“ကျွန်တော် အစာစားရင် အစာမာဆို မျိုရခက်တယ်… ရေနဲ့ မျှောချရတယ်။ ညဘက်လှဲအိပ်ရင်လည်း အစာတွေက ပါးစပ်ထဲ နှာခေါင်းထဲကနေ ပြန်ထွက်တယ်”
ဒီလိုဝေဒနာမျိုး ကြားဖူးကြပါလား။
ဒီရောဂါဟာ လူတစ်သိန်းမှာ တစ်ယောက်လောက်သာ ဖြစ်တတ်တာမို့ သိပ်တော့ကြုံဖူးကြမယ်မထင်ပေမယ့် ဗဟုသုတအဖြစ် ဖတ်ကြည့်ပါဦးနော်။
…
…
Achalasia Cardia (အကလေးစီးယား ကာဒီယာ) လို့ခေါ်တဲ့ ဒီရောဂါကို မြန်မာလိုဘာသာပြန်ထားတာ မရှိသေးပါဘူး။ ဒီနိုင်ငံမှာလည်း တွေ့ရတာရှားပေမယ့် ရောဂါရှိနေသူတွေတော့ ရှိပါတယ်။
ဒီရောဂါရှိနေတဲ့ ရောဂါရှင်တွေအနေနဲ့ ကိုယ့်ရောဂါရဲ့အခေါ်အဝေါ်ကို ပြန်ပြောပြတတ်အောင် မှတ်ထားဖို့ (သို့) ရေးမှတ်ထားဖို့ဟာလည်း အရေးကြီးပါတယ်။
…
…
ကျွန်မတို့ ပုံမှန်လူတွေမှာ အစာစားလိုက်ရင် အစာတွေက ပါးစပ်ကနေ အစာရေမျိုပြွန်… ပြီးရင် အစာအိမ်ထဲကို တဖြည်းဖြည်းကျသွားပြီး အစာအိမ်ထဲမှာ အစာချက်ခြင်းလုပ်ငန်းစဉ်ကို စလုပ်ရမှာပါ။
Achalasia ရောဂါရှင်တွေမှာတော့ စားလိုက်တဲ့ အစာတွေဟာ အစာရေမျိုပြွန်ကနေ အစာအိမ်ဆီကို မကျနိုင်ဘဲ အစာရေမျိုပြွန်ထဲမှာပဲ ပိတ်မိနေပါတယ်။
ဘာကြောင့်ဖြစ်ရလဲဆိုရင် အစာရေမျိုအတွင်း အထူးသဖြင့် အဆုံးပိုင်း (Lower esophageal sphincter) မှာရှိတဲ့ ကြွက်သားနဲ့ အာရုံကြောတွေဟာ ကောင်းစွာ အလုပ်မလုပ်ဘဲ တောင့်တင်းနေလို့ပါ။
ဒီရောဂါ ဘာလို့ဖြစ်ရတယ် သေချာမသိရပေမယ့် ကင်ဆာရောဂါတော့ မဟုတ်ပါဘူး။
…
…
“ လက္ခဏာများ”
လက္ခဏာတွေက ဖြည်းဖြည်းချင်းပဲ ဖြစ်ပါတယ်။
- အစာတွေကို အစာရေမျိုကြွက်သားတွေက ရှေ့ကိုကောင်းစွာပို့မပေးနိုင်တဲ့အတွက် အစာစားရင် နင်သလို၊ တစ်သလို ခံစားရပါတယ်။ (Dysphagia)
- ကြာလာရင် အစာတွေက အစာအိမ်ထဲကို မဆင်းဘဲ အစာရေမျိုပြွန်ထဲမှာပဲ ပုံလာပြီး လှဲအိပ်လိုက်ရင် ပြန်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ထိုင်နေရင် မသိသာပေမယ့် လှဲလိုက်ရင် စောင်းလိုက်တော့ ပြန်လျှံကျလာတာမျိုးပါ။ (Regurgitation)
- ပြန်ထွက်တဲ့အစာတွေကြောင့် အစာသီးခြင်း (Choking) ဖြစ်တတ်ပြီး ဒီမှတစ်ဆင့် အစာတွေက အသက်ရှူလမ်းကြောင်းထဲဝင်ပြီး ချောင်းဆိုးခြင်းနဲ့ အဆုတ်ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။
- လူနာဟာ တဖြည်းဖြည်းနဲ့ အစားကိုလျှော့စားလာတဲ့ အခါ ပိန်လာတာ၊ အာဟာရချို့တဲ့လာတာတွေ ဖြစ်လာပါတယ်။
…
…
“ ရောဂါစမ်းသပ်စစ်ဆေးခြင်း”
Achalasia လို့ထင်တဲ့အခါ လူနာကို . . .
