ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ (Asthma)

ကလေးတွေ တဟွတ်ဟွတ်နဲ့ ချောင်းဆိုနေပြီ၊ ချွဲထနေပြီ၊ ရင်ကျပ်လာပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားမိလို့လား၊ အအေးမိတုပ်ကွေးများလား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာများလား၊ ဘာနဲ့များ ဓာတ်မတည့်လို့လဲ….စသဖြင့်ပေါ့နော်။

နောက်ထပ် ထည့်တွက်စရာ အခြေအနေတစ်ခုက ကလေးမှာ ပန်းနာရင်ကျပ်များ ဖြစ်နေမလားဆိုတာပါပဲ။

“ပန်းနာရင်ကျပ်” ဆိုတာ အဆုတ်ထဲက လေပြွန် (bronchus)တွေ ကျဉ်းသွားတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရင်ဘတ်ကျပ်သွားတယ်…ရင်ကျပ်တယ်လို့ ခေါ်ကြတာဖြစ်နိုင်ပါတယ်။ ရင်ကျပ်ချိန်မှာ လေပြွန်နံရံက ကြွက်သားတွေကစလို့ ကျုံ့သွား၊ ကျဉ်းသွားပြီး ချွဲတွေလည်း ထွက်လာတာကြောင့် အဆုတ်မှာ လေအဝင်အထွက်ခက်သွားတတ်ပါတယ်။

အသက် (၂) နှစ်မှ (၈) နှစ်ကြား ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ အဖြစ်များပါတယ်။ ကလေး (၅) ယောက်မှာ တစ်ယောက်က ချွဲကျပ်ရင်ကျပ်တတ်ပြီး ရင်ကျပ်တဲ့ကလေးများထဲမှ တစ်ဝက်လောက်ဟာ အပျော့စား ပန်းနာရင်ကျပ်ဝေဒနာကို ခံစားရတတ်ပါတယ်။ အများစုက အရွယ်ရောက်ချိန်မှာ ပျောက်သွားတတ်ပေမယ့် အချို့လည်း အသက်ကြီးလာတဲ့အခါ ထပ်ဖြစ်ကြပါတယ်။

ပန်းနာရင်ကျပ်ရှိတဲ့ကလေးတွေမှာ ပန်းနာရင်ကျပ် ပြန်ထစေတာတွေကတော့…

• ရာသီဥတု၊အပူချိန် အပြောင်းအလဲဖြစ်တာ
• ဖုန်မှုန့်၊ ဓာတ်ငွေ့များ ရှူမိတာ
• ပန်းဝတ်မှုန် နဲ့မတည့်တာ
• အစားအစာ (ဥပမာ- မြေပဲ)နဲ့ ဓာတ်မတည့်တာ
• တိရစ္ဆာန်အမွှေးတွေနဲ့ ဓာတ်မတည့်တာ
• ဆေးလိပ်ငွေ့တွေ ရှူမိတာ
• ဆေးဝါးများနဲ့ဓာတ်မတည့်တာ (ဥပမာ- aspirin) တွေပဲ ဖြစ်ပါတယ်။

တစ်ခါရင်ကျပ်ပြီဆိုရင် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။ ကလေးအများစုက ပုံမှန်ရင်ကျပ်ကြပေမယ့် အချို့ကလေးတွေမှာ နားကြပ်နဲ့စမ်းသပ်နားထောင်ကြည့်ရင် တရွှီးရွှီးကြားရတတ်ပါတယ်။

ကိုယ့်ကလေးမှာ ပန်းနာရင်ကျပ်ရှိနေမှန်း ဘယ်လိုသိနိုင်မလဲ?

အေးတဲ့ရာသီတွေမှာ ချောင်းဆိုးတာ၊ အနံ့ပြင်းပြင်း ဖုန်မှုန့်တွေ ရှူပြီးတိုင်း ချောင်းဆိုးနေတာ ၊ အသက်ရှူမြန်တာ၊ အသက်ရှူရခက်တာ၊ ချောင်းဆိုးရင် တရွှီးရွှီးတဝီဝီ ချွဲသံကြားရတာမျိုး အဆက်မပြတ်ဖြစ်နေရင် ပန်းနာရင်ကျပ်ဖြစ်မဖြစ် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အထူးသဖြင့် ညပိုင်းမှာ ချောင်းပိုဆိုးတာ၊ မနက်အ‌စောပိုင်းတရေးနိုးမှာ ချောင်းထထဆိုးတာ၊ တော်ရုံနဲ့ ချောင်းဆိုးမပျောက်တော့တာဆို သတိထားဖို့လိုပါပြီ။

ပန်းနာရင်ကျပ် ကို ကလေးတွေမှာ ဘယ်လိုကုသနိုင်လဲ?

