ခါးနာခြင်း ၊ ခါးကိုက်ခြင်း ( Backache )
ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား အလုပ်လုပ်နေရတတ်ပါတယ်။ ဒီလိုအလုပ် လုပ်တဲ့အခါ ပုံစံမမှန်တဲ့ ကိုယ်အနေအထားနဲ့ လုပ်ခဲ့ရင် ( ဒါမှမဟုတ် ) ကိုယ်ပုံစံအနေအထားတစ်မျိုးတည်းကို အချိန်အကြာကြီးလုပ်နေခဲ့ရရင် ကိုယ်ခန္ဓာမှာရှိတဲ့ ခြေလက် ၊ ကျောခါးများ နာကျင်လာတတ်ပါတယ်။
ဒါကြောင့် ခါးနာခြင်း၊ ခါးကိုက်ခြင်း အကြောင်းနဲ့ ဘယ်လိုလုပ်ရင် သက်သာမလဲ ဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ။ ????
✳️ခါးနာခြင်း၊ ခါးကိုက်ခြင်း ( Backache) ဆိုတာ ဘာလဲ ?
– ကျောဘက်ရှိ ကြွက်သားများ၊ အရွတ်များ အနည်းငယ်ဒဏ်ဖြစ်တဲ့အခါ ခါးနာခြင်း၊ ခါးကိုက်ခြင်း တို့ကိုဖြစ်စေပါတယ် ။
– ဒါပေမယ့် တချို့သောအခြေအနေမှာ ခါးအရမ်းနာတယ်ဆိုရင် တခြားရောဂါကြောင့် (သို့မဟုတ်) ခါးရိုးဆစ်မှာ ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
– ခါးရိုးဆစ်တွေ ပုံမှန်မဟုတ်တဲ့အခါ အနီးအနားရှိ အာရုံကြောတွေ တစ်ရှူးတွေကို သွားဖိမိပြီး နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ် ။
– ဘယ်လိုအခြေအနေတွေမှာ ခံစားနိုင်ရမလဲဆိုတော့ ခါးကွေးတဲ့အခါနဲ့ အလေးအပင်တစ်ခုခု ဆွဲမလိုက်တဲ့အခြေအနေမျိုးမှာ ခါးနာခြင်းကို သိသိသာသာ ခံစားရနိုင်ပါတယ် ။
✳️ခါးနာခြင်း၊ ခါးကိုက်ခြင်းတို့ကို ဘယ်လို သက်သာအောင်လုပ်မလဲ ၊ ဘယ်လိုကာကွယ်မလဲ?
– ပထမဆုံး ခါးနာတာကို သက်သာအောင်လုပ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပုံစံ အနေအထားကို အရင်ပြင်ရမှာဖြစ်ပါတယ် ။
– ဘယ်လို သက်သာအောင်လုပ်မလဲဆိုတော့ –
(၁) အားကစားလုပ်ပါ ✅
– လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတို့ဟာ ကျွန်တော်တို့ ခါးနဲ့ ဝမ်းဗိုက်ရှိကြွက်သားများကို တောင့်တောင့်တင်းတင်းဖြစ်စေတဲ့အတွက် အချိန်ရတဲ့အခါ လုပ်သင့်တဲ့ အားကစားမျိုးဖြစ်ပါတယ် ။
– ရုတ်တရက် ကြွက်သားတွေကို လှုပ်ရှားရတဲ့အားကစားများဖြစ်တဲ့ ကြက်တောင်ရိုက်ခြင်း၊ ဘက်တံရိုက်ခြင်း၊ ဂေါက်ရိုက်ခြင်း ၊ ကလေးများ ဖားခုန်တမ်းဆော့ကစားခြင်း နဲ့ အလေးအပင်များကို ရုတ်တရက်မခြင်းတို့က ကြွက်သားတွေကို ဒဏ်ဖြစ်စေတဲ့အတွက် ရှောင်ရှားသင့်ပါတယ် ။
(၂) ထိုင်တဲ့အခါ ✅
– ပုံစံ အနေအထားတစ်မျိုးတည်းကိုပဲ အချိန်အတော်ကြာထိုင်ခြင်းကို လျော့ပါ ။ ဥပမာ – ကားမောင်းခြင်း
– လိုအပ်ပါက ခေတ္တအနားယူပြီးမှသာ ပြန်လုပ်သင့်ပါတယ် ။
– ထိုင်တဲ့အခါမှာလည်း ခါးကိုမကွေးစေပဲ ခါးမတ်မတ်ထားဖို့လိုပါတယ် ။
(၃) အိပ်စက်တဲ့အခါ ✅
– ခေါင်းအုံများဆင့်၍ အိပ်ခြင်းကို ရှောင့်ကျဉ်သင့်ပါတယ်။
( ပျော့ပြီး နိမ့်တဲ့ ခေါင်းအုံးတွေကိုသာ ရွေးချယ်ပါ )
– အိပ်တဲ့အခါမှာလည်း မှောက်လျက်၊ ပက်လက် အိပ်ခြင်းထက် တစ်ဘက်ကိုစောင်းပြီးအိပ်ခြင်းက ခါးနာခြင်းတို့ကို သက်သာစေပါတယ် ။
