ပန်းနာရင်ကျပ်ရောဂါ (Asthma)

????အဓိကအချက်များ

????ပန်းနာရင်ကျပ်ရောဂါသည် ကလေး၊လူကြီးမရွေး အဖြစ်များသည့် မကူးစက်တတ်သော ရောဂါဖြစ်ပြီး ကလေးများတွင် အဖြစ်များဆုံး နာတာရှည်ရောဂါဖြစ်သည်။

????အဆုတ်အတွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်းနှင့် ကျဉ်းမြောင်းလာခြင်းကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင် အသံမြည်ခြင်း၊ အသက်ရှုမဝခြင်းနှင့် ရင်ဘတ်တင်းကျပ်ခြင်းစသည့် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ဖြစ်စေသည်။

????ကမ္ဘာပေါ်၌ (၂၀၁၉) ခုနှစ်တွင် ခန့်မှန်းခြေ လူ (၂၆၂) သန်းသည် ပန်းနာရင်ကျပ်ရောဂါခံစားခဲ့ရပြီး (၄၅၅,၀၀၀) ဦး သေဆုံးခဲ့သည်။

????ရှူဆေးများသည် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပြီး ဝေဒနာရှင်များကို ပုံမှန်လူနေမှုဘဝ ပိုင်ဆိုင်နိုင်စေပါသည်။

????ရောဂါဖြစ်စေနိုင်သောအကြောင်းခြင်းရာများကို ရှောင်ကြဉ်ခြင်းသည်လည်း ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို လျှော့ချရန် ကူညီပေးနိုင်သည်။

????ပန်းနာရင်ကျပ်နှင့် ဆက်နွှယ်သော သေဆုံးမှု အများစုသည် ဝင်ငွေနည်းသောနိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေနည်းသော နိုင်ငံများတွင် ဖြစ်ပွားကြပြီး ရောဂါရှာဖွေမှု နည်းပါးခြင်းနှင့် လိုအပ်သောကုသမှု မရခြင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်သည်။

????ခြုံငုံသုံးသပ်ချက်နှင့် ရောဂါလက္ခဏာများ

ပန်းနာရင်ကျပ်ရောဂါသည် ကလေးများနှင့် လူကြီးများတွင် ဖြစ်ပွားသော နာတာရှည်ရောဂါဖြစ်သည်။ လေပြွန်ငယ်လေးများ၏ ကြွက်သားများ ရောင်ရမ်းခြင်းနှင့် တင်းကျပ်ခြင်းကြောင့် အဆုတ်အတွင်းရှိ လေပြွန်များ ကျဉ်းလာပါသည်။

၎င်းသည် ချောင်းဆိုးခြင်း၊ အသက်ရှူရာတွင်အသံမြည်ခြင်း၊ အသက်ရှုမဝခြင်းနှင့် ရင်ဘတ်တင်းခြင်းစသည့် ပန်းနာရောဂါလက္ခဏာများကို ဖြစ်စေသည်။ ဤလက္ခဏာများသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပြီး ညဘက် သို့မဟုတ် လေ့ကျင့်ခန်းလုပ်နေစဉ်တွင် ပိုဆိုးတတ်သည်။

ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ပိုဆိုးစေနိုင်သည့် အခြားအစပျိုးသည့်အကြောင်းများလည်း ရှိသည်။ အစပျိုးစေသော အကြောင်းအရာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုများ (အအေးမိခြင်း)၊ ဖုန်မှုန့်၊ မီးခိုးများ၊ အငွေ့များ၊ ရာသီဥတုပြောင်းလဲမှုများ၊ မြက်ပင်နှင့် သစ်ပင်ဝတ်မှုန်များ၊ တိရစ္ဆာန်အမွေးနှင့် ငှက်မွေးများ၊ အနံ့ပြင်းသော ဆပ်ပြာများနှင့် ရေမွှေးများကြောင့် ပန်းနာထနိုင်သည်။