- Barium swallow လို့ခေါ်တဲ့ ဆေးရည်မျိုပြီး ဓာတ်မှန်ရိုက်ခြင်း လုပ်ဆောင်နိုင်ပါတယ်။ ပုံမှန်မျိုချလိုက်ရင် အစာအိမ်ထဲကို တောက်လျှောက်ကျသွားရမှာ ဖြစ်ပေမယ့် အစာရေမျိုပြွန်ဟာ ဆေးရည်တွေစုပြီး ဖောင်းနေတာကို တွေ့နိုင်ပါတယ်။
- Esophageal manometry လို့ခေါ်တဲ့ အစာရေမျိုလှိုင်းတွေကိုကြည့်တဲ့ စစ်ဆေးမှု လုပ်လို့ရပါတယ်။ ဒါကတော့ မြို့ကြီးတွေမှာပဲ ရပါမယ်။
- Endoscopy ခေါ် အစာအိမ်မှန်ပြောင်းကိုတော့ အခြားအစာနင်ခြင်းတွေနဲ့ခွဲခြားဖို့ လိုအပ်ရင် ကြည့်ရလေ့ရှိပါတယ်။
…
…
“ ရောဂါရဲ့ နောက်ဆက်တွဲအန္တရာယ်များ”
- အပေါ်မှာပြောခဲ့တဲ့အတိုင်း လူနာဟာ အစာစားရခက်ခြင်းတွေကြောင့် အစာမစားတော့တဲ့အခါ၊ အစာတွေက အောက်မဆင်းလို့ ချေဖျက်စုပ်ယူခြင်း မလုပ်နိုင်တော့တဲ့အခါ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ အာဟာရချို့တဲ့ခြင်းတွေ ဖြစ်လာပါမယ်။ အစာသီးခြင်းကြောင့် အဆုတ်ရောင်နမိုးနီးယား ခဏခဏ ဖြစ်နိုင်ပါတယ်။
- Megaesophagus – အစာရေမျိုပြွန်ထဲ အစာတွေ တဖြည်းဖြည်းစုမိလာတဲ့အခါ အစာရေမျိုပြွန်ဟာ အိတ်တစ်ခုလို တဖြည်းဖြည်းကြီးလာပြီး အနီးအနားက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ဖိမိတာမျိုး၊ အစာရေမျိုပြွန်ဟာ ဆက်ကြီးလို့မရတော့တဲ့အခါ ပြဲထွက်ပေါက်ထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
- အစာရေမျိုပြွန်ကင်ဆာဖြစ်ခြင်း – ဒီရောဂါရှိသူတွေဟာ သာမန်ထက် အစာရေမျိုပြွန်ကင်ဆာ ပိုဖြစ်နိုင်ခြေ ပိုရှိပါတယ်။ ရောဂါကုသပြီးသည့်တိုင် ဆရာဝန် ရက်ချိန်းတွေကို သေချာမှန်မှန်ပြသသင့်ပါတယ်။
…
…
“ ဘယ်လိုကုသရမလဲ”
(၁) ဆေးဝါးများနဲ့ ကုသခြင်း
အစာရေမျိုပြွန်ရဲ့ တောင့်တင်းနေတဲ့နေရာတွေကို ပြေလျော့သွားပြီး အစာဆင်းအောင် Nitrates နဲ့ Calcium channel blockers သောက်ဆေးတွေ ပေးလို့ရပါတယ်။ ဒီဆေးတွေက နှလုံးနဲ့သွေးတိုးမှာ အဓိကသုံးပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်က အစာရေမျိုကြွက်သားတွေကို ပြေလျော့စေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်းတွေတော့ ဖြစ်နိုင်ပါတယ်။ ဒီအပြင် လူနာတွေရဲ့ ၁၀ % ခန့်မှာသာ သောက်ဆေးများကြောင့် သက်သာတာတွေ့ရပါတယ်။
.
