အော်တစ်ဇင် ကလေးငယ်များ

အားလုံးပဲ မိမိပတ်ဝန်းကျင်မှာ အော်တဇင်လို့ ပြောပြောနေတဲ့ ရောဂါတစ်ခုအကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ တော်တော်များများ အမေးများနေကြတဲ့ autism spectrum disorder လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Autism Spectrum disorder (ASD) ဆိုတာ ဘာလဲ?

• ASD ဆိုတာကတော့ ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အသက် (၃)နှစ်လောက်မှာ စဖြစ်တာကို တွေ့ရပါတယ်။ Autism ကြောင့် လူတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့လေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေတတ်ကြပါတယ်။ Autism လေးတွေမှာ အဓိကအားဖြင့်တော့ အချက် (၃)ချက်တွေ့ရပါတယ်။ အဲ့ဒါတွေကတော့
– လူမှုဆက်ဆံရေးမှာ ပုံမှန်မဟုတ်ခြင်း
– လူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ရာ ခက်ခဲခြင်း
– မိမိတို့ စိတ်ဝင်စားတဲ့အရာတွေကိုပဲ ထပ်တလဲလဲ လုပ်နေတတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လေးတွေမှာ ဖွံ့ဖြိုးမှုဆိုင်ရာပိုင်းမှာ နောက်ကျနေတတ်တာကိုလည်း တွေ့ရပါတယ်။

• ASDမှာ spectrumဆိုတဲ့အတိုင်း autism ရောဂါတွေက တော်တော်များပြီး တခြားသော ရောဂါအမည် (diagnosis) တွေရှိသေးလို့ပါ။

• Asperger’s syndrome – သူတို့လေးတွေမှာဆိုရင်တော့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ပုံမှန်ဖြစ်နိုင်သလို တစ်ခါတရံ သာမာန်လူထက်တောင် ပိုဉာဏ်ရည်ကောင်းနေတာကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာတော့ အခက်အခဲရှိနေတတ်ပါတယ်။

• Autistic disorder – ဒါကတော့ လူအများခေါ်နေကြတဲ့ အော်တဇင်ပဲ ဖြစ်ပါတယ်။ သူတို့လေးတွေမှာတော့ လူမှုရေး၊ ပြောဆိုဆက်ဆံရေးအားလုံးမှာ အခက်အခဲရှိနေပြီးတော့ လက္ခဏာတွေကို အသက် ၃နှစ်လောက်ကတည်းကနေ စတင်‌တွေ့ရပါတယ်။

• Childhood Disintegrative Disorder – ဒီမှာဆိုရင်တော့ ကလေးတွေက အသက်၂နှစ်လောက်ထိ ပုံမှန်ဖွံ့ဖြိုးမှုကို တွေ့ရပြီး တော့ အဲ့ဒီနောက်ပိုင်းမှာတော့ လူမှုဆက်ဆံရေးမှာ တဖြည်းဖြည်း ချို့တဲ့လာပါတော့တယ်။

• Pervasive Developmental Disorder – ဒါကလည်း အော်တဇင် type ပါပဲ။ လူမှုရေးနယ်ပယ်မှာ ပြောဆိုဆက်ဆံရာမှာ နှေးကွေးတာကို တွေ့နိုင်ပါတယ်။

• autism ရှိသူ ၈၀% လောက်က ဉာဏ်ရည်ချို့တဲ့နေတတ်ပါတယ်။ ၁-၂% လောက်ကတော့ ပုံမှန်လူလိုပဲ ပြုမူနေထိုင်တတ်ပါတယ်။

Autism က ဘယ်လောက်ထိ အဖြစ်များတဲ့ ရောဂါလဲ?

