“ ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)”

Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။

ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်ပွားရင်တော့ ပြင်းထန်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်ပါတယ်။

Angioedema ဟာ ဓာတ်မတည့်ခြင်းကြောင့် မကြာခဏဖြစ်တတ်သလို ဓာတ်မတည့်သော ဆေးဝါးတုံ့ပြန်မှု၊ ရောဂါပိုးဝင်မှု၊ ကင်ဆာ၊ မျိုးရိုးဗီဇနဲ့ စိတ်ဖိစီးမှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကုသမှုဟာ ဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး antihistamines ၊ steroids နှင့် ဓာတ်မတည့်မှုကို ရှောင်ရှားခြင်းတို့နဲ့လည်း ကုသနိုင်ပါတယ်။

????Angioedema ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေဖြစ်နိုင်သလဲ

Angioedema ဟာ အင်ပျဉ်ထတာမျိုးနဲ့ တူညီပေမယ့် အချို့လက္ခဏာတွေကတော့ ကွဲပြားပါတယ်။

အင်ပျဉ်ထတဲ့အခါ အရေပြားရဲ့ အတွင်းထဲအထိ epidermis နဲ့ dermis အလွှာတွေပါတတ်ပြီး အဖုအပိန့်တွေ ထွက်လာတတ်ပါတယ်။ Angioedema မှာတော့ ဖောရောင်လာခြင်းဟာ မိနစ်ပိုင်းအတွင်း (သို့မဟုတ်) နာရီပိုင်းအတွင်း ဖြစ်လာနိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အရေပြားရောင်ရမ်းတဲ့နေရာမှာ ယားယံခြင်း၊ ပူလောင်ခြင်းနဲ့ ထုံကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဖောရောင်ခြင်းဟာ နာရီအတော်ကြာ (သို့) ရက်အတန်ကြာ ကြာနိုင်ပါတယ်။ ဖောရောင်တာ သက်သာသွားတဲ့အခါ အရေပြားဟာ အမာရွတ်၊ အရေပြားကွာတာ၊ ဒဏ်ရာကျန်ခဲ့တာတွေမရှိဘဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ အချို့ Angioedema တွေမှာတော့ ရောဂါလက္ခဏာတွေဟာ ပိုဆိုးနိုင်ပြီး မျက်နှာ၊ ခြေလက်နဲ့ ခန္ဓာကိုယ်အနှံ့ ဖောရောင်တာတွေ ဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါလက္ခဏာတွေကတော့…

• အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တဲ့ Angioedema ဟာ ပြင်းထန်တတ်ပြီး အော့အန်တာ၊ ဗိုက်နာတာနဲ့ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်နိုင်ပါတယ်။

• အဆုတ်မှာဖြစ်တဲ့အခါ အသက်ရှူကျပ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့တာတွေ ဖြစ်နိုင်ပါတယ်။

• အသံအိုးမှာဖြစ်တဲ့အခါမျိုးမှာ အသက်ရှုမဝခြင်းနဲ့ အသက်သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

????Angioedema ဘာကြောင့်ဖြစ်ရသလဲ

Angioedema ဟာ ခုခံအားစနစ်ရဲ့ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာပြီး histamine နဲ့ bradykinins ကဲ့သို့သော ဓာတုပစ္စည်းတွေကို သွေးကြောထဲသို့ ထုတ်ပေးရာကနေ ဖြစ်ပါတယ်။

ခုခံအားကာကွယ်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ histamine ဟာ သွေးကြောတွေကို ကျယ်စေပြီး ခုခံအားဆဲလ်တွေကို ဒဏ်ရာရနေတဲ့နေရာနဲ့ ပိုနီးကပ်စေပါတယ်။ Bradykinins ကတော့ သွေးကြောတွေကို ကျယ်စေတဲ့အပြင် သွေးပေါင်ချိန်နဲ့ အသက်ရှုခြင်းကဲ့သို့သော ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ထိန်းညှိပေးပါတယ်။ ဒီဓာတုပစ္စည်းတွေ ပုံမှန်မဟုတ်ဘဲထွက်လာတဲ့အခါ ရောင်ရမ်းခြင်း (Angioedema) ကို ဖြစ်စေပါတယ်။

.

Hereditary Angioedema — မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ပြီး မိဘဆီကတစ်ဆင့် ပုံမှန်မဟုတ်သော gene ကို ဆက်ခံခြင်းကြောင့် autosomal dominant disorder ဖြစ်ရပါတယ်။

ဒီလို မျိုးဗီဇပြောင်းလဲမှုတွေဟာ bradykinins ထုတ်လုပ်မှုကိုများစေပြီး အရေပြား၊ အဆုတ်၊ နှလုံး၊ အစာအိမ်နဲ့ အူလမ်းကြောင်းအပါအဝင် ကိုယ်တွင်းအင်္ဂါစနစ်အားလုံးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှု (သို့မဟုတ်) ဒဏ်ရာရရာကနေ စဖြစ်နိုင်ပြီး အများစုကတော့ အကြောင်းအရင်းမသိရပါဘူး။