(၂) Balloon dilatation (အစာရေမျိုပြွန်ချဲ့ခြင်း)
အစာအိမ်မှန်ပြောင်းကြည့်ရင်း အစာရေမျိုပြွန်ရဲ့ တောင့်ပြီးကျဉ်းနေတဲ့အပိုင်းကို ချဲ့ပေးတဲ့ကုသမှုပါ။ လူနာ ၁၀၀ မှာ ၆၀ လောက်က ဒီလိုလုပ်ပြီးရင် ခံစားရတာတွေ သက်သာသွားတတ်ပါတယ်။ တစ်ကြိမ်ထက်ပိုပြီး ပြုလုပ်ဖို့လိုတတ်ပြီး ပြန်ဖြစ်ရင် ပြန်လုပ်ရတတ်ပါတယ်။ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာရေမျိုပြွန်ပေါက်ပြဲခြင်း ဖြစ်နိုင်တာမို့ မလုပ်ခင် ဆရာဝန်တွေက သေချာရှင်းပြကြလေ့ရှိပါတယ်။
.
(၃) Botox ထိုးခြင်း
မှန်ပြောင်းကြည့်ရင်း အစာရေမျိုပြွန်ရဲ့ တင်းပြီးကျုံ့နေတဲ့အပိုင်းကို Botulinum toxin ဆေးထိုးထည့်ပြီး ပြေလျော့စေနည်းပါ။ လအနည်းငယ်ခန့်သာ သက်သာစေပါတယ်။
(အပေါ်ကနည်းလမ်းတွေက ရောဂါကိုအရှင်းကုတာထက် ဝေဒနာကိုသက်သာစေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်)
.
(၄) မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Perioral endoscopic myotomy or POEM)
မှန်ပြောင်းကြည့်ရင်း ကြွက်သားမျှင်အချို့ကို ဖြတ်တောက်ပေးတဲ့ ကုသမှုပါ။ ဒါကတော့ ရောဂါပျောက်ကင်းနိုင်တဲ့ကုသမှု ဖြစ်ပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဌာနတွေမှာပဲ လုပ်နိုင်ပါတယ်။
.
(၅) ခွဲစိတ်ကုသခြင်း (Heller myotomy)
အစာရေမျိုပြွန်က ကြွက်သားမျှင်တွေကို ခွဲစိတ်ဆရာဝန်က ဖြတ်တောက်ကုသမှုလုပ်ခြင်း ဖြစ်ပါတယ်။ ရောဂါပျောက်ကင်းနိုင်တဲ့ ကုသမှုပါ။
(ဒီလို ခွဲစိတ်ကုသမှုတွေက ရောဂါပျောက်ကင်းနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာရေမျိုပြွန် ပုံမှန်ထက် အနည်းငယ်ကျယ်သွားတတ်တာကြောင့် အစာချဉ်ပြန်ခြင်း Acid reflux ဖြစ်စေတတ်ပါတယ်)
ဒါကြောင့် ခွဲစိတ်ကုသပြီးနောက် ရင်ပူခြင်းလက္ခဏာတွေကို လျှော့ချဖို့အတွက် အစားအစာကို ကောင်းစွာဝါးပြီး စားပါ။ စားပြီး ချက်ချင်း လှဲမအိပ်ရပါ။ အိပ်ရင် ခေါင်းအုံးအမြင့်နဲ့ အိပ်ပါ။ အိပ်ရာဝင်ချိန်နဲ့ အစာစားချိန်ကို သုံးနာရီခန့် ခွာစားပါ။ ခံစားရတဲ့ဝေဒနာတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ကုသခြင်းတွေ ပြုလုပ်သင့်ပါတယ်။
…
…
အဆုံးသတ်အားဖြင့်ပြောရရင် Achalasia Cardia ရောဂါဟာ ကြောက်စရာတော့ မဟုတ်ပါ။ သေချာကုသမှု ရယူထားရင် ဝေဒနာတွေကို သက်သာစေပါတယ်။
ဆရာဝန်ရက်ချိန်းပုံမှန်ပြသပြီး ညွှန်ကြားချက်တွေကို လိုက်နာခြင်းဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားရင်း….
အားလုံးပဲ
ကိုယ်ရောစိတ်ပါ အမြဲကျန်းမာနိုင်ကြပါစေ…။
💗💗
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference : 📚
https:// gutscharity. org. uk / advice-and-information/conditions/achalasia/
https:// patient. info / doctor/achalasia-pro
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.