????ထိခိုက်မှု

ပန်းနာရင်ကျပ်ရောဂါကို မကြာခဏ ရောဂါအမည်တပ် မရတတ်ခြင်းနှင့် လုံလောက်သော ကုသမှု မရရှိခြင်းမျိုးလည်း ကြုံတွေ့ရတတ်သည်။ အထူးသဖြင့် ဝင်ငွေနည်းသောနိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံများတွင် ကြုံတွေ့ရလေ့ရှိသည်။

လုံလောက်သော ကုသမှု မခံယူရသည့် ပန်းနာရင်ကျပ်ရောဂါရှိသူများသည် အိပ်ရေးပျက်ခြင်း၊ နေ့အချိန် ပင်ပန်းနွမ်းနယ်ခြင်းနှင့် အာရုံစူးစိုက်မှု အားနည်းခြင်းတို့ ခံစားရနိုင်သည်။ ပန်းနာရင်ကျပ်ဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုများသည် ကျောင်းနှင့်အလုပ်ထိခိုက်ခြင်း၊ ငွေကြေးဆိုင်ရာပြဿနာများ တွေ့ကြုံရပါသည်။

ရောဂါလက္ခဏာများ ပြင်းထန်ပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်ပြီး ဆေးရုံတွင် ကုသမှုနှင့် ကြပ်မတ်စောင့်ကြည့်မှု ခံယူရနိုင်သည်။ ပန်းနာရင်ကျပ်ရောဂါသည် အလွန်ဆိုးရွားပါက သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

????ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားစေနိုင်သော အကြောင်းရင်းများ

ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားစေနိုင်သော အကြောင်းရင်းများစွာရှိသော်လည်း မည်သို့သော တိုက်ရိုက်အကြောင်းရင်းတစ်ခုကြောင့် ရောဂါဖြစ်သည်ကို ရှာဖွေရန် ခက်ခဲတတ်သည်။ မိသားစုဝင်များ အထူးသဖြင့် မိဘနှင့် မွေးချင်းညီအစ်ကိုမောင်နှမများတွင် ပန်းနာရင်ကျပ်ရောဂါရှိလျှင် ရောဂါဖြစ်နိုင်ခြေ ပိုများသည်။ နှင်းခူရောဂါနှင့် ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းအတွင်းပိုင်းရောင်သည့် ရောဂါ (Hay fever) ကဲ့သို့ ဓာတ်မတည့်ခြင်းဖြစ်လေ့ရှိသူများတွင် ရောဂါဖြစ်နိုင်ခြေ ပိုများသည်။ မြို့ပြများတွင်အခြေချနေထိုင်ခြင်းကြောင့် လူနေမှုပုံစံပြောင်းလဲလာခြင်းသည် ပန်းနာရင်ကျပ်ဖြစ်ပွားမှု တိုးမြင့်လာခြင်းနှင့် ဆက်စပ်နေသည်။

ကလေးဘဝတွင်တွေ့ကြုံရသော အခြေအနေများသည် ဖွံ့ဖြိုးဆဲအဆုတ်ကို ထိခိုက်စေပြီး ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို မြင့်မားစေသည်။ ၎င်းတို့တွင် မွေးကင်းစကိုယ်အလေးချိန်နည်းခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း၊ ဆေးရွက်ကြီးမီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှုအပြင် အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်ကူးစက်မှုများလည်း ပါဝင်သည်။

အိမ်တွင်းနှင့် ပြင်ပ လေထုညစ်ညမ်းမှု၊ အိမ်တွင်းရှိ ဖုန်မှုန့်များ၊ မှိုများ၊ လုပ်ငန်းခွင်အတွင်း ဓာတုပစ္စည်းများ၊ မီးခိုးငွေ့ သို့မဟုတ် ဖုန်များ ထိတွေ့မှု အစရှိသော ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်မတည့်မှုနှင့် ယားယံစေသည့် အရာများစွာကို ထိတွေ့ခြင်းသည် ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါသည်။

အဝလွန်သော ကလေးများနှင့် လူကြီးများသည် ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ ပိုများသည်။

????ပန်းနာရင်ကျပ်ရောဂါ၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချခြင်း

ပန်းနာရင်ကျပ်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရှူဆေးများဖြင့် ရောဂါကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ပုံမှန် တက်ကြွသော ဘဝနေထိုင်မှုကို ရရှိစေနိုင်ပါသည်။