– ကိုယ်အိပ်တဲ့မွေ့ရာကိုလည်း ပျော့ပြီး သက်တောင့်သက်သာရှိသည့် မွေ့ရာကိုသာ ရွေးချယ်စေလိုပါတယ် ။
(၄) အလေးအပင်မခြင်း ✅
– အလေးချိန် ၁၀ ကီလိုဂရမ် ထက်လေးတဲ့ အရာတွေကို မခြင်းမှ ရှောင်ကျဉ်သင့်ပါတယ် ။
– ပစ္စည်းတစ်ခုခု မတော့မယ် ဆိုရင် မမယ့်ပစ္စည်းအနီးမှာ အရင်ထိုင်ပါ။ ခါးကို တဖြောင့်တည်း ထားထားပါ။ ပြီးမှ မ ပါ ။
– မတ်တပ်ရပ်အနေအထားနဲ့ ခါးကိုကွေးပြီး ပစ္စည်းမခြင်းက ခါးကို ထိခိုက်စေပါတယ် ။
(၅) ကိုယ်အလေးချိန် ✅
– ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းစေချင်ပါတယ်။
– ကိုယ်အလေးချိန်များတဲ့သူတွေဟာ သာမာန် ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် ခါးကိုဒဏ်ပိုဖြစ်စေပါတယ်။
– ကိုယ်အလေးချိန်ထိန်းတဲ့အခါမှာလည်း အစားအစာနဲ့သော်လည်းကောင်း၊ အားကစားလုပ်၍သော်လည်းကောင်း ထိန်းပေးခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။
(၆) ရုတ်တရက် နာလာရင် ဘာလုပ်မလဲ ? ✅
– ရုတ်တရက် အောင့်ရုံပဲအောင့်တယ်ဆိုရင် မိနစ်အနည်းငယ်နားပြီးမှ ပြန်လုပ်သင့်ပါတယ် ။
– ဒါပေမယ့် အရမ်းခါးအောင့်လာတယ်ဆိုရင် လုပ်လက်စ အလုပ်ကိုနားပြီး သက်တောင့်သက်သာ ရှိတဲ့ နေရာမှာ ခဏလဲလျောင်းလိုက်ခြင်းက ခါးအောင့်ခြင်းကို သက်သာစေပါတယ် ။
(၇) ထိုင်လျက် အလုပ်လုပ်တဲ့အခါ ✅
– အလုပ်တစ်ခုကို ထိုင်လျက်လုပ်သည့်အခါ ခါးကိုမတ်မတ်ထားစေချင်ပါတယ်။
– ခါးကို မတ်မတ်ထားဖို့အတွက် ကိုယ့်လက်တစ်ကမ်းအကွာမှာရှိတဲ့ အရာကိုပဲလုပ်ပါ။
– အကယ်၍ ကိုယ့်လက်တစ်ကမ်းထက်ဝေးပါက ထိုအနီးအနားသို့နေရာရွှေ့ပြီးမှ လုပ်ပါ ။
(၈) ခါးကွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ✅
– တစ်ချို့အခြေအနေတွေဖြစ်တဲ့ ဖိနပ်ကြိုးချည်ခြင်း၊ ခြေအိတ်ဝတ်ခြင်း၊ စတော့ကင် ဝတ်ခြင်း စသည်တို့ပြုလုပ်ရာမှာ ခါးမကုန်းစေရန်ဖို့ ကိုယ့်ခြေထောက်ကို ခုံပေါ်မှာဖြစ်စေ၊ ကိုယ့်ဒူးလောက် အမြင့်ရှိတဲ့ သေတ္တာတစ်ခုခုပေါ်မှာဖြစ်စေ တင်ပြီးမှသာ ပြုလုပ်သင့်ပါတယ် ။
– ဒါမှသာ ခါးကွေးစရာမလိုတော့ဘဲ ခါးနာခြင်းကိုသက်သာစေပါတယ် ။
✳️ခါးအောင့်၊ ခါးနာတဲ့အခါ နာတာ သက်သာအောင် ဘာဆေးသောက်သင့်သလဲ ?
– ခါးအောင့်၊ ခါးနာဖြစ်တဲ့အခါ ပါရာစီတမော သို့မဟုတ် ဆရာဝန် ညွှန်ကြားတဲ့အကိုက်အခဲပျောက်ဆေးကိုသာ သောက်သုံးသင့်ပါတယ် ။
– ရောဂါ အခံရှိသောသူများ အထူးသဖြင့် အသာအိမ်ရောဂါရှိသူ ၊ အသည်းမကောင်းတဲ့သူ ၊ ကျောက်ကပ်မကောင်းတဲ့သူတွေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အကိုက်အခဲပျောက်ဆေးကို သောက်သုံးသင့်ပါတယ် ။
*** ကျန်းမာကြံ့ခိုင်၍ နေ့စဉ်လုပ်ငန်း တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းလျက်****
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.176
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.