• ရင်ကျပ်ချိန်မှာ အမြန်ဆုံးသက်သာစေတဲ့ ဂေါက်တံရှူဆေး Reliever
• ရင်မကျပ်အောင် ကာကွယ်ပေးတဲ့ ဂေါက်တံရှူဆေး Preventer
• Preventer ကိုမှ ရောင်ရမ်းမှုကိုလျှော့ကျစေတဲ့ anti-inflammatory agents နဲ့တွဲပေးတာမျိုး လုပ်နိုင်ပါတယ်။

ဂေါက်တံလေးနဲ့ နည်းလမ်းမှန်အောင်ဘယ်လိုရှူခိုင်းကြမလဲ?

– ဆေးဘူးကို ဂေါက်တံထဲ ထည့်လိုက်ပါ
– ဂေါက်တံမှာပါတဲ့အဖုံး ဖွင့်လိုက်ပါ
– ဂေါက်တံကို ဆေးအနည်မထိုင်အောင် ၂စက္ကန့်လောက် ခါလိုက်ပါ
– ဂေါက်တံကိုထောင်ပြီး ပါးစပ်နေရာကိုငုံလိုက်ပါ
– အသက်ဖြည်းဖြည်း ရှူထုတ်လိိုက်ပါ
– ခေါင်းကိုအနောက်ဖက်အနည်းငယ် မော့လိုက်ပါ
– အသက်ကိုပါးစပ်နဲ့ဖြည်းဖြည်းရှူသွင်းပြီး ရှူနေဆဲတစ်ဝက်လောက်မှာ ဆေးကိုဖိချလိုက်ပါ
– ဆက်ပြီး (၃)စက္ကန့်လောက် ပါးစပ်နဲ့အဆုံးထိအသက်ရှူသွင်းလိုက်ပါ
– ဂေါက်တံကိုပါးစပ်မှခွာပြီး (၁၀)စက္ကန့်လောက်အသက်ရှူအောင့်ထားပါ
– ပြီးမှဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ
– နောက်တစ်မိနစ်လောက်နေမှ လိုအပ်သလိုဂေါက်တံပြန်ရှူပါ ။

*** အသက် (၁၀)နှစ်အောက်ကလေးတွေမှာတော့ ဂေါက်တံနဲ့ရှူလို့ အဆင်မပြေနိုင်ဖြစ်တဲ့အတွက် Spacerတပ်ပြီးမှ ရှူရပါမယ် ***

❗မကြပ်အောင်ကာကွယ်တဲ့ Preventer ဆေးရှူပြီးတိုင်း ပါးစပ်ကိုရေနဲ့သေချာပလုတ်ကျင်းပေးပါ

( ဆေးကကိုယ်ခံအားကျစေကာ ပါးစပ်မှာမှက်ခရုဖြစ်စေနိုင်လို့ပါ)

အကယ်၍ ကိုယ့်ကလေးက တစ်လကို တစ်ခါထက်မနည်း ခဏခဏရင်ကျပ်နေမယ်ဆိုရင်တော့ ရေရှည်ကုသမှုအတွက် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

‼️ကလေးက ရုတ်တရက် ပြင်းပြင်းထန်ထန် ရင်ကျပ်တာမျိုးဖြစ်ခဲ့ရင်

– ကလေးကို ငြိမ်ငြိမ်‌လေး ထိုင်ခိုင်းထားပါ
– reliever ဆေးကို အပေါ်မှာပြောထားတဲ့အတိုင်း လေးမိနစ်ခြားတစ်ခါ၊ တစ်ခါရှူရင် 4~6 puff(ရှူထုတ်လေးကြိမ်) ရှူခိုင်းပါ ။ ၁၅မိနစ်…မိနစ်၂၀လောက်နေလို့မှ မသက်သာရင် နောက်ထပ် 4~6puff ရှူခိုင်းပြီး ဆေးရုံကို ချက်ချင်းသွားပြရပါမယ်။

ကလေးက အသက်ရှူရခက်ပြီး စကားမပြောနိုင်တဲ့အထိ ဖြစ်လာမယ်၊ ပြာတက်လာမယ်၊ ရင်ဘတ်နိမ့်ချည်မြင့်ချည်ဖြစ်နေမယ်‌ဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံးပြေးပြပြီး Asthma Attack ဖြစ်ကြောင်း သေချာပြောပြပေးဖို့လိုပါမယ်။

အရေးကြီးဆုံးကတော့ ကလေးကိုရင်ကျပ်စေတဲ့ အရာတွေကနေ ဝေးဝေးနေစေဖို့ပါပဲ။ အထူးသဖြင့် အိမ်မှာ ဆေးလိပ်သောက်တတ်သူရှိရင် လုံးဝမသောက်ခိုင်းတာ၊ ဆေးလိပ်ငွေ့ရရင် ကလေးကို ဝေးဝေးခေါ်သွားတာမျိုး မဖြစ်မနေ လုပ်သင့်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ ၊ မွှေပွရုပ်တွေနဲ့လည်း နီးနီးကပ်ကပ် မထိတွေ့စေဖို့ အရေးကြီးပါတယ်။

ကလေးများအားလုံး ရောဂါကင်းစင်ပြီး အနာဂတ်များလှပနိုင်ကြပါစေ ❤️❤️

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.12

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.