အဓိကရှူဆေးအမျိုးအစား နှစ်မျိုးရှိသည်-

????လေပြွန်များကိုဖွင့်ပြီး လက္ခဏာများကို သက်သာစေသော Bronchodilator ရှူဆေးများ (ဥပမာ Salbutamol) နှင့်

????လေပြွန်များတွင် ရောင်ရမ်းမှုကို လျှော့ချပေးသော Steroids ရှူဆေးများ (ဥပမာ Beclometasone)

၎င်းတို့သည် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို သက်သာစေပြီး ပြင်းထန်ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးနိုင်ခြေကို လျှော့ချပေးသည်။

ပန်းနာရင်ကျပ်ရောဂါရှိသူများသည် ၎င်းတို့၏ ရှူဆေးကို နေ့စဉ်အသုံးပြုရန် လိုအပ်နိုင်ပါသည်။ လက္ခဏာများဖြစ်ပေါ်သည့် အကြိမ်ရေနှင့် ရရှိနိုင်သော ရှူဆေးအမျိုးအစားများပေါ်တွင် မူတည်၍ ကုသမှုပေးရပါသည်။ အရေးပေါ်အခြေအနေများတွင် အထူးသဖြင့် ကလေးငယ်များကို ရှူဆေးဖြင့် ကုသရန် ခက်ခဲနိုင်သည်။

Spacer ကိရိယာကိုအသုံးပြုခြင်းသည် ရှူဆေးကို အသုံးပြုရ ပိုမိုလွယ်ကူစေပြီး အဆုတ်သို့ ဆေး ထိရောက်စွာ ရောက်ရှိစေရန် ကူညီပေးသည်။ Spacer ဆိုသည်မှာ အစွန်းတစ်ဖက်တွင် ပါးစပ်ထဲသို့ တိုက်ရိုက်ဝင်သော Mouthpiece သို့မဟုတ် ပါးစပ်နှင့် နှာခေါင်းအအုပ် (Mask) တစ်ခုပါရှိသော ပလပ်စတစ်ဘူးတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင် ရှူဆေးအတွက် အပေါက်တစ်ခုပါရှိသည်။ (၅၀၀) မီလီလီတာ ပလပ်စတစ်ပုလင်းဖြင့် ပြုလုပ်ထားသော အိမ်လုပ် Spacer သည် စီးပွားဖြစ်ထုတ်လုပ်ထားသော Spacer ကဲ့သို့ပင် ထိရောက်မှုရှိပါသည်။

ရှူဆေးများ (Bronchodilators, Steroid inhalers စသည်) ကို လက်လှမ်းမီ ရရှိနိုင်မှုသည် နိုင်ငံများစွာတွင် ပြဿနာတစ်ရပ်ဖြစ်သည်။

ပန်းနာရင်ကျပ်ရောဂါရှိသူများနှင့် မိသားစုဝင်များသည် ပန်းနာရင်ကျပ်ရောဂါအကြောင်း၊ ကုသမှု၊ ဖြစ်နိုင်ခြေများကို ရှောင်ရှားရန်နှင့် ရောဂါလက္ခဏာများကို အိမ်တွင် မည်သို့စီမံခန့်ခွဲရမည်ကို ပိုမိုနားလည်သိရှိရန် ပညာပေးမှုများ လိုအပ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါနှင့်ဆက်စပ်နေသော အယူအဆအမှားများနှင့် ယုံတမ်းများကို လျှော့ချရန် ရပ်ရွာလူထု၏ အသိပညာကို မြှင့်တင်ရန်လည်း အရေးကြီးပါသည်။

ဆေးလိပ်မီးခိုးငွေ့ထိတွေ့မှုကို လျှော့ချခြင်းသည် ပန်းနာရင်ကျပ်ရောဂါ၏ အဓိကကြိုတင်ကာကွယ်မှုနှင့် ရောဂါစီမံခန့်ခွဲမှုနှစ်ခုလုံးအတွက် အရေးကြီးပါသည်။

Source:

https://www.who.int/news-room/fact-sheets/detail/asthma

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.