကအချက်အနေနဲ့ကတော့ (၇)ခုမြောက် ဦးနှောက်ထွက် အာရုံကြော (7th facial nerve)ရဲ့ လမ်းကြောင်းနဲ့လည်း သက်ဆိုင်တယ်လို့ ပညာရှင်တော်တော်များများက လက်ခံထားကြပါတယ်။

ဒီအာရုံကြောဟာ ဦးနှောက်ကထွက်လာပြီး ကြွက်သားတွေဆီမရောက်ခင် အလွန်အင်မတန်ကျဥ်းမြောင်းတဲ့ အရိုးအပေါက်လေးတွေကို ဖြတ်သန်းလာရပါတယ်။ အကျဥ်းဆုံးနေရာက အရိုးပေါက်လေးဟာ အချင်း (0.66mm)အထိ ကျဥ်းမြောင်းလွန်းတာပါ။

ဒါ့ကြောင့် တခြားအာရုံကြောတွေနဲ့မတူ….အဲ့အာရုံကြောလေး နည်းနည်းရောင်လာပြီဆိုတာနဲ့ အရိုးအပေါက်လေးတွေက သူတို့ကို ဖျစ်ညှစ်ထားသလိုဖြစ်တာကြောင့် မျက်နှာတစ်ခြမ်း ကြွက်သားအားနည်းတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပါတော့တယ်။

အသက်ကြီး/ငယ်မရွေး ဖြစ်ပွားတတ်ပြီး အေးမြတဲ့ရာသီဥတုအခြေအနေတွေမှာ ပိုဖြစ်တတ်တာကိုလည်း တွေ့ရှိရပါတယ်

Bell’s palsyရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိကကတော့ မျက်နှာတစ်ဖက်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ အားနည်းသွားတာဖြစ်တဲ့အတွက် ဖြစ်တဲ့ဘက်အခြမ်းမှာရှိတဲ့

– ပါးစပ်ထောင့်က အောက်ကိုတွဲကျနေမယ်။

– မျက်လုံးသေချာ မမှိတ်နိုင်ဘူး။

– မျက်တောင် သေချာ မခတ်နိုင်ဘူး။

– ပြုံးတာ၊ ရယ်တာ၊ မျက်မှောင်ကြုံ့တာ အစရှိတဲ့ကြွက်သားတွေကို အသုံးပြုရတဲ့ လှုပ်ရှားမှုတွေတွေ မလုပ်နိုင်ဘူး။

– အာရုံကြောထိခိုက်တာ ဖြစ်တဲ့အတွက် တော်တော်များများက နာကျင်မှုကို မခံစားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

တခြား လက္ခဏာတွေကတော့…

– မျက်နှာ ထုံကျင်တာ

– နားကိုက်တာ ၊ နားနဲ့ အနီးတဝိုက် နာတာ

– မျက်နှာမှာ လေးလေးကြီး ခံစားရတာ

– အစားစားဖို့ရန် ခက်ခဲတာ

– အစားစားရင် အရသာတွေ ပြောင်းနေတာ

– အသံတွေ အကျယ်ကြီး ကြားနေရတာ

– သွားရည်ကျတာ

– အရသာပျောက်တာ တို့ပဲ ဖြစ်ပါတယ်။

Bell’s palsyက ဘယ်လောက်တောင် အဖြစ်များလဲ

တစ်နှစ်တစ်နှစ်မှာ လူ ၂၀၀၀မှာ တစ်ယောက်လောက်ဖြစ်လေ့ရှိတယ် ဆိုကြပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဆီးချို၊ သွေးတိုးရောဂါ၊ အာရုံကြောရောဂါတွေဖြစ်တဲ့ Myasthenia gravis, Guillain-Barré syndrome တို့နဲ့ ဆက်စပ်နေတဲ့အတွက် ဒီလိုရောဂါရှိတဲ့သူတွေလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အများစု ၉၀%ခန့်ဟာ လအနည်းငယ်အတွင်း သူ့ဟာသူ ပြန်ကောင်းသွားတတ်ကြပါတယ်

အသက်ကြီးသူ (အသက် ၆၀အထက်)တွေမှာတော့ ပြန်ကောင်းနိုင်ချေ ၆၀%လောက်သာရှိကြောင်း တွေ့ရှိရပါတယ်

ဘယ်လို ကုသကြမလဲ

ဘာကြောင့်ဖြစ်လဲဆိုတာပေါ် မူတည်ပြီး ပိုးသတ်ဆေးနဲ့ စတီးရွိုက်ဆေးတို့ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။

မျက်တောင်ကောင်းကောင်း မခတ်နိုင်တဲ့အတွက် မျက်လုံးထဲ ဖုန်တွေ၊ သဲတွေဝင်ပြီး မျက်ကြည်လွှာ ရောင်ရမ်းတာတွေ ဖြစ်နိုင်တဲ့အတွက် ညဘက်တွေမှာ မျက်လုံးပိတ်တဲ့ patchတွေ၊ အပြင်ထွက်တဲ့အခါ လေကာ၊ရေကာတဲ့ မျက်မှန်မျိုးတွေ သုံးပေးနိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာလည်း မျက်လုံးကို adhesive tapeလေးတွေ ကပ်ပေးထားနိုင်ပါတယ်။

မျက်လုံးကို ခြောက်အောင်မထားသင့်တဲ့အတွက်ကြောင့် မျက်ရည်တုလည်း ထည့်ပေးလို့ရပါတယ်။

မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို အဆီ ဒါမှမဟုတ် ခရင်မ်တစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာတွေ၊ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဥပမာ- မှန်ကြည့်ပြီး မျက်နှာရှုံ့တာ၊ မျက်စိမှေးကြည့်တာ၊ ပြုံးတာ၊ သွားဖြဲတာ၊ မျက်လုံးတစ်ဘတ်မှိတ်တာမျိုးတွေ လုပ်ကြည့်ပါ။

အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်း အနားယူပါ။ ဆေးလိပ်၊ အရက် ‌ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါ။

Bell’s palsyဟာ အချိန်တစ်ခုကြာရင် ပျောက်ကင်းသွားတဲ့ ရောဂါဖြစ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ခဲပါတယ်။ ၈၀-၉၀%လောက်ကတော့ သက်သာသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Bell’s palsy ဖြစ်ဖူးတဲ့သူ ၁၀ယောက်မှာတော့ တစ်ယောက်လောက်က ပြန်ဖြစ်လေ့ရှိပါတယ်။

ဒီလောက်ဆိုရင် Bell’s palsyနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ သိရှိလောက်ပြီမို့ အားလုံးပဲ အရင်ကထက် ဗဟုသုတတွေ တိုးပွားလာမယ်လို့ မျှော်လင့်ပါတယ် ????

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 229

https://emedicine.medscape.com/article/1146903-overview

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.