Balanitis (လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း)
Balanitis ဆိုတာ လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့သူတွေမှာ မကြာခဏဖြစ်တတ်တဲ့ လိင်တံထိပ်ပိုင်း (glans penis) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းကို Circumcision လို့ ခေါ်ပါတယ်။
Balanitis ဟာ များသောအားဖြင့် yeast လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်ပေမယ့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ တချို့အရေပြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လိင်တံထိပ်ရော အရေပြားပါ ရောင်ရမ်းခဲ့ရင် Balanoposthitis လို့ ခေါ်ပြီး ဆီးချိုရောဂါရှိသူနဲ့ အရေပြားတင်းကျပ်တဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။
..
..
????Balanitis က လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (STI) လား
Balanitis ဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါမဟုတ်ပါ။ ဒါပေမယ့် တချို့ STI ရောဂါတွေကြောင့် Balanitis ဖြစ်နိုင်ပြီး Balanitis ကြောင့် STI ဖြစ်တယ်လို့ ထင်ရတတ်ပါတယ်။
..
..
????Balanitis မှာ ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ရလဲ
Balanitis ဖြစ်ခဲ့ရင်…
- လိင်တံထိပ် နာကျင်တာ
- အရောင်ပြောင်းတာ (သို့မဟုတ်) အကွက်တွေ ဖြစ်လာတာ
- ယားယံတာ
- ဖောင်းပွရောင်ရမ်းတာ
- လိင်တံအရေပြားအောက်မှာ smegma လို့ ခေါ်တဲ့ အဖြူရောင်အညစ်အကြေးတွေ ဖြစ်လာတာ
- အနံ့ဆိုးထွက်တာ
- ဆီးသွားတဲ့အခါ နာကျင်တာနဲ့
- လိင်တံထိပ်မှာ အနာတွေ ဖြစ်တတ်ပါတယ်။
..
..
????Balanitis ဘာကြောင့်ဖြစ်လဲ
Balanitis ဟာ လိင်တံနဲ့အရေပြား သန့်ရှင်းရေးလုပ်တာနည်းလို့ အများဆုံးဖြစ်ရတာပါ။
Balanitis ဖြစ်စေတဲ့ တခြားအကြောင်းအရင်းတွေကတော့…
- လိင်အင်္ဂါမှာဖြစ်တဲ့ မှိုရောဂါ (Genital yeast infection)
- လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများ (STIs)
- ဝဲခြောက်ရောဂါ (Scabies)
- ဆပ်ပြာ (သို့မဟုတ်) ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်း
- Psoriasis နဲ့ နှင်းခူ (eczema) ကဲ့သို့သော အရေပြားရောဂါများ
- ဆီးချိုရောဂါ (Diabetes) နဲ့
- ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောဂါပိုးတွေ ကူးစက်တဲ့အခါ အဆစ်အမြစ်ရောင်တဲ့ (Reactive arthritis) တွေကြောင့် ဖြစ်တတ်ပါတယ်။
..
..
????Balanitis ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ
Balanitis ရေရှည်ဖြစ်ခဲ့ရင် Balanitis Xerotica Obliterans (BXO) ဖြစ်နိုင်ပါတယ်။ BXO မှာ လိင်တံထိပ်အရေပြား မာကျောပြီး အဖြူရောင်ပြောင်းသွားတတ်ပါတယ်။ မာကျောသွားတဲ့ တစ်သျှူးတွေက ဆီးသွားတဲ့အခါ (သို့မဟုတ်) သုတ်လွှတ်တဲ့အခါမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ BXO ကို Lichen sclerosus လို့လည်း ခေါ်ပါတယ်။
Balanitis ကြောင့် Phimosis လည်း ဖြစ်နိုင်ပါတယ်။ Balanitis ရေရှည်ဖြစ်တဲ့အခါ လိင်တံမှာ အမာရွတ်ဖြစ်ပြီး အရေပြားကို တင်းကျပ်စေကာ လိင်တံထိပ်မှ နောက်ဆွဲလို့မရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေကို Phimosis လို့ ခေါ်ပါတယ်။
Balanitis ရေရှည်ဖြစ်နေခြင်းက လိင်တံကင်ဆာ (Penile cancer) ဖြစ်နိုင်ခြေလည်း များစေပါတယ်။
..
..
????Balanitis ကို ဘယ်လို ကုသနိုင်မလဲ
Balanitis ကိုဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသရပါတယ်။
- မှို (Yeast) ကြောင့်ဖြစ်ခဲ့ရင် (antifungal) လိမ်းဆေးကို လိင်တံထိပ်ရော အရေပြားရောမှာ လိမ်းပေးရပါတယ်။
- လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကြောင့် ဖြစ်ခဲ့ရင် ပိုသတ်ဆေး (antibiotics) ပေးလေ့ရှိပါတယ်။
- ဒီအပြင် လိင်တံကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ လိင်တံအရေပြားအောက်ကို ပုံမှန်ဆေးကြောပြီး အခြောက်ခံဖို့ လိုအပ်ပါတယ်။ လိင်တံကို ဆပ်ပြာနဲ့ အလွန်အကျွံ ပွတ်တိုက်ဆေးကြောတာမျိုး မလုပ်သင့်ပါ။ ရေနွေးနွေးနဲ့ ဆေးကြောခြင်းက လုံလောက်ပါတယ်။
- ဆီးချိုရှိခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆီးချိုကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။
- Balanitis ထပ်ခါထပ်ခါဖြစ်ရင် လိင်တံထိပ်အရေပြားကိုဖြတ်တောက်ခြင်း (circumcision) လုပ်ရပါတယ်။ အထူးသဖြင့် အရေပြား တင်းကျပ်တဲ့သူတွေမှာ circumcision လုပ်ရတာ များပါတယ်။
Reference : ????
https://my.clevelandclinic.org/…/diseases/21186-balanitis
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.