• လက္ခဏာတွေကတော့ အသက် ၃နှစ်မတိုင်ခင်မှာ စလေ့ရှိပါတယ်။ အယောက် ၁၀၀၀မှာ ၅-၁၀ယောက်ထိ ဖြစ်တတ်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ဘာကြာင့်ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကိုတော့ မသိရပေမယ့် မျိုးရိုး၊ ကလေးမီးဖွားချိန် နောက်ဆက်တွဲဆိုးကျိုးဝင်ခြင်း၊ မမွေးမီနဲ့ မွေးပြီးအချိန်တို့မှာ ပိုးဝင်ခြင်း၊ autoimmune နဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတို့ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။

Autism ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

• အဓိကအားဖြင့်တော့ လူမှုဆက်ဆံရေးနယ်ပယ်မှာ တော်တော်လေး အံဝင်ခွင်ကျမဖြစ်တဲ့ လက္ခဏာတွေကို အများဆုံး တွေ့ရပါတယ်။
• လူမှုဆက်ဆံရေးမှာ ထူးထူးခြားခြားတွေ့ရတာကတော့ လူနဲ့စကားပြောတဲ့အခါမှာ မျက်လုံးချင်းမဆုံတာ၊ သူငယ်ချင်းအပေါင်းအဖော်မရှိတာ၊ အပြန်အလှန် စကားပြောလို့ မရတာမျိုးတွေ ဖြစ်ပါတယ်။
• ပြောဆိုဆက်ဆံရာမှာ နှေးကွေးတာ၊ ဒါမှမဟုတ် လုံးဝစကားမပြောတာ၊ စကားတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ ပြောဆိုနေတာ
• နာမည်ခေါ်ရင် ပြန်ပြီးမတုန့်ပြန်တာ၊ တစ်ခါတရံ မကြားတာမျိုးထိ ရှိတတ်ပါတယ်။
• စကားပြောရာမှာ အသံကို နိမ့်ချည်မြင့်ချည် ပြောတာမျိုး၊ စက်ရုပ်လို အသံနဲ့ပြောတာမျိုးတွေလည်း ရှိပါတယ်။
• မျက်နှာအမူအရာမရှိတာအပြင် သူတစ်ပါးရဲ့ ခံစားချက်ကိုလည်း သတိမထားတတ်ပါဘူး။
• လက်ကိုတဖျပ်ဖျပ်ရိုက်ခြင်း၊ ခန္ဓာကိုယ်ကို လှုပ်ခါနေခြင်းတို့လို မူမမှန်တဲ့ အပြုအမူတွေကို အပ်ကြောင်းထပ်အောင် လုပ်နေခြင်း၊အရာဝတ္ထုတွေ ကိစ္စရပ်တွေမှာ စိတ်စွဲလမ်းတာတွေလည်း ရှိနေတတ်ပါတယ်
• တက်ခြင်း၊ ဦးခေါင်းအရွယ်အစားကြီးခြင်း၊ ဘယ်ညာနှစ်ဖက်လုံးသန်ခြင်း
• အလင်းရောင်၊ အသံကျယ်ခြင်း အစရှိတာတွေကို အလျင်အမြန်တုန့်ပြန်နိုင်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

အပြုအမူပိုင်းဆိုင်ရာမှာ တွေ့ရတာတွေကတော့…
• စိတ်မရှည်ခြင်း၊ ဒေါသကြီးခြင်း၊ ခဏခဏ ဂျီကျခြင်း၊ မိမိကိုယ်ကို ထိခိုက်ခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။
• အစားအစာရဲ့ အသွင်အပြင်ပေါ် အစွဲအလမ်းထားတာလည်း တွေ့ရပါတယ်။ ဥပမာ – အစားအနည်းနည်းပဲစားခြင်း၊ တချို့ အရောင်ပါတဲ့အစားများ မစားခြင်း
• လူနည်းစုမှာတော့ မှတ်ဉာဏ် အလွန်ကောင်းခြင်း၊ ဂဏန်းသင်္ချာပိုင်းမှာ ထူးချွန်ခြင်းတို့လို အရည်အချင်းတွေလည်း တွေ့ရတတ်ပါတယ်။

Autism ဖြစ်ကြောင်း ဘယ်လိုသိရှိနိုင်လဲ?

• ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေကနေ ကလေးကို လိုအပ်တဲ့စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်ရာကနေတစ်ဆင့် သိရှိနိုင်ပါတယ်။
• အသက် ၃နှစ်အောက်အရွယ်မှာကတည်းက အထက်မှာဖော်ပြပြီးခဲ့တဲ့ လက္ခဏာများတွေ့ရသည်ဖြစ်စေ၊ လူမှုဆက်ဆံရေးမှာ နှေးကွေးနောက်ကျနေတာမျိုးတွေကနေတ်ဆင့် သိရှိနိုင်ပါတယ်။
• အသက် ၆လ၊ ၉လ၊ ၁နှစ်၊ ၁၄လ၊ ၁၆လနဲ့ အသက် ၂နှစ်တို့မှာ ရှိသင့်သလောက် ဖွံ့ဖြိုးမှုရှိမရှိကိုလည်း စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။
• သွေးဖောက်စစ်တာနဲ့ ဓာတ်မှန်ရိုက်ခြင်းတို့နဲ့တော့ စစ်ဆေးလို့ မရနိုင်တာမို့လို့ အထက်ဖော်ပြပြီးအတိုင်း စောင့်ကြည့်စစ်ဆေးတာကိုပဲ အရေးအကြီးဆုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဘယ်လို ကုသလို့ရနိုင်လဲ?

• အရှင်းပျောက်ကင်းအောင်တော့ ကုသလို့ မရပါဘူး။ ပြုစုပျိုးထောင်ပေးတဲ့ မိသားစု အုပ်ထိန်းသူတို့ရဲ့ ဂရုစိုက်မှုက အရမ်းအရေးပါလှပါတယ်။
• အော်တဇင်ကလေးတွေက ကောင်းကောင်းစကားပြောဆိုဆက်ဆံနိုင်တာ မဟုတ်တဲ့အတွက် သူတို့ရဲ့ စွမ်းရည်တွေ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းနေတာတွေ့ရင် လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
• ပြောဆိုဆက်ဆံရာမှာ တိုးတက်လာဖို့အတွက် ပုံပြင်ဇာတ်လမ်းလေးတွေပြောပြီးဖြစ်စေ၊ ရုပ်ပြကာတွန်းလေးတွေနဲ့ဖြစ်စေ လေ့ကျင့်ပေးလို့ ရပါတယ်။
• ဒါ့အပြင် လိုအပ်ရင် physiotherapy တွေနဲ့ ဖြည့်စွက်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။
• မိသားစုဘက်ကနေလည်း ကလေးကို လိုအပ်တာတွေ ထောက်ပံ့တာ၊ သူ့ဝါသနာကို အားပေးတာမျိုးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။
• အိပ်ချိန်နာရီပြည့်အောင် သတ်မှတ်ပေးဖို့လည်း လိုပါတယ်။
• လိုအပ်တဲ့ဆေးဝါးများ သောက်သုံးဖို့ကိုတော့ ကျွမ်းကျငိပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အဓိကကတော့ အော်တဇင်ကလေးငယ်တွေကို ငယ်စဥ်ကတည်းက လိုအပ်တဲ့ support ကိုပေးရင်း နွေးနွေးထွေးထွေး ပြုစုပျိုးထောင်သွားဖို့က အရေးအကြီးဆုံးအချက်ပါပဲ။ ဘယ်လောက်ပဲ အပြောအဆို အပြုအမူ ခက်ခဲတဲ့ရောဂါဖြစ်ပါစေ မိသားစုရဲ့ စောင့်ရှောက်မှုကြောင့် သူရဲ့ဘဝတစ်သက်တာမှာ လောကကြီးနဲ့ အံဝင်ခွင်ကျ သာမာန်လူတစ်ယောက်လို နေထိုင်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 15

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.