ဒီလိုဖောရောင်တာဟာ ပြန်ဖြစ်တတ်ပြီး နှစ်ရက်ကနေ ငါးရက်အထိ ကြာနိုင်ပါတယ်။ ACE inhibitors နဲ့ estrogen-based သန္ဓေတားဆေးတွေဟာ bradykinin ထုတ်လုပ်မှုပမာဏကို သက်ရောက်မှုရှိနိုင်ပြီး တိုက်ခိုက်မှုတွေရဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကို တိုးမြင့်စေနိုင်ပါတယ်။

ဒီမျိုးရိုးလိုက်တဲ့ Hereditary Angioedema ဟာ အဖြစ်နည်းပြီး လူအယောက် (၅၀,၀၀၀) မှာ တစ်ဦးသာ ဖြစ်ပွားလေ့ရှိပါတယ်။ Antihistamine နဲ့ steroid ဆေးတွေသောက်ရုံနဲ့ လက္ခဏာတွေ မပျောက်ဘူးဆိုရင်တော့ Hereditary Angioedema ဖြစ်နိုင်ခြေများပါတယ်။

????Angioedema ကို ဘယ်လိုစစ်ဆေးကုသနိုင်သလဲ

Angioedema ရဲ့ရောဂါလက္ခဏာတွေနဲ့ လူနာရဲ့ရောဂါရာဇဝင်အပေါ် အခြေခံပြီး ရောဂါကိုစစ်ဆေးနိုင်ပါတယ်။ ဓာတ်မတည့်မှုလို့ သံသယရှိပါက ဓာတ်မတည့်မှုဖြစ်စေသောအကြောင်းရင်း (allergen) ကို သိရှိနိုင်ဖို့ ဓာတ်မတည့်မှု စမ်းသပ်မှုခံယူနိုင်ပါတယ်။

အရေပြားဖောက်စမ်းသပ်စစ်ဆေးခြင်း (skin pitch test) ၊ ဓာတ်မတည့်တဲ့ allergen ပါတဲ့ ကပ်ခွာဖြင့်စမ်းသပ်ခြင်း (patch test) နဲ့ အခြားသော သွေးစစ်ဆေးမှုတွေ လုပ်နိုင်ပါတယ်။

သွေးထဲမှာရှိတဲ့ bradykinins ကို ထိန်းညှိပေးတဲ့ C1 esterase inhibitor ဆိုတဲ့ ပရိုတင်း level ကိုလည်း စစ်ဆေးနိုင်ပါတယ်။ Hereditary Angioedema ရှိသူတွေဟာ ဒီပရိုတင်းဓာတ်ကို ထုတ်လုပ်နိုင်စွမ်းနည်းတာကြောင့် C1 esterase inhibitor level နည်းနေနိုင်ပါတယ်။

????Angioedema ကို ဘယ်လိုကုသကြမလဲ

နောက်ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဓာတ်မတည့်တာမျိုးတွေကို ရှောင်သင့်ပါတယ်။ သွေးထဲရှိ histamine နဲ့ bradykinins ပမာဏကို လျှော့ချခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

• Antihistamine ဆေးတွေဟာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ Angioedema ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

• တစ်ခါတစ်ရံ Prednisolone ကဲ့သို့သော corticosteroid ဆေးတွေကိုလည်း ဆရာဝန်တွေက ညွှန်ကြားလေ့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးများတာကြောင့် ရေတိုသက်သာရန်အတွက်သာ သုံးသင့်ပါတယ်။

• Hereditary Angioedema ကိုတော့ bradykinins ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ enzyme တွေကို တားပေးတဲ့ဆေးတွေ၊ ဆဲလ်များရှိ receptors များသို့ bradykinins ပေါင်းစပ်မှုကို တားဆီးပေးတဲ့ဆေးတွေနဲ့ ကုသလေ့ ရှိပါတယ်။ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ဟာ ဒီဆေးတွေရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။

• ဒါ့အပြင် Hereditary Angioedema ရှိသူတွေဟာ androgen တချို့ကို သောက်ခြင်းဖြင့်လည်း သွေးထဲမှာ လည်ပတ်နေတဲ့ bradykinins ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ရေရှည်အသုံးပြုတဲ့အခါ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းနဲ့ အမျိုးသားတွေမှာ ရင်သားကြီးထွားခြင်း (gynecomastia) တို့ကို ဖြစ်စေနိုင်ပါတယ်။

• အသံအိုးမှာဖြစ်တဲ့ Angioedema တွေကိုတော့ epinephrine (adrenaline) အရေးပေါ်ထိုးဆေးဖြင့် ကုသသင့်ပါတယ်။ ပြင်းထန်သော ဓာတ်မတည့်မှုရှိတဲ့သူတွေဟာ epinephrine ထိုးဆေးတွေကို ကြိုတင်ဆောင်ထားသင့်ပါတယ်။

Reference: https:// www. verywellhealth. com /angioedema-overview-83233

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here