ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်ကြောင့်ဖြစ်သော အဆုတ်ရောဂါ Asbestosis (December,2023)

0
281

ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်ကြောင့်ဖြစ်သော အဆုတ်ရောဂါ (Asbestosis)

Asbestosis ဆိုတာ ကျောက်ဂွမ်းမျှင် (asbestos fibers) တွေက အဆုတ်မှာ အမာရွတ်တွေ ဖြစ်စေရာကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမာရွတ်တွေဟာ အသက်ရှုခြင်းကို အကန့်အသတ်ဖြစ်စေပြီး သွေးကြောတွေထဲကို အောက်ဆီဂျင်ဝင်ရောက်မှုကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒီအဆုတ်ရောဂါကို pulmonary fibrosis နဲ့ interstitial pneumonitis လို့လည်း ခေါ်ပါတယ်။

ဒီ asbestosis လို့ခေါ်တဲ့ အဆုတ်ရောဂါဟာ ၁၉၇၀ ခုနှစ်အလယ်ပိုင်း ဖက်ဒရယ်ဥပဒေတွေ မပြဋ္ဌာန်းရသေးခင်လောက်မှာ လုပ်ငန်းခွင်အတွင်း ကျောက်ဂွမ်း (asbestos) တွေနဲ့ ထိတွေ့ရာကနေ အစပြုပါတယ်။ ဒီရောဂါဟာ ကြီးထွားဖို့ နှစ်နဲ့ချီကြာပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်လောက်မှာ asbestosis ကြောင့် သေဆုံးနှုန်း ၂၀၀,၀၀၀ ထက် ကျော်လွန်နိုင်တယ်လို့ ဆိုထားပါတယ်။

▪️Asbestosis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

အများအားဖြင့် ကျောက်ဂွမ်း/မီးခံကျောက်နဲ့ ထိတွေ့ပြီးနောက် ခန့်မှန်းခြေ အနှစ် ၂၀ (၁၀ – ၄၀ နှစ်) လောက်အထိ ရောဂါလက္ခဏာတွေ မပေါ်တတ်ပါဘူး။

လက္ခဏာတွေ စတင်ပေါ်ပေါက်လာချိန်မှာ အဖြစ်များတာတွေကတော့…

– အသက်ရှူကျပ်ခြင်း

– ရင်ဘတ်တင်းကျပ်ခြင်း

– ရက်ရှည် ချောင်းခြောက်ဆိုးခြင်း

– ရင်ဘတ်အောင့်ခြင်း

– အစာစားချင်စိတ် ပျောက်ဆုံးခြင်း

– လက်ချောင်းထိပ်များ ကြီးလာခြင်း (finger clubbing)

– လက်သည်းများ ပုံပျက်လာခြင်းတို့ ဖြစ်ပါတယ်။

▪️Asbestosis ကို ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ဖြစ်နိုင်ခြေကို မြင့်စေတဲ့အချက်တွေက ဘာတွေလဲ

ကျောက်ဂွမ်းအမျှင်တွေကို ရှူမိလိုက်တဲ့အခါ ဒီအမျှင်လေးတွေဟာ အဆုတ်မှာ တွယ်ကပ်သွားပြီး အမာရွတ်တစ်သျှူးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာခြင်းကို asbestosis လို့ ခေါ်ပါတယ်။ ဒီလိုအမာရွတ်ဖြစ်ခြင်းက အဆုတ်တစ်သျှူးတွေ ပုံမှန်အတိုင်း ဖောင်းခြင်း၊ ပိန်ခြင်း လုပ်နေတာကို တားဆီးလိုက်တာကြောင့် အသက်ရှုရခက်စေပါတယ်။

ကျောက်ဂွမ်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရရင် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများနိုင်ပြီး၊ ကျောက်ဂွမ်းကို ဆောက်လုပ်ရေးနဲ့ မီးခံလုပ်ငန်းအများစုမှာ တွေ့ရှိရပါတယ်။ အချို့စက်ရုံလုပ်ငန်းတွေမှာ လက်ရှိအချိန်အထိ ကျောက်ဂွမ်း/မီးခံကျောက်ကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။

