မုန့်ချိုအိတ်ရောင်ခြင်း ( Acute and Chronic Pancreatitis )

❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ

• အသက် ၄၀ကျော်ပြီး ကိုယ်ခန္ဓာ၀ဖြိုးကာ သည်း‌ခြေအိတ်မှာကျောက်ရှိတဲ့ အမျိုးသမီးတွေနဲ့

• အရက်ကို စွဲစွဲမြဲမြဲသောက်လေ့ရှိတဲ့ အသက်ငယ်ငယ်အမျိုးသားတွေမှာ အဖြစ်များပါတယ်။

❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်နိုင်ပါသလဲ

– အဆီစားတာများရင်

– အရက်ကိုခါတိုင်းထက် ပိုပြီး အလွန်အကျွံသောက်မိရင် မုန့်ချိုအိတ်ရောင်နိုင်ခြေ ပိုများပါတယ်။

❓မုန့်ချိုအိတ်ရောင်ခြင်းကြောင့်ဘာတွေခံစားရတတ်သလဲ

• ကျောအောင့်တာ၊ ခါးနာတာ၊ ရင်ညွန့်/ချက်အပေါ်နား နာတာတွေ ခံစားရတတ်ပါတယ်။

• ဆိုးဝါးတဲ့အခြေအနေမျိုးမှာဆိုရင် သွေးလန့် တာမျိုး (shock) ပါဖြစ်နိုင်ပါတယ်။

❓မုန့်ချိုအိတ်ရောင်ခြင်းက အရေးကြီးတဲ့ရောဂါတစ်ခုလား

– မုန့်ချိုအိတ်ရောင်ခြင်းကို ခံစားရတဲ့ ၈၀% လောက်က ထိုးဆေး/သောက်ဆေးတွေနဲ့ သက်သာနိုင်ပြီး ၂၀% လောက်ကတော့ အသက်အန္တရာယ်ရှိတတ်ပါတယ်။

❓မုန့်ချိုအိတ်ရောင်ခြင်းကို ဘယ်လိုကုရမလဲ?

မုန့်ချိုအိတ်ရောင်ရင် ဆရာ၀န်နဲ့သေချာ ကုရပါမယ်။

ကုသမှု ခံယူလို့ သက်သာသွားခဲ့ရင် လည်း နောင်ထပ်မဖြစ်ဖို့ အောက်မှာ ဖော်ပြထားတဲ့ အရာတွေကို ပြုလုပ်ရပါမယ်။
( နောက်တစ်ကြိမ် ပြန်ဖြစ်ခဲ့ရင် ပိုဆိုးရွားနိုင်လို့ပါ )

(၁) အရက်သောက်ခြင်းကို ရှောင်ရပါမယ်။

(၂) သည်းခြေအိတ်နဲ့ကျောက်ကို ခွဲထုတ်ဖို့လိုပါမယ်။

❓မုန့်ချိုအိတ်ရောင်ခြင်းကို သေချာမကုရင် ဘာဖြစ်နိုင်လဲ?

သေချာမကုရင် ခဏခဏ ပြန်ဖြစ်ပြီး ပြင်းထန်တဲ့အဆင့်ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် နာတာရှည်မုန့်ချိုအိတ်ရောင်တဲ့အဆင့်ကိုလည်း ကူးသွားနိုင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်:
#######################

❓နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ

(၁) အရက်အလွန်အကျွံ သောက်သုံးသူတွေ

(၂) ဆေးလိပ်အလွန်အကျွံ သောက်သူတွေ

(၃) မုန့်ချိုအိတ်မှာ ကျောက်တည်သူတွေ

(၄) မွေးရာပါအကြောင်းရင်း အချို့ကြောင့် မုန့်ချိုအိတ်ရောင်‌သူတွေ အစရှိသူတွေမှာ အဖြစ်များပါတယ်။

❓နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ဘာတွေခံစားရတတ်သလဲ

• ကျောအောင့်တာ၊ ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။

• တစ်ခါတရံ အကိုက်အခဲ ပျောက်ဆေးတွေနဲ့လည်း မသက်သာနိုင်ပါဘူး။

• တချို့လူနာတွေမှာ အဆီ၀မ်းတွေသွားတာ၊ ၀မ်းပျက်၀မ်းလျှော ခဏခဏဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

• တချို့လူနာတွေမှာတော့ ဆီးချိုပါဖြစ်တတ်ပါတယ်။

❓နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေခံစားရရင် ဘာဆက်လုပ်ရမလဲ

ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး…

– ပိုမဆိုးအောင် ရှောင်လို့ရသော အရာတွေကိုရှောင်ရပါမယ်။ (ဆေးလိပ်၊အရက် စသည်)။

– မုန့်ချိုအိတ်ကိုယ်စား အစာချေတဲ့ အင်ဇိုင်းပါတဲ့ဆေးတွေ စွဲသောက်ဖို့ လိုပါမယ်။

– ဆီးချိုရှိရင် ဆီးချိုကို သေချာထိန်းရပါမယ်။

– မုန့်ချိုအိတ်လမ်းကြောင်းမှာ ကျောက်ပိတ်လို့ တင်းပြီးနာတာဆိုရင် ခွဲစိတ်ကုသဖို့လိုပါမယ်။

– မခံနိုင်လောက်အောင်၊ ဆေးမတိုးလောက်အောင် နာလာတာမျိုးခံစားရတဲ့အခါ အနာ သက်သာအောင် အာရုံကြောကို ဆေးထိုး ဖျက်စီးဖို့ လိုကောင်းလိုနိုင်ပါတယ်။

– နောင်တစ်စ်ချိန် ကင်ဆာအဖြစ်ပြောင်းနိုင်တာမို့ ဆရာ၀န်နဲ့ သေချာပုံမှန်ပြသစစ်ဆေးနေဖို့ လိုပါမယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦး
တယ်လီကျန်းမာ

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.