အကယ်၍ ဆေးလိပ်သောက်တယ်ဆိုရင် asbestosis နဲ့ အခြားဆက်စပ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

▪️Asbestosis ရောဂါကို ဘယ်လိုစမ်းသပ်အတည်ပြုနိုင်လဲ

ဆရာဝန်က Asbestosis ရှိ/မရှိ လက္ခဏာတွေကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါမယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး ထင်ရှားတဲ့လက္ခဏာဖြစ်တဲ့ honeycomb appearance ကို ကြည့်နိုင်ပါတယ်။

အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ရှူသွင်း၊ ရှူထုတ်လုပ်နိုင်တဲ့ လေပမာဏကို တိုင်းတာနိုင်သလို၊ အဆုတ်ကနေ သွေးကြောတွေထဲကို အောက်ဆီဂျင်ပမာဏ ဘယ်လောက်ပို့ဆောင်နိုင်လဲ ဆိုတာကိုလည်း စမ်းသပ်နိုင်ပါတယ်။ အဆုတ်ရဲ့အခြေအနေကို အသေးစိတ်သိရဖို့ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်နိုင်ပါတယ်။ ဒါ့အပြင် အဆုတ်တစ်သျှူးတွေထဲက ကျောက်ဂွမ်းအမျှင်တွေကို ရှာဖွေဖို့ အသားစယူ စစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

▪️Asbestosis ရောဂါကို ဘယ်လိုကုသနိုင်လဲ

Asbestosis ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက်တော့ ကုသမှုအချို့ ရှိပါတယ်။

ရှူဆေးအချို့က အဆုတ်အတွင်း ပိတ်ဆို့နေခြင်းကို ပြေလျော့စေနိုင်သလို၊ အောက်ဆီဂျင်ရှူခြင်းကလည်း သွေးထဲရှိ အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်ပါတယ်။ ကုသမှုတွေဟာ ရောဂါပိုမဆိုးလာအောင် ကာကွယ်ဖို့သာ ဖြစ်ပါတယ်။ ကျောက်ဂွမ်းနဲ့ နောက်ထပ်ထိတွေ့မှုကို ရှောင်ကြဉ်ပြီး ဆေးလိပ်လည်း ဖြတ်ရပါမယ်။ ရောဂါအခြေအနေ ပြင်းထန်ရင်တော့ အဆုတ်အစားထိုးကုသမှု လုပ်နိုင်ပါတယ်။

▪️Asbestosis ရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ

ကျောက်ဂွမ်းနဲ့ ထိတွေ့ခြင်းဟာ ပြင်းထန်တဲ့ အဆုတ်ကင်ဆာတစ်မျိုးဖြစ်တဲ့ malignant mesothelioma ကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်တစ်ဝိုက်မှာ အရည်တွေစုပုံနေတာမျိုး (pleural effusion) လည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တယ်ဆိုရင် အခြားသောအဆုတ်ကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။

ရောဂါရဲ့ပြင်းထန်မှုဟာ ကျောက်ဂွမ်းနဲ့ ထိတွေ့မှုဘယ်လောက်ကြာလဲအပေါ် မူတည်နေပြီး၊ ကျောက်ဂွမ်းနဲ့ ထိတွေ့မှု မရှိတော့တဲ့အခါ ရောဂါဆိုးရွားမှုနှုန်းလည်း နှေးသွားပါတယ်။ ရောဂါရှိပေမယ့်လည်း နောက်ဆက်တွဲပြဿနာ မဖြစ်သူတွေဟာ ဆယ်စုနှစ်များစွာ အသက်ရှင်နိုင်ပါတယ်။

Reference: ????

https:// www. healthline. com /health/asbestosis#treatment

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here